တရုတ် လုံခြုံရေး တပ် ဆိုသည် နှင့် မင်းအောင်လှိုင် ၏ အိုင်စီစီ ဖမ်းဝရမ်း

by Hla Soewai - Dec 02 2024

မြန်မာ တို့၏ ခုခံ တွန်းလှန်စစ်သည် တနေ့တခြား ပြင်းထန်လာနေသည်နှင့် အမျှ အလျှား အားဖြင့် မိုင် ၂,၁၀၀ ရှည်လျားသော နယ်စပ် ပိုင်ဆိုင်ထားသည် တရုတ်သည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာပြီး စုစုပေါင်း ဒေါ်လာ ၂၁ ဘီလီယံ တန်ဖိုး ခန့် ရှိလာနိုင်သည့် စီးပွားရေး ရင်းနှီးမြုပ်နှံမှု များ အတွက် စိုးရိမ်လာသည်၊ ၎င်းတို့၏ “ပြည်တွင်းရေး ဝင်မစွက်ရ” ဆိုသော ဝတ်ရုံကြီးသည် လူတိုင်း နှင့် မတော်ဟု ဆုံးဖြတ်လာခဲ့ပြီ ဖြစ်သည်။

 

နောက်တကြောင်းကလည်း လားရှိုးအား MNDAA မှ လက်မြန်ခြေမြန် နှင့် သိမ်းပိုက် နိုင်ခြင်းအပေါ် တရုတ်တို့ အထူး တုန်လှုပ်သွားသည်၊ အဓိက အကြောင်းရင်းသည် တရုတ် မှ ၎င်းတို့ အတွက် useful idiot အဖြစ် သတ်မှတ်ထားသည့် မင်းအောင်လှိုင် အား စစ်တပ် အတွင်း မှ ဖြုတ်ချလာမည့် အရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စိတ်အား တက်ကြွလာပြီး အနောက်အုပ်စုနှင့် နီးစပ် လွန်းသည်ဟု ယူဆထားသော အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် မဟာမိတ် ဖွဲ့သွားမည့် အရေး တို့ ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့က လုံခြုံရေး အတွက် တရုတ် ကြေးစား တပ်များ ဝင်ခွင့် ပေးလိုက်ရခြင်းသည် ၎င်းအတွက် အရှက်ဗြန်းဗြန်း ကွဲ ခံလိုက်ရခြင်း ဖြစ်သည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ဇာခါရီ အဘူဇာ မှ ဂျာမန် သတင်းဌာန DW သို့ ပြောခဲ့သည်။ သို့သော် တရုတ်တပ်များသည် ထောက်လှန်ရေး နှင့် နည်းပညာ ပိုင်း သာ ပံ့ပိုး ပေးမည် မဟုတ် စစ်ဆင်ရေး များ တွင် ပါ ဝင်ပါ နိုင်သည်ဟု သတိပေးလာသည်။ ယင်း နှင့်အတူ တရုတ်-အမေရိကန် ပြိုင်ဆိုင်လာမှု တွင် မြန်မာ သည် ကြားခံ ဖြစ်လာနိုင်သည်။ အမေရိကန် သည် လည်း ၎င်းတို့ အကျိုးစီးပွားကို ထိခိုက်လာနိုင်သဖြင့် မြန်မာ အ‌ရေး ကို ဆက်၍ လျစ်လျူ ရှု ထားနိုင်မည် မဟုတ်တော့။

 

Private Security Company (PSC) ကုမ္ပဏီဟု အမည် တပ်လာသည့် အတွက် ပြည်ပ မှ ဝင်ရောက်စွက်ဖက် သည်ဟု စွပ်စွဲချက်များ ကို လမ်းလွှဲပေး နိုင်သည်ဆို ကာ မဟာဗျူဟာမြောက် လှုပ်ရှားလာခြင်းလည်း ဖြစ်သည်။ တရုတ် အဖို့ မင်းအောင်လှိုင်၏ ဦးဆောင်မှု အပေါ် မည်သို့ မျှ စိတ်ချလက်ချ ထား၍ မဖြစ်တော့ဟု ဆိုကာ နာမည်ပျက်ခံပြီး အတင်း ကြံစည်လာရခြင်း မျိုး ဖြစ်နေသည်။

