ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(16)

by Hla Soewai - Dec 02 2024

ထိုသို့ အုပ်စုငယ်လေး ဖွဲ့ပြီး ကွန်မြူနစ် စာပေများ လေ့လာရန် အကြံပြုလာခဲ့သူ သည် မန်းပင် ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းလာသော ကလပ်စီး ထဲတွင် ကျွန်တော်၊ မန်း နှင့် အခြား အတန်းဖေါ် တဦး ပေါင်း သုံးဦးသာ ရှိသည်။ မန်းသည် ခေါင်းဆောင် နေရာယူလာပြီး ကျွန်တော်တို့အား တော်လှန်ရေး နှင့် ဆိုင်သည့် ဂန္တဝင်စာပေများ ဖတ်ရှု‌ စေခြင်း နှင့် ပါတီ သဘောတရားရေးရာပိုင်း၏ ရေသောက်မြစ်များ ကို သင်ကြားပေးခဲ့သည်။

 

မန်းသည် အခြား ကလပ်စီး တခုတွင် အငယ်တန်း အဖွဲ့ဝင် တဦး အဖြစ် ပါဝင်နေမှန်း ကျွန်တော် သိထားသည်။ သူနှင့် အတူ မည်သူတွေ ပါနေသည် ဆိုသည်ကိုတော့ ကျွန်တော် မသိပေ။ လျို့ဝှက် တတ်မှု နှင့် အင်္ဂါစဉ် အတိုင်း ရပ်တည်နေမှုသည် တော်လှန်ရေး၏ သော့ချက်လည်း ဖြစ်သည်။ ထိုအတိုင်းလည်း မန်းက ကျွန်တော်ကို ပြောပြခဲ့ဖူးသည်။

 

ထို့ကြောင့်လည်း သူ့ထက် ပို၍ ခံယူချက် ပြင်းထန်သည့် လူများ နှင့် ဖွဲ့စည်းထားသော ကော်မတီ တခု သူ့ အထက်တွင် ရှိနေခြင်း ဖြစ်သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ကျွန်တော်တို့သည် အန်ကယ် ဟို နှင့် အသက်ရှင် နေစဉ် ကာလ အတွင်း တွေ့ခွင့်ရမည်ဟု ယူဆခဲ့သည်။ အန်ကယ်ဟိုသည် ဝါဒ ရေးရာ နှင့် ပတ်သက်၍ ခံယူချက် အပြင်းဆုံးလည်း ဖြစ်သည်။ အမြဲလိုပင် "အမှီအခို ကင်းကင်း နှင့် လွတ်လပ်စွာ နေထိုင်သွားနိုင်ရေး ထက် ပို၍ တန်ဖိုး ထားရမည့်အရာဟူ၍ မရှိ" ဟု အားနှင့် မာန်နှင့် ပြတ်ပြတ်သားသား ပြောဆိုတတ်သူ လည်း ဖြစ်သည်။ ကျွန်တော်တို့ အသက်စွန့်ရန် ဝန်မလေး စေခဲ့သည့် စကားများလည်း ဖြစ်သည်။

 

ထိုကဲ့သို့ သော စကားလုံးများ၊ လေ့လာ‌ ရေး အဖွဲ့အတွင်း အလေးအနက် ပြောဆို ဆွေးနွေးချက်များ၊ ကော်မတီ၊ ပါတီ အစရှိသည် တို့ အားလုံးသည် မန်း အတွက် နားဝင်ချိုစေခဲ့သည် ချည်းသာ ဖြစ်သည်။

 

မန်းသည် သူ၏ အဖိုး ဖြစ်သူ နှင့် ညီအကို တော်စပ်သူ ၏ သွေး ပါလာခဲ့ခြင်း ဖြစ်မည်၊ ၎င်း၏ အဖိုးလေးသည် ပထမ ကမ္ဘာစစ် အတွင်း စစ်မှုထမ်းရန် ပြင်သစ် တို့၏ အတင်းအကျပ် ခေါ်ဆောင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ သူသည် သင်္ချိုင်း အတွင်း မြေကျင်းတူးရသူလည်း ဖြစ်၍ လူဖြူများ ကိုယ်လုံးတီး နှင့် သေကြေ နေကြသည့် အဖြစ်သည် သူ့၏ စိတ်အား လှုပ်ရှားလာအောင် ဖြစ်မလာခဲ့ဟု အဖိုးလေး ပြောခဲ့သည်များကို မန်းက ကျွန်တော့်အား ပြန်ပြောပြခဲ့သည်။

