နိုင်ငံ မြေ ပေါ် တရုတ် စစ်ဖိနပ်သံ များ ဆူညံလာတော့မည် လော

by Hla Soewai - Dec 02 2024

ထိုမေးခွန်းသည် ဖြစ်ခဲ့လျင် မဟုတ်တော့ပဲ ဘယ်အချိန် ဖြစ်လာမည် လော ဆိုလျင် ပို၍ သင့်လျော်မည် ဖြစ်သည်ဟု ဥရောပ အလယ်ပိုင်း အင်စတီကျူ၏ အာရှ လေ့လာရေး ဌာန မှ သုတေသီ လည်း ဖြစ် The Diplomat စာစောင်၏ အရှေ့တောင် အာရှ ရေးရာ ပင်တိုင် ဆောင်းပါးရှင် David Hutt က RFA တွင် ရေးသားလာသည်။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဒု ပြည်ထဲရေး ဝန်ကြီး ဆိုသူ ဗိုလ်ချုပ် တိုးရီ ဆိုသူအား "ပူးတွဲ လုံခြုံရေး ကုမ္ပဏီ" ဖွဲ့စည်းရေး အတွက် နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေး ပြင်ဆင်ရန် အဖွဲ့ဝင် ၁၃ ဦး ပါ လုပ်ငန်း ကော်မတီ ကို ဦးဆောင်စေခဲ့သည်။

 

ဘီဂျင်း နှင့် နေပြည်တော် မှ ထွက်လာသော အသံဗလံများအရ လက်နက်ကိုင် အရပ်ဖက် အဖွဲ့အစည်း ပုံစံမျိုး ဖြစ်ပြီး မြန်မာ စစ်တပ် နှင့် အတူ တရုတ် အကျိုးစီးပွား ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်သည်ဟူ၍ သိရသည်။

 

တရုတ် တပ်များသည် အမြဲလို စစ်ရှုံးနေ၍ ၎င်းတို့ စိတ်ထဲ သုံးစားမရဟု ထင်နေသော မြန်မာ စစ်ဗိုလ်ချုပ် များ၏ စကားကို နားထောင်ကြမည်ဟု တကယ်ပဲ ယူဆနေကြမည်လော။ ထို့အပြင် ၎င်းတို့ အဖို့က ရောက်လာမှတော့ တရုတ် အကျိုးစီးပွားကိုသာ ကာကွယ် စောင့် ရှောက်သွားမည်ဟု မည်သို့ မျှ ယုံကြည်ထား၍ မရ။

 

စစ်တပ်သည် မြန်မာပြည် မြောက်ပိုင်း တခုလုံး နီးပါးကို တရုတ်တို့ လက်ထဲ ထိုးထည့်ပြီး ၎င်းတို့က အခြား နေ‌ရာများ တွင် စစ်ဆင်ရေး များ အားစိုက် လုပ်သွားမည်ဟု တွေး၍ ရနိုင်ပြန်သည်။

 

တရုတ်တို့ဖက်ကလည်း တောင်တရုတ် ပင်လယ် အတွင်း ပဋိပက္ခ ဖြစ်လာခဲ့လျင် တိုင်ဝမ် နှင့် ဖိလစ်ပိုင်က ၎င်းတို့ အဓိက မှီခို နေရသည့် ရေနံ ဓါတ်ငွေ့ များ တင်ပို့ နေသည့် ရေကြောင်းလမ်းကို ပိတ်ဆို့ခံရမည့် အရေးကို စိုးရိမ်လာပြီး မလက္ကာ ရေလက်ကြား ကို ဖြတ်စရာ မလိုဘဲ ရခိုင်ဖက်တွင် ဆိပ်ကမ်းတခု အမြန် ဆောက်ချင်လာသည်။

 