 

ဖုန်တာရွှင် အား ဖမ်းဆီး လိုက်ခြင်းသည်ပင် လုပ်ငန်း အစပျိုးလာခြင်း ဖြစ်သည် ဟု Geoplolitical Monitor တွင် သုံးသပ်ထားသည်။ တရုတ်တွင် ကမ္ဘာအနှံ့ ၎င်းတို့၏ အကျိုးစီးပွား ကာကွယ်ရန် လုံခြုံရေး ကုမ္ပဏီ အမြောက်အမြား ရှိထားပြီး ဖြစ်သည်။ လက်ရှိ မြန်မာ တွင် လေးခု ရှိနေပြီး ဖြစ်သည်။ တရုတ် လုံခြုံရေး ကုမ္ပဏီ ကြီး များထဲတွင် De Wei Security Group Ltd, Hua Xin China Security, Guan An Security Technology, China Overseas Security Group, and Frontier Services Group တို့ ပါဝင်နေသည်။

 

တရုတ်သည် ရုရှား ၏ ဝဂ္ဂနာ ပုံစံ အတုခိုးလာခြင်း ဖြစ်သည်၊ ဝဂ္ဂနာ သည် အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် ယူကရိန်း တို့ တွင် ရုရှား တို့ ဘူမိ နိုင်ငံရေး ဩဇာ လွှမ်းမိုးရေး အတွက် လွန်စွာ အသုံးတည့်ခဲ့သည်ကို လည်း သိမြင်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင်တော့ တရုတ် ကုမ္ပဏီ များသည် စစ်ရေး တွင် တိုက် ရိုက် ပတ်သက် နေခြင်း မျိုး မရှိကြသေးသည်ကို တွေ့ရသည်။

 

သို့သော် မြန်မာ စစ်တပ် နှင့် လုပ်လာမည် ပုံစံမျိုးက တမူ ထူးခြားနေသည် ဟု ဆိုသည်။ လက်နက်များ တင်သွင်း ပို့ဆောင်ပေး မည့် ကိစ္စမျိုး တာဝန်ယူလာနိုင်ပြီး၊ လက်ရှိ တရုတ် ကုမ္ပဏီများ အပေါ် ကန့်သတ်ထားမှု များ နှင့် မသက်ဆိုင်တော့၍ စစ်တပ် အသွင်မျိုး နှင့် လုပ်ချင်တိုင်း လုပ်လာနိုင်သည့် အခွင့်အရေး ရှိနေသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ကမူ NUG နှင့် တော်လှန်ရေး မဟာမိတ်များကသာ တရုတ် အကျိုးစီးပွားများ မှဲ့တပေါက် မစွန်းအောင် ကာကွယ်ပေးနိုင်သည်ဟု အခိုင်အမာ အာမခံလာခဲ့သည်။

 

လက်ရှိတွင် တရုတ် အစိုးရ သည် မင်းအောင်လှိုင်နှင့် အဖွဲ့ ကို လက်လွတ်စပယ် ထားခဲ့ချင်ပုံမရသေး၊ ၎င်းတို့ လုံခြုံရေး ကုမ္ပဏီ ဆိုသည်ကလည်း မည်သို့သော အနေအထား မျိုး ရောက်စေကာမူ စစ်ကောင်စီ အသက် ဆက် နေနိုင်ရန် အာမခံ စာချုပ် ချုပ်ဆိုသလိုမျိုး ဖြစ်နေသည်။

 

