TNLA သဘောထား ပျော့ပြောင်းလာ

by Hla Soewai - Dec 02 2024

စစ်တပ်၏ ဗုံးကြဲ တိုက်ခိုက်နေမှု များ အလုပ်ဖြစ်လာပုံ ရသည့် လက္ခဏာ တရပ် အဖြစ် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ် မှ ပြောခွင့်ရ မှ စစ်ရေး ပဋိပက္ခများ အဆုံးသတ်ရန် ဆွေးနွေးဖို့ အသင့် ရှိ ကြောင်း ထုတ်ဖေါ် ပြောဆိုလာသည်။

 

နေ့စဉ် လိုလို တိုက်ပွဲများ ဖြစ်ပွားလာနေမှု ကြောင့် မိမိတို့ ဒေသတွင်းရှိ လူထု ဒုက္ခသုက္ခများ ကြုံလာနေရသည်ဟု ဆိုသည်။ သို့သော် မိမိတို့၏ ခုခံ ပိုင်ခွင့် ကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

 

TNLA ပြောခွင့်ရ ဗိုလ်ချုပ် တာဘုန်းကျော် မှ "‌ဆွေးနွေးမည် ဆိုသော်လည်း မိမိတို့ နယ်မြေများကို လက်လွှတ် ခံမည် မဟုတ်" ဟု AFP သတင်းဌာနကို အသိပေးခဲ့သည်။

 

ထိုသို့သော စကား အသွားအလာ များကို ထောက်က အင်အား ၇,၀၀၀ ခန့်ရှိ TNLA သည် တရုတ်ထက် ‌၎င်းတို့ ဒေသခံ များ ၏ ဖိအားကို လိုက်လျော ပြလိုက်ပုံရသည်ဟု ယူဆ၍ ရနေသည်။ တောင်ခမ်း ကို သိမ်းနိုင်ရေး ကို လည်း လက်လျော့လိုက်ပုံရသည်။

 

လက်ရှိတွင် မန္တလေး PDF များက မန္တလေး ကို သိမ်းယူရန် စီမံချက် ရေးဆွဲနေချိန်လည်း ဖြစ်သည်။ မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်း တလျောက် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

 

စစ်တပ်ဖက်ကလည်း လောလောဆယ် တွင် ပြင်ဦးလွင် ဖက်ခြမ်း မှ ထိုးဖောက်လာမည့် ရန် အေးသွား လောက်သည် ဆိုပြီး ၎င်းတို့ ကမ်းလှမ်းလာသော ငြိမ်းချမ်းရေးကို စိတ်ဝင်စားကောင်း စိတ်ဝင်စား နိုင်သည်။

 

အမေရိကန် တွင် တရုတ် ဆန့်ကျင်ရေး အား ဇောက်ချ လုပ်ရန် အရိပ်အယောင် ပြလာသည့် ထရန့် အစိုးရ တက်လာတော့မည် ဖြစ်သည်၊ အစိုးရသစ်သည် ညီနောင် သုံးဖေါ် အဖွဲ့အား တရုတ် ဩဇာခံများ အဖြစ် ဆက်ဆံသွားမည်ဟု ယုံကြည်ရသဖြင့် ကြားညပ်သွားနိုင်သည်ဟု TNLA အနေဖြင့် ယူဆကောင်း ယူဆ နိုင်ပေသည်။

 

မည်သို့ပင် ဖြစ်စေ TNLA ၏ ငြိမ်းချမ်းရေး ဆိုသည်က တရုတ် သဘောကျ ယုံ သက်သက်လား ဆိုသည်ကို တော့ စောင့်ကြည့်ရမည် သာ ဖြစ်သည်။

 

ကချင် လွတ်လပ်ရေး တပ်တော်၏ ကန်ပိုင်တည် မြို့ သိမ်းတိုက်ပွဲ အတွင်း ကစင့်ကလျား ဖြင့် တရုတ်နိုင်ငံထဲ ထွက်ပြေး ဝင်ရောက်သွားသော စစ်ကောင်စီ တပ်သား ၃၀၂ ဦးအား တရုတ် စစ်တပ် မှ အရာရှိများက မန်ဝိန် နယ်ခြားဂိတ် တွင် မြန်မာ ဖက်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့သည် ဟု သိရသည်။

 

နိုင်ငံ တနိုင်ငံ ၏ စစ်တပ် မှ တပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာ ရှိစွာဖြင့် လက်နက်ချရမည့် အစား ထိုသို့ ထွက်ပြေးနေရမှု သည် လွန်စွာမှပင် ရှက်စရာ ကောင်းနေရသည်။

 

ကေအိုင်အေ သည် ကန်ပိုင်တည် မှ သိမ်းဆည်း ရမိသော လက်နက် ခဲယမ်းများကို လိုင်ဇာ ဌာနချုပ်သို့ ရွှေ့ပြောင်းပေးနေပြီ ဖြစ်သည်။

 

ဘီဂျင်းသည်လည်း နယ်ခြားဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကေအိုင်အေ နှင့်သာ ဆွေးနွေးရဖို့ ရှိနေသည်။

 

ယခု အချိန်အထိ တရုတ် လုံခြုံရေး တပ်များ မြန်မာ နိုင်ငံထဲ ဝင်ရောက်ရန် ခြေလှမ်းပြင်နေမှု အား နိုင်ငံတကာ မှ မည်သို့မျှ ထင်မြင်ချက် မပေးသေးသည်ကို တွေ့ရသည်၊ တရုတ် ၏ ပိုက်လိုင်းများ အပါအဝင် အကျိုးစီးပွားများ ကာကွယ်ပေးရန်ပင် အားကိုးမရတော့သည့် အဖြစ်သည် တကယ်တမ်းတွင် မင်းအောင်လှိုင် အတွက် သိက္ခာ ကျဆင်းစေမည် ဖြစ်သဖြင့် အကောင်အထည် ဖေါ်မဖေါ် စောင့်ကြည့်နေကြခြင်းလည်း ဖြစ်နိုင်သည်။

 

ကြံ့ဖွတ် ခေါင်းဆောင် ခင်ရီသည် ကမ္ဘောဒီယား သို့ သွားပြီး တသက်လုံး နည်းမျိုးစုံ ဖြင့် မဲလိမ်စားနေသော အာဏာရပါတီ ကြီးအား ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲ အား လာရောက် စောင့်ကြည့်ပေးပါရန် သွားရောက် ပင့်ဖိတ်ခဲ့သည်။ ရွေးကောက်ပွဲ ဝင်မည့် ပါတီ ခေါင်းဆောင် တ‌ဦး မှ ထိုသို့ လုပ်ပိုင်ခွင့် ရှိပါ၏ လော၊ ၎င်း ပင့်ဖိတ်၍ ရောက်လာသူများကလည်း သမာသမတ် ရှိပါဦးမည်လော၊ မည်သို့ပင် ဆိုစေ စစ်ကောင်စီ ဒိုင်ကိုင်မည့် ဖဲသုံးချပ် ဝိုင်းတွင် ဒလန် ခင်ရီ ကတော့ ကြိုက်ထိုး ကြိုက်ရော် လုပ်ပြနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!