ဆောင်းပါးရှင် က ၎င်း သိထားသော သတင်းများအရ တရုတ်တပ် အများစု ကို ရခိုင်ဖက်သို့ ပို့မည် ဖြစ်သည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်၏ ယခုလ ယူနန် ခရီးစဉ် အတွင်း တရုတ် ဝန်ကြီးချုပ် လီချွန်းက တရုတ် နိုင်ငံသားများ၊ အဖွဲ့အစည်း များ နှင့် စီမံကိန်းများကို ထိထိရောက် ရောက် ကာကွယ်ပေးရန် ညွှန်ကြားလာသည်။

 

မင်းအောင်လှိုင်သည် ၎င်းညွန်ကြားသလို မည်သို့မှ လိုက်လုပ်နိုင်စွမ်း မရှိသည်ကို သိသိကြီး နှင့် ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အတွက်လည်း တရုတ် အစိုးရ ပြောလာသည့် "လုံခြုံရေး ကုမ္ပဏီ" အစီအစဉ်သည် မဖြစ်မနေ အကောင်အထည် ဖေါ်ဖို့ ဖြစ်လာသည်။

 

တရုတ်တပ်များ မြန်မာ မြေပေါ် ရောက်လာပြီး နောက်တွင် တော့ ၎င်းတို့ စက်ရုံတံခါးပေါက်များ၊ စီမံကိန်း ဧရိယာ များ၊ ပိုက်လိုင်း တလျောက် တွင် သာ ရှိနေမည်ဟု ယူဆက စိတ်ကူးယဉ် ခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

 

၎င်းတို့ထံ ရောက် လာမှ ခုခံသွားမည် မဟုတ်တော့ဘဲ အရင် ထိုးစစ် ဆင်နိုင်မှ ဖြစ်ပေတော့မည်။ ၎င်းတို့ စီမံကိန်း များ ရှိရာ ‌ဒေသများ အားလုံး သည် တော်လှန်ရေး တပ်များ ထိန်းချုပ် နယ်မြေများ ထဲတွင် ရှိနေ၍ ပြန်ယူထားနိုင်မှ ဖြစ်ပေမည်။

 

ထိုသို့ စိတ်ကူး မရှိက တိုင်းရင်းသားများ အား ဖိအားပေးပြီး လက်ရှိ စစ်ပွဲထဲ ၎င်းတို့ အကျိုးစီးပွားများကို မထိခိုက် အောင် ချန်လှပ်ခိုင်း၍ ရနိုင်သည်။

 

တရုတ်သည် NUG ဟု ယုံကြည် ၍ မရ‌ တော့ဟု စိတ်ဒုံးဒုံး ချလိုက်ပြီ ဖြစ်သည်။ NUG သည်အနောက်အုပ်စု လိုလားသူ ဖြစ်နေခြင်း၊ ၎င်းတို့ထံ မှ ငွေကြေး အထောက်အပံ့ ယူထား‌ သော်လည်း စစ်အာဏာပိုင်များအား ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် နီးစပ်နေခြင်း တို့ကြောင့် ဖြစ်သည်။

 

ယခုအခါ တရုတ် အာဏာပိုင်များသည် MNDAA ခေါင်းဆောင် ဖုန်တာရွှင် အား ယူနန်သို့ ဆွေးနွေးရန် ရှိသည် ဟု ဆိုဂာာ ဆင့်ခေါ်ပြီး ထိန်းသိမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်းသည် ယာယီ သဘောလော၊ သို့မဟုတ် MNDAA အားအပြီး အပိုင် ဖျက်သိမ်းပစ်ရန် လော ဆိုသည်က မသဲကွဲ သေးပေ။

 

စစ်ကောင်စီ ဖက်မှ ပြတ်ပြတ်သားသား အောင်ပွဲခံ နိုင်မှသာ ၎င်းတို့ အကျိုးစီးပွား အတွက် စိတ်ချ ရတော့မည် ဖြစ်သည်။ တရုတ် လုံခြုံရေး တပ်ဖွဲ့ များ အနေဖြင့်လည်း ခုခံစစ် နှင့် ထိုးစစ် အကြား လက်တလုံးခြား ပြောင်း၍ ရနေသည်။

 