ထိုသို့ အနေအထား တွင် နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာ တရားရုံး တွင် မင်းအောင်လှိုင် အား ဖမ်းဝရမ်း ထုတ်ရန် ရှေ့နေချုပ်မှ တရားသူကြီး သုံးဦး ပါ အဖွဲ့အား ဦးတိုက်လျောက်ထားလိုက်ပြီ ဖြစ်သည်။ ယင်း နှင့် ပတ်သက်၍ မြန်မာ စစ်တပ် တာဝန်ခံမှု ရှိရေး ပရော်ဂျက် Myanmar Accountability Project (MAP) အား ဦးဆောင်နေသူ မြန်မာ ဒီမိုကရေစီ မိတ်ဆွေကြီး ခရစ္စတိုဖာ ဂန်းနက်စ် က ကြိုဆိုလိုက်ပြီး၊ ထိုအမှု အား ကိုင်တွယ်ပေးရန် အမျိုးသား ညီညွတ်ရေး အစိုးရမှ ၂၀၂၁ ကတည်းက အိုင်စီစီအား အပ်နှံခဲ့ပြီး ဖြစ်သည်ဟု ထောက်ပြခဲ့သည်။

 

လက်ရှိ မင်းအောင်လှိုင် သည် ဖမ်းဝရမ်း ထုတ်ခံရရန် ကြိမ်းသေသလောက် ရှိနေပြီ ဖြစ်၍ အာဆီယံ နိုင်ငံ အချို့မှ ၎င်းတို့အကြား တရားခံပြေး တယောက် ရောက်လာမည့် အရေး ကို ရှက်ရွံ့စိုးရိမ်လာကြတော့မည့် အရေး နှင့် ကြုံလာရတော့မည် ဖြစ်သည်။

 

အာဆီယံ သည်လည်း စစ်တပ်၏ အာဏာသိမ်း မှု အား နယူး နော်မယ် အဖြစ် သဘောထား သွားလိုသည့် နိုင်ငံများ၊ လက်ရှိ အနေအထားကို လက်ခံ၍ မဖြစ် ဆန့်ကျင်လိုသည့် နိုင်ငံများ အကြား နှစ်ခြမ်း ကွဲ နေပြီ ဖြစ်သည်။ အာဆီယံ ဥက္ကဌ ရာထူးသည်လည်း အဆိုပါ နှစ်ခြမ်း အကြား လေးကြိမ်တိုင် ဖြတ်သန်းလာခဲ့ပြီ ဖြစ်သော်လည်း မည်သို့မျှ ထူးခြား မလာခဲ့။ လာမည့် နှစ် တွင် ဥက္ကဌ ရာထူး သည် စစ်ကောင်စီ အပေါ် သဘောထား တင်းမာသည့် မလေးရှား လက်ဝယ် ရောက်ရှိလာမည့် အရေး ကို လည်း မည်သူကမျှ စိတ်အား တက်ကြွ ဖွယ် ဖြစ်မလာကြတော့။

 

တဖက်တွင်လည်း နယူး နော်မယ် အဖြစ် ပြန်၍ လက်ခံလိုက်မည်ဆိုက ဒေသတွင်း နှင့် အဖွဲ့ အကြား တရုတ်၏ ဩဇာ သက်ရောက်လာမှု အဖြစ် ယူဆခံရမည် ဖြစ်၍ အာဆီယံ အတွက် သေမင်း ခေါ်သံ ကြီး ဖြစ်လာမည်ဟု စိုးရိမ်မကင်း ဖြစ်နေကြသည်။

 

လက်ရှိ တွင် အမေရိကန် အစိုးရသည် အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟူး အား ဖမ်းဝရမ်း ထုတ်ခဲ့မှု အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သော်လည်း မြန်မာ စစ်ခေါင်းဆောင်များ အား ဂျီနိုဆိုက် ကျုးလွန်သည်ဆိုကာ သတ်မှတ်ထားပြီး ဖြစ်၍ ၎င်းတို့ အပေါ် အရေးယူ နိုင်‌ရေး အိုင်စီစီအား ထောက်ခံသွားမည်ဟု ဆိုလာပြန်သည်။

 

မည်သို့ပင် ဆိုစေ အိုင်စီစီ ၏ အရေးယူလာမှု သည် မြန်မာ ပြည်သူများ အား ၎င်းတို့ နေစဉ် နှင့် အမျှ ရင်ဆိုင် ကြုံတွေ့နေရသော ဒုက္ခသုက္ခများ ကို ကမ္ဘာကြီးက လျစ်လျူ ရှုမနေဟု ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo Credit _ Nikkei Asia Review