နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံး International Criminal Court (ICC) သည် ရိုဟင်ဂျာ များ အပေါ် ကျူးလွန်သည့် လူမဆန်သော ရာဇဝတ်မှု များ အတွက် ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းသွားမည်ဟု ဗုဒ္ဓဟူး နေ့က ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည် စခန်း တခု တွင် ရောက်ရှိနေသော ရှေ့နေချုပ် ကာရင် ခန်မှ ထုတ်ဖေါ် ပြောဆိုလိုက်သည်။
၎င်းတင်သွင်း မည့် ဖမ်းဝရမ်း ကို လက်မှတ် ထိုးရန် တရားသူကြီး သုံးဦး ပါဝင်သော အဖွဲ့မှ ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ရိုဟင်ဂျာ များ အား နှိပ်ကွပ်ပြီး ဘင်္ဂလားဒေ့ရှ် ဖက်သို့ နှင်ထုတ်ရာတွင် ရာဇဝတ် မှု မကင်းသော ပြစ်မှုများ ကျုးလွန်ခဲ့သည့်ဟု ခိုင်လုံသော အကြောင်းများ ရှိက အတည်ပြုရန် သဘောတူ မည်ဟု သိရသည်။
စကားသွာ စကားလာကို ကြည့်မည်ဆိုက မင်းအောင်လှိုင် တွင် အပြစ်မရှိဟု ဆုံးဖြတ်က ရိုဟင်ဂျာ များသည် ဘင်္ဂလားဒေ့ရှ်တွင် ၎င်းတို့သဘော နှင့် ၎င်းတို့ ဒုက္ခသည် အဖြစ် သွားရောက်ခံယူနေသည့် သဘောမျိုး ဖြစ်သွားနိုင်၍ ဖမ်းဝရမ်း ထုတ်ခံရဖို့ က သေချာ နေပေသည်။
မည်သည့် အချိန်တွင် ထိုသို့ ဆုံးဖြတ်မည် ကို မသိရသေးသော်လည်း ယေဘုယျအားဖြင့် သုံးလ ခန့် ကြာမြင့်တတ်သည်ဟု သိရသည်။
အစ္စရေး ဝန်ကြီးချုပ် ကာကွယ်ရေး ဝန်ကြီး နှင့် ဟားမာစ် စစ်ခေါင်းဆောင် တို့အား ဖမ်းဝရမ်း ထုတ်ရန် ကာရင် ခန်မှ မေလ အတွင်း လျောက်ထားခဲ့သော်လည်း နိုဝင်ဘာ ၂၁ ကျ မှ အတည်ပြု ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထို့အတွက် အစ္စရေး ခေါင်းဆောင် အနေဖြင့် အိုင်စီစီ အဖွဲ့ဝင် မဟုတ်သည့် အမေရိကန်မှ လွဲ၍ အစ္စရေး နှင့် နီးကပ်စွာ ဆက်ဆံနေသော အဖွဲ့ဝင် ၁၂၄ နိုင်ငံသို့ ဖမ်းဆီးခံရမည် စိုး၍ သွားရဲတော့မည် မဟုတ်ပေ။
အိုင်စီစီ ရှေ့နေရုံး မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုလို ဖမ်းဝရမ်း ထုတ်နိုင်ရန် အတွက် ၂၀၁၉ မှ စပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးမှ တင်သွင်းခြင်း ဖြစ်ပြီး နောက်ထပ်လည်း အမှုတွဲ အဖြစ် ပါလာမည့် လူများ ရှိနေသည်ဟု ပါရှိသည်။ ထိုသို့ အပြစ်ရှိသူများ ကို တရားစွဲ နိုင်မှသာ ကမ္ဘာ တဝှမ်း တွင် နေထိုင်သူများ အား နိုင်ငံတကာ ဥပဒေများဖြင့် ၎င်းတို့ အား အကာအကွယ် ပေးနေသည် ဆိုသည်ကို သက်သေပြရာ ရောက်မည်ဟု ရှေ့နေချုပ်က ဆိုသည်။
အိုင်စီစီ မှ ၎င်းအား စုံစမ်းစစ်ဆေးရန် ၂၀၁၉ ကတည်းက ရံပုံငွေ အမြောက်အမြား အကုန်အကျ ခံကာ ခွင့်ပြုထားပြီး ဖြစ်၍ တွေ့ရှိချက်များ အပေါ် အခြေခံ၍ ဖမ်းဝရမ်း ထုတ်ရန် တင်ပြလာမှု အပေါ် သဘောတူ ဖို့က ရာနှုန်းပြည့် နီးပါး သေချာနေပြီ ဖြစ်သည်။
ရိုဟင်ဂျာ အရေးသည် ငြင်းမရ အောင် သက်သေ အထောက်အထား အပြည့်အဝ ရှိထားပြီး ဖြစ်၍ အရင်ဦးဆုံး ခေါင်းစဉ်တပ် စွဲချက် တင်လာခြင်းလည်း ဖြစ်သည်။