 

အဖိုးလေးသည် ၎င်းတို့၏ ပန်း‌ ရောင် သန်းနေသည့် ချွဲကျိကျိ ကလီစာများကို လက်နှင့် နှိုက်ထုတ်ပြီး အားလပ်သည့် အချိန်များတွင် စစ်ဆေးကြည့်တတ်သည်။ ဦးနှောက်များ ကြက်ဥမွှေကြော်လို ဖြစ်နေသည်ကို တွေ့သည့် အခါတွင်တော့ အော်ဂလီဆန်ပြီး ထိုးအန် ပစ်တတ်သည်။

 

အဖိုးလေး မြေမြုပ်ပေးခဲ့ရသူ များ ထောင်ပေါင်းများစွာ ရှိနေပြီး၊ လူငယ်လေးများသည်လည်း ပင့်ကူ လို နိုင်ငံရေး သမားများ ယက်လုပ်ထားသည့် ပင့်ကူမျဉ်တန်းကဲ့သို့သော ထောပနာပြု ချီးကြူးစကားများ ဖြင့် ရုန်းမထွက် နိုင်အောင် ချည်နှောင် ခံခဲ့ကြရသည်။ ယင်းနှင့် အတူ ပြင်သစ် တို့သည် အကောင်းဆုံးများကို ၎င်းတို့ နိုင်ငံ အတွက် သိမ်းထားသည့် အဖြစ်ကို သူ၏ အသိစိတ်၏ သွေးကြောမျဉ်များထဲ တဖြေးဖြေး စိမ့်ဝင်လာသည်အထိ နားလည် လာခဲ့သည်။ သာမညောင်ည သမားများကိုသာ အင်ဒိုချိုင်းနား သို့ စေလွှတ်ခဲ့ကြသည်။ ဤသို့ဖြင့် ကိုလိုနီ ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရားအား ကျောင်းဝင်း အတွင်း အနိုင်ကျင့် ဗိုလ်ကျရန်လောက်သာ သိထားသည့် လူများ၊ စစ်တုရင် ကလပ် တွင်ပင် အံဝင်ဂွင်ကျ မဖြစ်သူများ၊ မွေးလာကတည်းက စာရင်းကိုင် အတတ်ကိုသာ တတ်ကျွမ်းခဲ့သူများ၊ လူတော မတိုး တွန့်ဆုပ် တွန့်ဆုပ် ဖြစ်နေသူများနှင့် မောင်းနှင်လာခဲ့သည်။ ၎င်းတို့ နေထိုင်ရာ ဒေသတွင် ရောက်နေ‌ သော လူများသည် ဘဝ တွင် အရေးနိမ့်နေသည့် အပယ်ခံများသာ ဖြစ်သည်ကို အဖိုး‌ လေး တယောက် သိမြင်ခွင့် ရခဲ့သည်။

 

ထိုသို့သော လူမျိုးများက မိမိတို့ မြေပေါ်လာပြီး ၎င်းတို့ကိုယ် ၎င်းတို့ ဘုရားငယ် များ သဖွယ် ယူဆကာ ဆရာလုပ်နေကြသည့် အဖြစ်ကို အဖိုးလေးသည် မခံမရပ်နိုင် ဖြစ်လာခဲ့သည်။ အဖိုးလေး ၏ တဖက်စွန်း ရောက် ကိုလိုနီ ဆန့်ကျင်ရေး အယူအဆသည် ပြင်သစ်သူနာပြု တဦးနှင့် ချစ်ကြိုက်လာသည့် အခါတွင်တော့ ပို၍ အားကောင်းလာခဲ့သည်။ သူနာပြု ဆရာမ သည် ထရော်စကီး ဂိုဏ်းသားတဦး ဖြစ်ပြီး အဖိုးလေးအား ပြင်စစ် ကွန်မြူနစ် ပါတီထဲဝင်ရန် စည်းရုံးလာခဲ့သည်။ ပြင်သစ် ကွန်မြူနစ် တို့သည် သာ အင်ဒိုချိုင်းနား ပြဿနာ ကို သင့်တင့်လျောက်ပတ်စွာ အဖြေရှာပေးနိုင်မည့် အဖွဲ့အစည်းဟုလည်း ပြောလာခဲ့သည်။ 

