ယခု တကြိမ်တွင် တော့ အာဏာရှင် အာဆတ်သည် ရုရှား၊ အီရန် တို့ထံမှ အကူအညီ ကို အားကိုး၍ မရတော့ပေ။
သူပုန် တပ်များ ၂၀၁၂ တွင် သိမ်းယူခဲ့သော အယ်လက်ပို အား ပြန်ရရန် အာဆတ် သည် လေးနှစ်ကျော် တိုက်ယူခဲ့ရသည်။ အာဆတ် လေးနှစ် ကျော် တိုက်ယူခဲ့သော်လည်း ယခု အခါ သူပုန်တပ်များကအယ်လက်ပို မြို့ တခုလုံး နီးပါး ကို လေးရက်ပင် မကြာဘဲ သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။
ဆီရီးယား၏ အရှေ့ မြောက် ဒေသအား အမေရိကန် တို့ ပံ့ပိုးထားသည့် ကပ်ဒ် လက်နက်ကိုင် များ ပါဝင်သည့် ဆီရီးယား ဒီမိုကရက်တစ် တပ် (SDF) က ထိန်းချုပ်ထားပြီး အနောက်မြောက် ခြမ်း ရှိ တစိတ် တပိုင်းကို တူရကီ နှင့် မဟာမိတ် ပြုထားသည့် အဖွဲ့များ၏ လက်တွင် ရောက်ရှိနေသည်။ အာဆတ်သည် နိုင်ငံ၏ ကျန် အစိတ်အပိုင်းများကိုသာ ရုရှား၊ အီရန် တို့ အကူအညီ နှင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။
ယခု အယ်လက်ပို ထိုးစစ်ကြီး အား ဆင်နွှဲလာသည့် အဖွဲ့သည် ယခင် အယ်ကိုင်ဒါ လက်ခွဲ ဟာရတ် တာဟီယာ အယ် ရှန် Hayat Tahrir al-Sham (HTS) အဖွဲ့ ဖြစ်နေသည်။ ထိုအဖွဲ့သည် အယ်ကိုင်ဒါ နှင့် ၂၀၁၇ တွင် လမ်းခွဲလာခဲ့ပြီး ဖြစ်သည်။ ၎င်းတို့နှင့် အတူ တူရကီ မဟာမိတ် ဆီရီးယား နေရှင်နယ် အာမီ လည်း ပူးပေါင်း ပါဝင်ခဲ့သည်။ ယင်းနှင့် အတူ ဆာရာကစ် မြို့ကို ပါ သိမ်းယူ နိုင်ခဲ့၍ နိုင်ငံ တောင် နှင့် မြောက် ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီး အား ဖြတ်တောက်နိုင်ခဲ့၍ အာဆတ် အဖို့ ဒမတ်စကပ်မှ စစ်ကူ မလွှတ်နိုင် ဖြစ်သွားရသည်။
ယခုလို ထိုးစစ်ကြီး စတင်နိုင်ရန် HTS သည် နှစ်ပေါင်း အတန်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ကြသည်။ ၎င်းတို့ နယ်မြေများ အတွင်း စစ်ကောလိပ်ကိုပင် ဖွင့် လှစ်ကာ ပရော်ဖက်ရှင်နယ် တပ်ကြီး ဖြစ်အောင် လေ့ကျင့်ပေးခဲ့ကြသည်။ ထိုးစစ်ကြီး အတွင်း ထောက်လှန်းရေး၊ တိုက်ခိုက်ရေးဖက်တွင် ဒရုန်းများ ကောင်းစွာ အသုံးချ နိုင်လာပြီး အထူး တပ်ဖွဲ့များကို ရှေ့ပြေး အဖြစ် စေလွှတ်ခဲ့သည်။ ၎င်းတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အာဆတ် ရင်ဆိုင်ခဲ့ရသည့် အနုတ်စုတ် ဂုတ်စုတ် အဆင့်မှ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယခု အချိန် သည် ထိုးစစ် ဆင်နွှဲ ရန် အကောင်းဆုံး ဟု တွက်ချက်ကာ ဆောင်ရွက်လာခြင်း လည်း ဖြစ်သည်။ အာဆတ်သည် ၂၀၁၆ တွင် ရုရှား၏ လေကြောင်းပစ်ကူ အားကိုး ရခဲ့သည့်အပြင် လက်ဘနွန်မှ ထောင်ပေါင်းများစွာသော ဟစ်ဘိုလာ တပ်များ ရောက်လာပြီး စစ်ကူ ပေးလာခဲ့သည်။ ထို့ပြင် အီရန် အထောက်အပံ့ ရထားသော ရှီးယိုက် ပြည်သူ့စစ် အဖွဲ့များလည်း ပါလာကြသည်။