မြန်မာသည် အိုင်စီစီ တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ မဟုတ်သော်လည်း တရားသူကြီးများ၏ ၂၀၁၈ နှင့် ၂၀၁၉ စီရင်ချက်များ တွင် အဖွဲ့ဝင် ဖြစ်သည့် ဘင်္ဂလား ဒေ့ရှ် နှင့် တစိတ်တပိုင်း ဆက်စပ် နေ၍ နယ်ခြား ဖြတ်ကျော် ကျုးလွန်မှု များ အတွက် စွဲချက် တင်နိုင်ခွင့် ရှိသည်ဟု ဖေါ်ပြထားပြီး ဖြစ်သည်။
အသက် ၆၈ နှစ်ရှိ မင်း အောင် လှိုင် သည် မြန်မာပြည် ရှိ အုပ်ချုပ်ရေး အဖွဲ့မှ ပထမဆုံးအကြိမ် ဖမ်းဝရမ်း ထုတ်ခံရမည့် အဆင့် အမြင့်ဆုံး ပုဂ္ဂိုလိ ဖြစ်လာပေသည်။
မင်းအောင်လှိုင်အား နိုင်ငံတွင်း ဝင် အဖမ်းခံရမည့် အန္တရာယ် မရှိသော်လည်း ဝါဒ ဖြန့်ချီရေး ကို အားပြု အသက်ရှင်နေရသူ ဖြစ်သည့် အတွက် အကြီးအကျယ် အရှိုက်ထိုးခံရဖို့ ရှိနေသည်၊ ဥပမာ မင်းအောင်လှိုင်သည် တံတား ဖွင့်ပွဲ အခမ်းအနား တက်ရောက်နေပုံကို ၎င်းတို့၏ မီဒီယာ များ တွင် အကြီးအကျယ် ဖေါ်ပြ နေသော်လည်း ပြည်သူ များ၏ စိတ်ထဲတွင် နိုင်ငံတကာ တရားရုံးက အလိုရှိနေသည့် တရားခံ ပြေး အဖြစ် မြင်လာကြမည်သာ ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့က မြန်မာသည် အိုင်စီစီ အဖွဲ့ဝင် မဟုတ်၍ ၎င်းတို့၏ ကြေညာချက် ကို အသိအမှတ် မပြုဟု တုန့်ပြန်လာခဲ့သည်။
တရုတ်သည်လည်း ထိုကိစ္စ ကြောင့် ၎င်းနှင့် တွေဖို့ အရေး သံတမန်ရေးအရ ဂယက်ရိုက်ခံရမည်လား ဆိုသည်ကို နှစ်ကြိမ် သုံးကြိမ် ခန့် ပြန်၍ သုံးသပ်လာရဖို့ ရှိလာသည်။
အိုင်စီစီ အား လက်မှတ်ထိုးထားသော နိုင်ငံများ အဖို့က ၎င်းအား နိုင်ငံ ပြင်ပ တွင် တွေ့က ဖမ်းဆီး လွှဲပြောင်း ပေးရန် တာဝန် ရှိနေသည်။ သို့သော် တရုတ်နှင့် ရုရှား သည် အိုင်စီစီ အဖွဲ့ဝင် မဟုတ်၍ ၎င်းအား ဖမ်းဆီးပေးရန် တာဝန် မရှိ ဖြစ်နေသည်။ သို့သော် ကုလ လုံခြုံရေး ကောင်စီ မှ မင်းအောင်လှိုင် နှင့် အဖွဲအား အရေးယူရန် အိုင်စီစီ သို့ လွှဲပြောင်း ပေးလာသည့် အခါတွင်တော့ ကုလ အဖွဲ့ဝင် နိုင်ငံ တိုင်း ဖမ်းဆီးပေးရန် တာဝန် ရှိလာပြီ ဖြစ်သည်။
ပြည်ပ သတင်း တပုဒ် တွင် မူ ရှားပါးမြေသား သတ္တုများ ထွက်ရှိသော ဒေသအား ကချင် လွတ်လပ်ရေး တပ်ဖွဲ့က သိမ်းပိုက်ပြီး ရက်အနည်းငယ် အကြာ ယခုလို ဖမ်းဝရမ်း ထုတ်မည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆက်စပ် ဖေါ်ပြထားသည်။
သမ္မတ ဖြစ်ရန် ရည်မှန်းထားသူသည် နိုင်ငံတကာက အလိုရှိနေသော တရားခံပြေး ဖြစ်နေသော နိုင်ငံ သည် ယုံကြည် စိတ်ချရမှု မရှိသဖြင့် ဂုဏ်သိက္ခာ ဖြင့် ရပ်တည်နေသော မည်သည့် ကုမ္ပဏီကမျှ ရင်းနှီး မြုပ်နှံရဲကြမည် မဟုတ်ပေ။ ယခုပင်လျင် ၎င်းတို့ ထုတ်ပြန်သော စာရင်းများအရ အာဏာ သိမ်းပြီး ကာလ အတွင်း ရင်းနှီး မြုပ်နှံ မှု များ ထိုးကျလာရာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တခုလုံး ဒေါ်လာ ၂၂၆ သန်းသာ ရှိတော့သည်ဟု သိရသည်။
စစ်ကောင်စီ အဖို့ ၎င်းတို့ အပေါ် နိုင်ကွက်ရထားသော တရုတ် နှင့် ရုရှား တို့၏ အချောင်နှိုက်လာမည်ကိုသာ ခွင့်ပြုရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!