ဧရာဝတီ တွင် Paul Greening ဆိုသူက ဒေါ်နယ် ထရန့် ၏ လာမည့် လေးနှစ် သက်တမ်း အတွက် မြန်မာပြည် နှင့် ပတ်သက်၍ ၎င်း ၏ အမြင်ကို "The Best Myanmar Can Hope for From Trump Is Benign Neglect" ခေါင်းစဉ် ဖြင့် ချပြလာခဲ့သည်။
Greening သည် ကုလ အကြီးတန်း အရာရှိကြီး တဦး အဖြစ် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံ ၆ နိုင်ငံ တွင် နှစ်ပေါင်း ၂၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သူ လည်း ဖြစ်၍ ၎င်း၏ အမြင်ကို သိရှိနိုင်ရန် ကောက်နှုတ် တင်ပြသွားပါမည်။
ထရန့်သည် အမေရိကန် ဦးစားပေး ဆိုသည့် နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ ကို စွဲ ကိုင် ထားသူ ဖြစ်၍ မြန်မာ နှင့် ပတ်သက်၍ မည်မျှ အတိုင်းအတာ အထိသာ ပြော၍ မရသော်လည်း ထိခိုက်စရာ ဖြစ်လာမည်က အမှန်ပင် ဖြစ်သည်။
ထိုအထဲတွင် အမေရိကန် တွင် နေရာချထားပေးမှု၊ နိုင်ငံတွင်း ရောက်ရှိနေပြီးသူများ၊ လူသားချင်းစာနာမှု အကူအညီ ပေးရေး၊ ရာသီဥတု ထိန်းသိမ်းရေး အစရှိသည် တို့ ရှေ့ဆုံးမှ ထိခိုက်လာစရာ ရှိနေသည်။
လက်ရှိ ယာယီ အကာအကွယ် ပေးမှု အစီအစဉ် သည်လည်း ဖျက်သိမ်းခံရဖို့ ရှိနေပြီး နောက်ထပ် ခေါ်ယူ နေရာချထားပေးမည့် အလားအလာ လည်း ရှိချင်မှ ရှိပေတော့မည်။ လက်ရှိတွင် ယာယီ အကာအကွယ် ပေးမှု ဖြင့် နေထိုင်နေသော မြန်မာ ၂,၀၀၀ ခန့် ရှိနေသည်။
ယခုအခါ ရီပတ်ဘလီကင် များသည် အထက် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ် နိုင်သွားပြီ ဖြစ်၍ ၂၀၂၄ အတွက် Burma Act အရ ခွဲတမ်း ချပေးထားသော ဒေါ်လာ ၁၂၁ သန်းကို အမြန် အကောင်အထည် ဖေါ်ရန် လုပ်လျင် လုပ်၍ ရနိုင်သည်။ သို့သော် ထို ရံပုံငွေများ လက်တွေ့ ချပေးရမည် ဌာန များက နိုင်ငံခြားရေး နှင့် USAID ခေါ် အမေရိကန် နိုင်ငံတကာ အကူအညီပေးရေး ဌာန တို့ဖြစ်ပြီး ယခုအခါ USAID ကိုပင် ဖျက်သိမ်းပစ်တော့မည်ဟု အသံ ထွက်လာနေသည်။
နိုင်ငံရေးအရ ထရန့် သည် မြန်မာ အရေး အပေါ် အာဆီယံ၏ ကြိုးပမ်းနေမှု များကို ထောက်ခံသည် ဆိုသော မူ ကို ဆက်၍ ကျင့်သုံးသွားဖွယ် ရှိနေသည်။
တရုတ် နှင့် စီးပွားရေး အရ ထိတ်တိုက် တွေ့လာဖွယ်ရှိပြီး မြန်မာလည်း ပတ်သက်လာနိုင်သည်။ မလက္ကာ ရေလက်ကြားကို ပင် ပိတ်လာနိုင်စွမ်း ရှိနေ၍ တရုတ်သည်လည်း ကျောက်ဖြူ-ရွှေလီ မီးရထားလမ်း အမြန် ဖောက်နိုင်ရန် မြန်မာ စစ်ခေါင်းဆောင်များကို တွန်းအား ပေးလာသည်။