ယခုအခါတွင် မည်သည့် အဖွဲ့မှ အာဆတ်အား အကူအညီ မပေးနိုင်ကြတော့၊ ဟစ်ဘိုလာ တပ်များသည် လက်ဘနွန် တွင် အစ္စ ရေး တို့ လက်ချက် ဖြင့် ဒယီးဒယိုင် ဖြစ်နေကြသည်။ ဟစ်ဘိုလာ ခေါင်းဆောင် ပိုင်းသာမက တပ်သား အင်အား ၄,၀၀၀ ခန့် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ အီရန်သည်လည်း အစ္စရေး ၏ လေကြောင်းမှ တိုက်ခိုက်မှု ကြောင့် ၎င်း၏ ထိတ်တန်း တပ်မှုး များ သေဆုံးသွားခဲ့ရသည်။
ရုရှားသည်လည်း ယူကရိန်း ကို ကျုးကျော် ပြီးနောက်တွင် ဆီရီးယား မှ တပ်များ ထောင်ပေါင်းများစွာ ကို ရုတ်သိမ်းသွားခဲ့သည်။ အာဆတ်သည် ရုရှား တို့ တိုက်တွန်းသလို တူရကီ သမ္မတ နှင့် ပြေလည် အောင် လုပ်ဖို့ ငြင်းဆန်နေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။
ရုရှား လေတပ် စခန်းသည် ဆီရီးယား၏ မြေထဲပင် လယ် ကမ်းခြေ ပိုင်း တွင် ရှိနေဆဲဖြစ်ပြီး အယ်လက်ပို အား ဗုံးကြဲ တိုက်ခိုက်ပေးခဲ့သော်လည်း ၂၀၁၅ က ကဲ့သို့ ထိထိရောက်ရောက် အကူအညီ မပေးနိုင်တော့။
ဆီရီးယား စစ်တပ်သည်လည်း နှစ်ပေါင်းများစွာ ကြာအောင် စစ်ပွဲများ နှင့် နပမ်းလုံးနေရခြင်း၊ အကျင့်ပျက် ခြစားမှုများ မှိုလိုပေါက်လာခြင်း၊ စီးပွားရေး ပြိုလဲ လိုက်လာနေမှု များကြောင့် ရွှေကျောင်းပြောင် ပြောင် ဝမ်းခေါင်ခေါင် ဘဝ ရောက်နေပြီ ဖြစ်သည်။ စစ်သားသစ် အဖြစ် ဆွဲသွင်းခံရသူ များသည်လည်း အာဆတ် အစိုးရ အား ကာကွယ်ပေးလိုစိတ် မရှိကြ။ ထို့အတွက် ကြောင့်လည်း အယ်လက်ပို အား ရက် အနည်းငယ် နှင့် လက်လွှတ်ခဲ့ရခြင်းပင် ဖြစ်သည်။
ယခုအခါ ဒမပ်စကပ်အား ကာကွယ်ရန် တိုက်ရည် ခိုက်ရည် အနည်းငယ်သာ ရှိသော အာဆတ် သစ္စာခံသူများ နှင့် ဖြည့်တင်းလာရပြီ ဖြစ်သည်။ လောလောဆယ်တွင် တော့ အာဆတ် အစိုးရသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်ရဖို့ထက် ထပ်ပြီး မပေးရအောင် ကာကွယ်နိုင်ဖို့သာ အာရုံစိုက်လာနေသည်။
အယ်လက်ပို အား လက်လွှတ်ပေးလိုက်ရခြင်းသည် အာဆတ် နှင့် ၎င်း၏ မဟာမိတ်များ အတွက် အရှက်တကွဲ အကျိုးနည်းစရာ ဖြစ်သွားခဲ့ရသည်။ ဟားမာစ် သည် အစ္စရေး အား စတင် တိုက်ခိုက်ခဲ့သည့် ၂၀၂၃ အောက်တိုဘာ ၇ ရက် တွင် အီရန် နှင့် အခြား မဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ အကူအညီ ကို ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အစ္စရေး တို့၏ အထု အထောင်းကို ကျော့ကော့အောင် ခံခဲ့ကြရ၍ အာဆတ်ကို အကူအညီ မပေးနိုင်ကြတော့၍ အာဆတ်သည် ယခုအခါတွင်တော့ အန္တရာယ် အရှိ ဆုံး အနေအထား နှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။
(၂၀၂၄ နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "Syrian rebels sweep into Aleppo in an embarrassing rout for Bashar al-Assad ဆောင်းပါးမှ ကောက် နှုတ် တင်ပြသည်။)