 

အဖိုးလေးသည် ချစ်သူ အတွက် ခါးသီးလှ‌ သော အဝေးရောက် ဘဝ တွင် သူ့ကိုယ်သူ နစ်မြုပ်ခံလိုက်ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦး တွင် သမီးတယောက် ထွန်းကားလာခဲ့သည်။ မန်းသည် ကျွန်တော်အား စာရွက် အပိုင်းအစ တခု ကမ်းပေးရင်း အဖိုးလေး၏ သမီး၊ သူ၏ အဒေါ်သည် ပြင်သစ်တွင် ရှိနေဆဲဟု ကျွန်တော့်အား တိုးတိုးလေး ကပ်ပြောခဲ့သည်။

 

စာရွက်ပေါ်တွင် သူမ၏ အမည် နှင့် ပဲရစ် မြို့ရှိ ဆယ်သုံး ရပ်ကွက် ရှိ လိပ်စာ ‌ကို ရေးထားသည်။ သူမသည် ကွန်မြူနစ် ပါတီသို့ တခါဖူးမျှ ဝင်ရောက်ခဲ့ဖူးသူ မဟုတ်၍ စောင့်ကြည့်ခံရဖို့ မရှိ၊ ကျွန်တော် သည် အမေရိကန်မှ မန်းထံသို့ စာဖြင့် အဆက်အသွယ် လုပ်ဖို့ လိုလျင် သူမ က ကြားကနေ လုပ်ပေး၍ရသည်၊ သူမသည် အပ်ချုပ် ပြီး အသက်မွေး နေသူ ဖြစ်ပြီး ကြောင်ကြီး သုံးကောင် လည်း မွေးထားသည်။ အခြား ဘာမျှ သံသယ ဖြစ်လောက်သည့် အကြောင်းခြင်းရာ မျိုး ရှိမထားသူ ဖြစ်၍ သူမ ထံ စာ ‌ပို့ ထား၍ ရသည် ဟု မန်းက ပြောလာသည်။

 

မန်း ပေးသည့် စာရွက် အပိုင်းအစ လေးကို ကိုင်ထားရင်းက ကျွန်တော် စိတ်ထဲတွင် တွေးထားသည့် ရုပ်ရှင်ဆန်ဆန် ပြကွက်များ အလျိုလျို ပေါ်လာခဲ့သည်။ ပထမ တကွက်က ကျွန်တော်သည် ကလော့ဒ် စီစဉ် ပေးထားသော လေယာဉ် ပေါ် တက်ရန် ငြင်းဆန်နေ၍ ဗိုလ်ချုပ်ကြီး သည် သူနှင့် အတူ လိုက်ခဲ့ရန် တတွတ်တွတ် ပြောနေသည်။ ကျွန်တော်က နေခဲ့ချင်တယ်၊ ပွဲက ပြီးသလောက် ဖြစ်သွားပြီဟု ပြောသည်။ မန်းက လက်ကို နောက်ပစ်လိုက်ရင်း သက်ပြင်းတချက် ကို ချလိုက်ပြီး "ပြီးသလောက် ဖြစ်သွားပြီ..ဟုတ်လား၊ မောင်ရင်ရဲ့ ဗိုလ်ချုပ်ကြီး တယောက်တည်း ဆက်တိုက်ဖို့ စီစဉ်နေတာ မဟုတ်ဘူး၊ စစ်သားဟောင်းတွေ သူ့အလိုလို ပျောက်သွားမှာ မဟုတ်ဘူး၊ စစ် ဖြစ်နေတာ ကြာလှပြီ ဆိုတော့ သူတို့အတွက် ရပ်ဆိုတာနဲ့ အလွယ်တကူ ရပ်လို့ ရတာမျိုး မဟုတ်ဘူး။ ငါတို့ဖက်က သူတို့ အားလုံးကို စောင့်ကြည့်‌နေဖို့ တယောက်ယောက် ရှိဖို့ လိုတယ်။ ဒါမှလည်း ငါတို့ကို ပြဿနာ ကြီးကြီး ပေးလာလို့ မရမှာ"

 

"ကျွန် တော် လိုက်မသွားဘူး ဆိုရင်ကော ဘာဖြစ်မယ် ထင်လဲ"

