နိုင်ငံတကာ ရေးရာ မိတ်ဆက်(96)

by Hla Soewai - Nov 22 2024

ထိုသို့ အင်ဝာာနက် အား ကမ္ဘာလူဦးရေ တဝက်ကျော် အသုံးပြုလာမှု နှင့် အတူ နည်းပညာများ ထွန်းကားလာကာ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက် မှု နှင့် ဆိုင်သော သတင်း အချက်အလက်များ ရရှိလာကြသည်။ လယ်သမားများ၊ အသေးစား လုပ်ငန်းရှင် များ သည်လည်း ၎င်းတို့ အတွက် အသုံးဝင်သော ဈေးကွက် သတင်း အချက်အလက်များ အပြင် ဘဏ် လုပ်ငန်း ဆိုင်ရာ များပါ ထိုင်ရာမထ ဆက်သွယ် နိုင်ခဲ့ကြသည်။

 

ဖွံ့ဖြိုးပြီး နိုင်ငံများ တွင် နေထိုင်သူ ၈၀ ရာနှုန်းသည် အင်တာနက် ကို အသုံးပြုနေကြပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ တွင် ၄၅ ရာနှုန်းသာ ရှိပေသေးသည်။ နောက်ပိုင်း တွင် အသုံးပြုသူ အရည် အတွက် တိုးတက် များပြား လာခဲ့သည်။ ၂၀၀၅ တွင် အာဖရိကတိုက် တွင် အင်တာနက် သုံးစွဲသူ ၁၅ သန်းသာ ရှိခဲ့ရာမှ ၂၀၁၆ တွင် သန်း ၂၀၀ အထိ ဖြစ်လာသည်။

 

သို့သော်လည်း ဖွံ့ဖြိုးလာရေး အတွက် လုပ်စရာ အများအပြား ကျန်ရှိနေသေးသည်။ လက်ရှိတွင် ကမ္ဘာ လူဦးရေ၏ ဆယ်ရာနှုန်း ခန့်သည် လွန်စွာ ဆင်းရဲ ကျပ်တည်း စွာ နေထိုင် နေကြရဆဲ ဖြစ်သည်။ အဟာရလည်း မပြည့်စုံ၊ စာမတတ် ပေမတတ် နှင့် လျပ်စစ်ဓါတ်အားသည်လည်း ၎င်းတို့နှင့် မဆိုင်သလို အလှမ်းကွာနေရသည်။

 

ချမ်းသာသော ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူတိုင်းနီးပါး စာရေးစာဖတ် နိုင်စွမ်း ရှိကြသော်လည်း အာဖရိက တိုက်တွင် တိုးတက်မှု ရှိလာသည် ဆိုငြား အရွယ်ရောက်သူ ငါးဦး လျင် နှစ်ဦးသာ စာတတ်မြောက်ကြသည်။ သန်း ၉၀၀ ခန့်သည်လည်း လယ်ကွင်းများ၊ ခြုံပုတ်များကြားတွင် ကျင်ကြီး စွန့်နေကြရဆဲ ဖြစ်သည်။ ငယ်ရွယ်သူ မိန်းကလေးများ၊ အရွယ်‌ ရောက်သူ အမျိုးသမီးများ သည်လည်း ခွဲခြား ဆက်ဆံခံနေကြရ၍ ၎င်းတို့ ရှိ စွမ်းရည် အပြည့် အဝ ကို ထုတ်နှုတ် ပြ နိုင်စွမ်း မရှိ ဖြစ်နေသည်။

 

တောင်အာရှ နှင့် အာဖရိကရှိ ဆာဟာရ အောက်ပိုင်း နိုင်ငံများတွင် လူဦးရေ လျင်မြန်စွာ များပြား လာနေသည့် အတွက် တိုးတက်လာမည့် အနေအထားများ ယုတ်လျော့သွားခဲ့ရသည်။ ဥပမာ ဆိုရက အာဖရိကတွင် အလွန်တရာ ဆင်းဆင်းရဲရဲ ဖြင့် နေထိုင်ကြရသည့် အချိုးအစားသည် ကျဆင်းလာသည် ဆိုသော်လည်း တဖက်တွင် လူဦးရေ သည် ရာစုနှစ်၏ လေးပုံတပုံ ကာလ အတွင်း သန်း ၁၀၀ ခန့် တိုးမြင့်လာခဲ့သည်။ ရာသီဥတု ပြောင်းလဲ ဖေါက်ပြန်လာမှု သည် လည်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရသည်။ 

 

အချုပ်အားဖြင့် ဆိုလျှင် ကမ္ဘာလူဦးရေ တစ် ဘီလီယံ ခန့်သည် လူသားတို့ ဖွံဖြိုးရာ ဖွံ့ဖြိုးကြောင်း ခရီးလမ်း တွင် ပါဝင်လာနိုင်ခြင်း မရှိသေးဟု ဆိုရမည် ဖြစ်သည်။

 

လူတန်းစား မညီမျှ မှု သည်လည်း နိုင်ငံ အတွင်း နှင့် နိုင်ငံ အချင်းချင်း အကြား ကွာဟသည်ထက် ကွာဟလာနေသည်။ ဤသို့ ကွာဟ လာခြင်းမှာလည်း နိုင်ငံ တနိုင်ငံ၏ စီးပွားရေး နှင့် လူဦးရေ တိုးတက်လာမှု အပေါ် မူတည် နေသည်။ ကမ္ဘာလူဦးရေ၏ ၁၀ ရာနှုန်း လက်ဝယ်တွင် တကမ္ဘာလုံး ကြွယ်ဝမှု ၏ ၈၅ ရာနှုန်း ရှိနေသည်။ တကမ္ဘာလုံး အတိုင်းအတာ နှင့် လူနေမှု အဆင့်အတန်း တိုးတက်လာသည် ဆိုသော်လည်း လူတိုင်းလိုလိုသည် အခြေခံ လိုအပ်ချက် များ ပြည့်စုံနေပြီဟု ပြော၍ မရပေ။

