အရေး ကြုံလာပြီ၊ ဆက်မမိုက်သင့်

by Hla Soewai - Dec 02 2024

မင်းအောင်လှိုင်သည် တရုတ် ခရီးစဉ် အတွက် နိုင်ငံ တွင်း တရုတ် တပ်များ ပင့်ဖိတ် ခေါ်သွင်းရမည့် အစီအစဉ်နှင့် ပင် အလဲအလှယ် လုပ်ခဲ့သူဟု ပြော၍ ရနေပေသည်။

 

တိုင်းရင်းသား ပြည်သူတရပ်လုံးကို ရန်သူ အဖြစ် သဘောထားကာ တရုတ် နှင့် ပူးပေါင်း၍ နှိမ်နှင်းသွားမည်၊ ၎င်းတို့ အလိုကျ ရွေးကောက်ပွဲလည်း လုပ်၍ ရမည် ဟု ဉာဏ်တထွာ တမိုက် နှင့် စဉ်းစား ဆုံးဖြတ်လာခြင်း ဖြစ်သည်။

 

တရုတ်ဖက်မှ ရွေးကောက်ပွဲသည်သာ ၎င်းတို့ ယခုထိ ဆုံးရှုံးနေသော တရားဝင် ရပ်တည်ပိုင်ခွင့် ကို ရရှိနိုင်မည့်အပြင် နိုင်ငံ ပြန်လည် တည်ငြိမ်လာရေး အတွက် တခုတည်းသော နည်းလမ်းဖြစ်သည်ဟု မှားယွင်းစွာ တွက်ချက် ယူဆလာသည်။ တဖက်တွင်လည်း ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ၎င်းတို့ အကျိုး ကို ရှေ့တန်း မတင်တော့၊ အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း အနောက်အုပ်စု နှင့် ပူးလွန်းနေပြန်သည်။ ရွေးကောက်ပွဲ ဆိုသည်နှင့် ၎င်းတို့ အချင်းချင်း အကြား သွေးကွဲလာနိုင်သည်၊ ထိုသို့ ဖြစ်လာအောင်လည်း စစ်ရေးအရ ဖိအား ပေးထားနိုင်လျင် ဖြစ်ပြီဟု ယူဆခဲ့ပြန်သည်။

 

၁၀၂၇ စစ်ဆင်ရေး၏ ပထမအဆင့်သည် တရုတ်တို့အား ကောင်းစွာ အကျိုးပြုခဲ့သော်လည်း ၎င်းတို့ ဖြစ်စေချင်သလို ရပ်တန့် မသွားဘဲ ၂၀၂၄ ဇွန်လ တွင် စတင်ခဲ့သော ဒုတိယ အဆင့်သည် ဘီဂျင်း၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လာသည်ဟု လူကပ်စ် မိုင်ယာက War on the Rock စာစောင်တွင် ရေးသားခဲ့သည်။

 

လက်ရှိတွင် ၎င်းတို့ စကား နားထောင်သည့် အဖွဲ့ဟူ၍ MNDAA သာ ရှိတော့သည်။

 

ထို့အတွက် ဘီဂျင်းသည် ခြံစည်းရိုး ပေါ် ခွထိုင်နေ၍ မရတော့၊ မင်းအောင်လှိုင် ကို ကယ်မှ ဖြစ်‌ တော့မည် ဆိုကာ အစဉ်အလာ မဟာမိတ် များ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များကို ကျောခိုင်းကာ တရုတ် တို့ နာမည် အပျက်ခံပြီး စစ်တပ်ကို ဗြောင်ကျကျ ထောက်ခံ လာသည်၊ ဤသည်ကပင် နွေဦး တော်လှန်ရေးသည် မကြာခင် အတောအတွင်း အောင်မြင်သွားနိုင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကြီး ပေါ်ပေါက်လာတော့မည် ဟု ၎င်းတို့ဖက်က သေချာပေါက် တွက်ဆခဲ့၍လည်း အချိန်မရှိတော့ ဆိုကာ သွေးရူးသွေးတမ်း လုပ်လာခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် စစ်‌ ကောင်စီ အသက်သည် တရုတ်တို့ လက်ဝယ် ရှိနေပြီ ဆိုသည်ကို နိုင်ငံတကာ နှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများက ရိပ်စားမိသွားပြီ ဆိုသည့် အဖြစ်ကိုလည်း ရှက်ရကောင်းမှန်း မသိ။

 

တရုတ်တပ်များသည် တိုက်ရေးခိုက်ရေး တွင် လုံးဝ အတွေ့အကြုံ ရှိမထားကြ။ အကယ်၍ တိုင်ဝမ် ကို ကမ်းတက် သိမ်းပိုက်ရမည့် အရေး ကြုံလာလျင် တောတွင်း တိုက်ပွဲများ အတွက် လေ့ကျင့်ထားဖို့ အပူတပြင်း လိုအပ်နေသည်များ အတွက် အဆင်ပြေသွားသည်။

 