မြန်မာဖက်မှ ပြည်ပ တပ်များ နိုင်ငံတွင်း ချထားခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံ ရှိနေ‌၍ တရုတ်ဖက်က "လုံခြုရေး ကုမ္ပဏီ" ဟု စကားတန်ဆာ ‌ဆင်ပေးလာခြင်းလည်း ဖြစ်သည်။

 

တရုတ်တပ်များ နိုင်ငံတွင်း ရောက်လာသည့် အခါ ဘယ်နေရာတွင် နေရမည်၊ ဘယ်နေရာ သွားရမည် ဆိုသည်ကို စစ်ကောင်စီက အမိန့်ပေး၍ ရနိုင်မည်လော၊

 

နောက်‌တကြောင်းက တော်လှန်ရေး တပ်များသည် တရုတ်တို့၏ ဝင်ရောက်စွက်ဖက် နေမှု အား လက်တုန့်ပြန်လာမည့် အရေးကို မည်သူမဆို စဉ်းစား ကြမည်သာ ဖြစ်သည်။

 

တရုတ် ဆန့်ကျင်ရေး သဘောထားသည် နိုင်ငံတွင်း အမြင့်ဆုံး အနေအထား ရောက်နေချိန်လည်း ဖြစ်၍ တရုတ် တပ်များ ခြေချလာချိန်တွင် ဆူပွက်လာတော့မည် ဖြစ်သည်။ ထိုအနေအထား တွင် တရုတ် အကျိုးစီးပွားများကို တိုက်ခိုက်လာသည့် အခါတွင်တော့ ၎င်းတို့ဖက်မှ ထိုးစစ်များ ဆင်နွှဲဖို့ အခွင့်သာလာမည် ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ တရုတ် တပ်များ မြန်မာ မြေပေါ် ခြေချလာခြင်းသည်ကပင် ပြည်တွင်းရေးကို တိုက်ရိုက် ဝင်ရောက် စွက်ဖက်လာခြင်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

 

ပြီးခဲ့သည့် ဗုဒ္ဓဟူး နေ့တွင် မြန်မာ အရေး အတွက် ကုလ လုံခြုံရေး ကောင်စီ ဆွေးနွေးပွဲ ကျင်းပရာ ဗြိတိန် သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝပ်က စစ်တပ်သည် ပြီးခဲ့သည့် သုံးလ အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အကြိမ်အရည်အတွက်သည် အများဆုံး ဖြစ်နေပြီး သုံးနှစ်ကာလ အတွင်းထက် ပိုများနေသည်ဟု ထောက်ပြသွားခဲ့သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း လုံခြုံရေး ကောင်စီ အနေဖြင့် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှု များ နှင့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ် မပြုရန် တောင်းဆိုသွားသည်။

 

ကုလ နှင့် အာဆီယံ အထူးသံတမန်ကလည်း လုံခြုံရေး ကောင်စီ အား ရှင်းလင်း တင်ပြသွားခဲ့သည်။

 

UNICEF မှ ထုတ်ပြန်သော ကျေညာချက်တွင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃.၄ သန်း အိုးအိမ်မဲ့ ဖြစ်နေပြီး ကလေးသူငယ် ၄၀ ရာနှုန်း ပါဝင်နေသည်ဟု ပါရှိသည်။

 

မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးကလည်း ၎င်း၏ အစီရင်ခံစာကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ သို့ သောကြာနေ့တွင် ဖြန့်ဝေခဲ့သည်။

 

ထိုအစီရင်ခံစာထဲတွင် စစ်တပ်သည် ၎င်းတို့ လက်လွှတ်ခဲ့ရသော နယ်မြေများရှိ အရပ်သားများကို နောက်ဆုံးပေါ် လက်နက်များ သုံးပြီး တိုက်ခိုက် ဖျက်ဆီးနေသည်ဟု ထောက်ပြသွားခဲ့သည်။ မြန်မာ အရေးသည် နိုင်ငံတကာ အလယ်တွင် "ကိုယ်ပျောက် ပြဿနာ" ဖြစ်လာနေသည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!