 

ယခင်ကထက် စာလျင် သိသိသာသာ တိုးတက်မှု ရှိလာသည် ဆိုသော်ငြား ဖွံ့ဖြိုး မှု သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာ အဖြစ် ကျန်ရှိ‌ နေသေးသည်။ ဖွံဖြိုးမှု ကို မြှင့်တင်နိုင်ရန် အတွက် မူဝါဒ ချမှတ် နိုင်ရေး အပေါ် အခြေအတင် ဆွေးနွေး နေကြဆဲပင် ဖြစ်သည်။

 

ထိုသို့ ဆွေးနွေးမှု များ တွင် အခြေခံ အကျဆုံး အဖြစ် အရင် ဖြေရှင်းရဖို့ ရှိနေသည်က နိုင်ငံတော် သည် မည်သို့ သော ကဏ္ဍ မှ သင့်တင့်လျောက် ပတ်စွာ ပါဝင်သင့်သနည်း ဆိုသည်ပင် ဖြစ်သည်၊ ယင်းနှင့် ပတ်သက်၍ အစိုးရသည် အပေါ်မှ အောက်ခြေသို့ ဆိုသည့်နည်းကို သုံးမည်လော၊ သို့မဟုတ် အောက်ဆုံး အဆင့်မှ ချဉ်းကပ်သည့် နည်းကို သုံးမည်လော ဟူ၍ ဆုံးဖြတ်ရဖို့ ဖြစ်လာသည်။ အောက်ခြေ မှ နေသည် ဆို ခြင်းသည် အစိုးရမှ နောက်ကွယ်တွင်သာ နေပြီးဈေးကွက် အင်အားစု များ နှင့် ပုဂ္ဂလိက အကျိုးစီးပွားကို ရှေ့တန်းတင်ပေးလိုက်ခြင်းမျိုး ဖြစ်သည်။

 

ထိုမေးခွန်းများသည် စစ်အေးတိုက်ပွဲကြီး ပြီးဆုံးသည် အထိ အဖြေ ဟူ၍ တိတိပပ ထွက်မလာဘဲ ယနေ့အထိ ဆွေးနွေးနေရဆဲ ဖြစ်သည်။

 

ဥပမာ အဖြစ် ဈေးကွက်စီးပွားရေး ဦးစားပေးပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ရှိ အိန္ဒိယ နှင့် အစိုးရ၏ ကဏ္ဍ ကို လွန်စွာ ရှေ့တန်းတင်လာခြင်းဖြင့် စီးပွားရေး တိုးတက်မှု ကို ဆောင်ကျဉ်းပေးနိုင်‌ပြီး လူတဦးချင်းစီ၏ လွတ်လပ်ခွင့်များ လျော့နည်းနေသည့် ပုံစံမျိုး တို့ ဖြစ်သည်။ ထိုပုံစံမျိုး လိုလားသူများက တရုတ်ကို နမူနာ အဖြစ် ထောက်ပြ ပြောဆိုလာခဲ့သည်။

 

သို့သော် တကယ်တမ်း တခုခု ကို ရွေးချယ်ရမည် ဆိုက နှစ်ခုစလုံးသည် ဒွေးယောယှက်တင် ဖြစ်နေကြပြန်သည်။ ထို့အတွက် နှစ်မျိုးစလုံးကို ရောထွေး ကျင့်သုံးနေကြသည့် နိုင်ငံ အရည်အတွက်က များ နေသည်။ သို့သော်လည်း ကျင့်သုံးသည့် နေရာတွင် အတိုင်းအတာ ပမာဏ အားဖြင့် ဆိုက သိသိသာသာ ကွာခြားမှု ရှိနေသည်။

 

အစိုးရ၏ အခန်းကဏ္ဍကို ဦးစားပေးလိုသော နိုင်ငံများသည် စီးပွားရေး၊ နိုင်ငံရေး တို့နှင့် သက်ဆိုင်သော အကြောင်းများ ရှိနေ၍ ဖြစ်သည်။ ထိုသို့သော နိုင်ငံများ ၏ အစိုးရများသည် ၎င်းတို့ ဦးစားပေး လုပ်လိုသည့် အရာများကို ရှေ့တန်းတင် လုပ်ကိုင် နိုင်ကြသည်။ ဥပမာ အားဖြင့် မည်သည့် နေရာတွင် ရင်းနှီးမြုပ်နှံ သင့်သည်၊ ၎င်းတို့ မဲဆန္ဓနယ်မြေများရှိ လူထု သို့မဟုတ် မဟာမိတ် ဖွဲ့ထားသူများ ‌ကျေနပ်အောင် စီမံကိန်းများ ချပေးနိုင်သည်။

 

စီးပွားရေး အရ ထိန်းချုပ်ခြင်းကြောင့် နိုင်ငံရေးအရလည်း အလိုလို ထိန်းချုပ်ထားပြီး ဖြစ်နေသည်။ ဈေးကွက် ကြောင့် ဖြစ်ပေါ်လာသော မရေရာ မသေချာ မှု များကို အားလုံး မဟုတ်သည့် တိုင် အချို့ကို လျော့ချ ပစ်နိုင်သည်။