မိမိ လူမျိုး များအား တိုင်းတပါး တပ်များက လေ့ကျင့်ရင်း တိုက်ခိုက် သတ်ဖြတ် လာ‌ တော့မည့် အရေး၊ မိမိတို့ သားပျို သမီးပျို များ ဖျက်ဆီးခံရမည့် အရေးများ ကိုလည်း ဂရုပြုရကောင်းမှန်း မသိ။ မိမိတို့ သယံဇာတ များကိုလည်း မဖြစ်စလောက် ငွေကြေး ဖြင့် ထင်သလို ချယ်လှယ် ထုတ်ယူကြတော့မည် အဖြစ်ကိုလည်း ကျေးဇူး ပြုထားပေသည် ဆိုကာ နှုတ်ဆိတ်နေကြရတော့မည် ဖြစ်သည်။ ၎င်းတို့အားလည်း မည်သည့် ဥပဒေ နှင့်မျှ အရေးယူ၍ မရ။

 

တရုတ်၏ ခြေသလုံးကို မလွတ်အောင် ဖက်ထားပြီး ဒူးထောက် ဝပ်စင်း ရန် လည်း မမှုတော့ မိမိတို့ မိသားစုများ နေပြည်တော်တွင် အေးချမ်းလုံခြုံစွာ နေရဖို့ အရေးကြီးနေသည်၊ ထိုသို့ နေနိုင်စေရမည်ဟုလည်း တရုတ် ထံမှ ကတိကဝတ်များ ရရှိလာခဲ့ပြီ ဖြစ်၍ မင်းအောင်လှိုင်သည် နေပြည်တော်တွင် မျက်နှာပွင့်နေသည်၊ ခေါင်းဆောင်ကြီး အဖြစ် ပြန်လည် ဆည်းကပ်လာကြသည်။ ၎င်း၏ အပြန် ခရီးကိုပင် သစ္စာတော်ခံ အလုပ်အကျွေး များက ဝမ်းပမ်းတသာ ကြိုဆိုခဲ့ကြသည် မဟုတ်ပါလား။

 

သို့သော် ရှေ့တန်းတွင် တိုက်နေရဆဲ ဖြစ်သော စစ်ဗိုလ်ချုပ် များ အဖို့ ၎င်းတို့ကဲ့သို့ စိတ်အေးလက်အေး နေခွင့်ရမည် မဟုတ်။ ယခု အခါ နိုင်ငံ၏ အချုပ်အခြာ အာဏာ ကို လက်ညိုးထိုး ရောင်းစားခဲ့ယုံမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစရှိသည့် ဒို့တာဝန် အရေး သုံးပါးကို သာကော၏ အပေါင်ဆိုင် တွင် ပေါင်နှံခဲ့ပြီ ဖြစ်သော စစ်ခေါင်းဆောင် များကို အသက်ပေး၍ ကာကွယ်ကြရဦးမည် ဖြစ်သည်။ တဖက်တွင်လည်း ပြည်သူတရပ်လုံးက လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ ကို ကာကွယ် စောင့်ရှောက်ပါမည်ဟု သစ္စာဆိုထား‌သူ များက သေနတ်ပြောင်းကို ထိုအရေးကို ‌ဖေါက်ဖျက်လာကြသူများဖက် မလှည့်ပဲ မိမိတို့ဖက် လှည့်နေသည့် အဖြစ်ကို ကြည့်၍ ရွံရှာ မုန်းတီးနေကြပြီ ဖြစ်သည်၊ သားစဉ်မြေးဆက်လည်း ခေါင်းဖေါ်နိုင်ကြတော့မည် မဟုတ်။

 

ယခုလို တိုင်းပြည်သည် ပြည်ပ ကျူးကျော်စစ် နှင့် ရင်ဆိုင်ရဖို့ ရှိပြီး တရုတ်တို့ လုပ်ချင်တိုင်း လုပ်နေသည်ကို enough is enough ဆိုကာ အနောက်အုပ်စုလည်း ဝင်ပါလာဖို့ ရှိနေသည်၊ ၎င်းတို့ နည်းပညာ များ အတွက် အပူတပြင်း လိုအပ်နေသော မြေရှား သတ္ထုများ အား တရုတ်တို့ လက်ဝါးကြီးအုပ်ကာ ကျားသနား မှ နွားချမ်းသာ ဆိုသလို ထုတ်ရောင်းသလောက် နှင့်‌ ရောင့်ရဲတင်းတိမ်ကြရမည် အဖြစ်ကို ခွင့်ပြုကြမည်လော၊ ထို့အတွက် စစ်မီးကြီး အရှိန်ပြင်းစွာ တောက်‌ လောင်လာပေတော့မည်။ မင်း အောင် လှိုင်ကို ဆက်၍ သစ္စာခံ နေပါက လည်း တဖြေးဖြေး လုံးပါး ပါးဖို့သာ ရှိသည်။

 

ထိုသို့ တိုင်းပြည်အား မီးလောင်တိုက်သွင်းလာမည့်အရေးအား အမျိုးကို ချစ်သည့် တပ်မတော်သားတိုင်း မည်သို့မျှ မဖြစ်‌ လောက်ပါဟု ဆိုကာ လျစ်လျူ ရှုနေ၍ မရတော့၊ ကာကွယ်ပေးရမည့် ဆိုသည့် တာဝန်ကြီး ပုခုံးပေါ် ကျရောက်လာပြီ ဖြစ်သည်။

 

လူတစု အနေအစား ချောင်ဖို့ အရေး အတွက် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ဆုံးရှုံးရတော့မည့် အခြေအနေအထိ စိုးရိမ် ထိတ်လန့်ဖွယ် ကောင်းအောင် ရောက်လာနေသည့် အဖြစ်ကို ခွင့်ပြုကြမည်လော။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!