ကချင်ပြည်နယ်ရှိ ရှားပါး မြေသား သတ္တုများသည် ကမ္ဘာလိုအပ်ချက်၏ ၅၀ ရာနှုန်းကို ပံ့ပိုးပေးလျက် ရှိနေသည်။ ယခုအခါ အဆိုပါ သတ္တုတွင်းများ အားလုံးကို ကချင် လွတ်လပ်ရေး တပ်ဖွဲ့က သိမ်းယူထားပြီး ဖြစ်၍ ရှားပါး မြေသား သတ္တုများ လိုချင်သူများ အဖို့ ကေအိုင်အေ နှင့် ဆက်ဆံရတော့မည် ဖြစ်သည်၊ Telsa လျပ်စစ်ကားများ အတွက် ယင်း သတ္တုများ အလွန်အမင်း လိုအပ်နေသော အီလွန် မတ်စ် သည် ထရန့် အစိုးရ အဖွဲ့ထဲ ပါဝင်လာပြီ ဖြစ်သည်။
လက်ရှိ တရုတ် ဖက်မှ အဆိုပြုလာသော တရုတ်-မြန်မာ ပူးတွဲ လုံခြုံရေး အဖွဲ့ ဆိုသည်ကိုလည်း ထရန့် သတိထား လာမိတော့မည် ဖြစ်သည်။ တရုတ် တပ်များ ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရန် မြန်မာ မြေပေါ် ရောက်လာမည့် အရေးသည် ထရန့် အတွက် လွန် လွန်းလာပြီဟု ယူဆတော့မည် ဖြစ်သည်။
တရုတ်တပ်များသည် ကျောက်ဖြူ အထူး စီးပွားရေး ဇုံတွင် သာ မကပဲ မြန်မာနိုင်ငံ အနှံ့အပြား တွင် ရှိလာနိုင်သည်။ ကိုးကိုး ကျွန်း တွင်လည်း စစ်ရေးအရ ခြေချလာနိုင်သည်။ ထိုသို့ လုပ်လာမည် ဆိုက ဒေသ တခုလုံး မတည်မငြိမ် ဖြစ်လာနိုင်ပြီး အမေရိကန် တို့အားလည်း ၎င်းတို့၏ အကျိုးစီးပွား ကာကွယ်ရန် ပို၍ ပတ်သက်လာအောင် တွန်းအားပေးသလို ဖြစ်လာပေလိမ့်မည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ သစ်သည်လည်း ရိုဟင်ဂျာ များ အမြန် ပြန်လည် နေရာချထားနိုင်အောင် တွန်းအားပေးလာနိုင်သော်လည်း ထရန့်၏ ဦးစားပေး အစီအစဉ် ထဲ ပါလာဖို့ မရှိပေ။
သို့သော် ထရန့်သည် စိတ်အပြောင်းအလဲ မြန်ပြီး ခန့်မှန်း၍ မရသူ ဖြစ်သဖြင့် အထက်ပါ အတိုင်းသေချာပေါက် ဖြစ်လာမည်ဟုတော့ ပြော၍ မရပြန်ပေ။
ထိုအနေအထား တွင် အခြား နိုင်ငံများ အနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား ဝိုင်းပြီး ထောက်ခံ အသိအမှတ်ပြုဖို့ လိုအပ်လာသည်။ မြန်မာ ပြည်သူတို့ အတိုင်းအဆ မရှိ ခံစားနေရသော ဒုက္ခသုက္ခများ လျော့ပါးသွားအောင် တတ်နိုင်သည့် ဖက်မှ ပြုလုပ်ပေးသင့်သည်။ တောင်ကိုရီယားသည် နမူနာကောင်း ဖြစ်သည်။ ၎င်းတို့ နိုင်ငံတွင်းရှိ မြန်မာများအား NUG မှ ပတ်စ်ပို့ သက်တမ်း နှစ် နှစ် တိုးပေးသည်ကို အသိအမှတ် ပြုထားသည်။ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှားတို့လည်း အလားတူ ပြုလုပ်သင့်သည်။
မြန်မာ ပြည်သူများသည် အဆုံးသတ် တွင် မဖြစ်မနေ အောင်ပွဲခံနိုင်မည် ဖြစ်သော်လည်း ရေတို ကာလ အတွင်း တော့ ဖြစ်လာနိုင်မည် မဟုတ်ပေ။
အမေရိကန် ရှိ Stimpson Center ၏ ထုတ်ပြန်ချက် တွင် အမေရိကန်သည် မြန်မာအရေး အား ခြုံငုံ သုံးသပ် ဖြေရှင်းခြင်းမျိုး မရှိပဲ ၎င်းတို့ အတွက် မထိခိုက်နိုင်ပဲ ပြယုဒ် အဖြစ် လုပ်၍ရသည့် ကိစ္စမျိုးများကိုသာ ကွက်၍ အာရုံစိုက်သည့် boutique issue အဖြစ် သဘောထားနေသည်ဟု ဖေါ်ပြထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!