 

မန်းသည် သူ့မျက်လုံး အစုံကို လက်ဝါးကပ်တိုင် ပေါ်ရှိ ယေရှူ ခရစ် ၏ ရုပ်ထု ရှိရာ မော့ကြည့် လိုက်ရင်း ဖြူဖွေးသော သွားများ ပေါ်အောင် ပြုံးလိုက်သည်။ မောင်ရင် အနေနဲ့ ဒီမှာ ထက် ဟိုမှာ လိုက်နေတာက ပိုပြီး အသုံးတည့်တယ်၊ မောင်ရင် မလုပ်ချင်ရင်တောင်မှ ဘွန် အတွက် လုပ်ပေးပါ၊ ငါတို့ မသွားဖူး ဆိုရင် သူ လည်း သွားမှာ မဟုတ်ဘူး၊ ပြောသာ ပြောနေရတာ၊ မောင်ရင်လည်း သွားချင်နေတာ မဟုတ်လား၊ ဝန်ခံ လိုက်စမ်းပါလေ။

 

ကျွန်တော် အဖို့ သူ ပြောသလို အမေရိကား ကို သွားချင်သည်ဟု ဝန်ခံကော ဝန်ခံရဲ ရဲ့လား။ ဆူပါမားကက်များ၊ အဝေးပြေး လမ်းမကြီးများ၊ အသံထက် မြန်တဲ့ ဂျက်လေယာဉ်များ၊ လေယာဉ်တင် သင်္ဘောကြီးများ၊ ‌ဆူပါ ဘိုး များ ရှိနေသည့် အမေရိကား၊ နိုင်ငံ မွေးဖွားလာစဉ် ကတည်းက ပါလာသည့် အမည်နှင့် မတင်းတိမ်နိုင်ပဲ ထူးဆန်းလှသည့် အင်္ဂလိပ် စကားလုံး သုံးလုံး၏ ရှေ့အက္ခရာ များ စုစည်းပြီး အစဉ်လိုက် ခေါ် ဆိုရန် တောင်းဆိုခဲ့သော နိုင်ငံ၊ နောက်ပိုင်းတွင် ဆိုဗီယက်က USSR ဆိုသည့် အမည် လေးလုံးဖြင့် အနိုင်ယူခြင်း ခံခဲ့ရသည်။

 

နိုင်ငံတိုင်း တနည်းမဟုတ် တနည်း အခြားနိုင်ငံများထက် သာသည် ဟု ခံယူထားကြသော်လည်း အမေရိကန် လို အရာရာတိုင်း "ဆူပါ" ဆိုသည့် ဝေါဟာရ ထည့် မပြောလျင် မရသည့် နိုင်ငံဟူ၍ တနိုင်ငံမျှပင် ရှိမလာသေး။ ၎င်းတို့က ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို နောက်ကနေ လှုပ်မရအောင် ချုပ်ထားပြီး ကြောက်ပါပြီ အန်ကယ်ဆမ်ဟု အသံထွက် မလာမချင်း ကျေနပ်မည့် နိုင်ငံ မျိုး မဟုတ်၊ ထိုအတွက်ကြောင့်လည်း ၎င်းတို့ တွင် ယုံကြည်မှု လွန်ကဲယုံ တွင် မဟုတ်၊ အင်အားတွင်လည်း ဆူပါ ဖြစ်အောင် တည်ဆောက်ထားခြင်း ဖြစ်သည်။

 

"ကောင်းပြီလေ၊ ကျွန်တော် ဝန်ခံတယ်"

 

မန်းက အသံထွက်အောင် ရယ်လိုက်ပြီး မင်း ကိုယ် မင်း ကံကောင်းတယ်လို့ သဘောထား၊ ငါဆို ခုထိ နိုင်ငံ အပြင် တခါမှ မရောက်ဖူးသေးဘူး၊ 

 

ကံကောင်းတယ် ဟုတ်လား၊ အနည်ဆုံး ဒီမှာဆို ကိုယ် အိမ် ကိုယ့်ယာ မှာ နေရသလို ခံစားလို့ ရသေးတယ်။

 

ကိုယ်အိမ် ကိုယ်ယာ ဆိုတဲ့ အပြောက ချဲ့ကား လွန်းရာ ရောက် မနေဖူးလား။