အောက်တိုဘာလ ကုန်ပိုင်း တွင် တော်လှန်ရေး အင်အားစုများသည် မန္တလေး နှင့် ကီလိုမီတာ အနည်းငယ် ခန့် အကွာထိ ရောက်လာနိုင်ခဲ့သည်။ မြန်မာ ပြည်တွင်းစစ် သည် ယခင်က တောတောင် လျိုမြောင်များကြား တွင် ဖြစ်ပွားနေရာမှ ယခု လို အနေအထား အထိ ရောက်ရှိလာခြင်းသည်ကပင် သိသိသာသာ ပြောင်းလဲ လာမှု ဖြစ်သည်ဟု အစချီကာ DVB တွင် ဖေါ်ပြထားသည့် Geopolitical Monitor စာစောင် မှ ဆောင်းပါးရှင် အန်တိုနီယို ဂရက်စီဖို ရေးသားထားသည်ကို ထုတ်နှုတ် တင်ပြသွားမည် ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တွင် စစ်ကောင်စီ၏ ထိန်းချုပ် နယ်မြေ များ သည် မြို့ပြ ဒေသ အနီးတဝိုက် အထိ ကျဉ်းမြောင်းလာခဲ့သည်။
မန္တလေး မြို့ အနီး ချဉ်းကပ်လာနိုင်မှု သည် မြန်မာ ပြည်တွင်းစစ် တွင် အဆင့်သစ် တရပ်သို့ ကူးပြောင်း ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပေသည်။ စစ်ကောင်စီ အားလည်း အဆုံးထိ ရေကုန် ရေခမ်းတိုက်ခိုက်သွားမည်ဟု အသိပေးလိုက်သည့် သဘောလည်း ဖြစ်သည်။ နောက်တကြောင်းက စစ်ကောင်စီ တပ်များသည် မြို့ပြ ဒေသ များ သို့ ဆုတ်ပြီး ခုခံ လာမည် ဖြစ်၍ တော်လှန်ရေး အင်အားစု များသည် အန္တရာယ် ရှိနေသော်လည်း မြို့တွင်း တိုက်ပွဲ များ အထိ ဆင်နွှဲရန် ရည်မှန်းချက် ရှိနေပြီး ဆိုသည်ကို ပေါ်လွင် ထင်ရှားသွားစေခဲ့သည်။
ပြီးခဲ့သည် နှစ် အတွင်း အောင်မြင်မှု များ ဆက်တိုက် ရရှိနေသော်လည်း စစ်တပ်၏ လေကြောင်း အသာစီး ရနေမှု ကို အလူးအလဲ ခံနေရဆဲ ဖြစ်သည်။ ယင်းနှင့် အတူ အရပ်သား သေဆုံးမှု များလည်း များသည် ထက် များလာရသည်။
ယခု နိုဝင်ဘာလ သည် မိုးရာသီ ကုန်ဆုံး၍ ဆောင်းရာသီ သို့ ဝင်ရောက်လာသည် နှင့် အမျှ မြေအနေအထား ခြောက်သွေ့ပြီး ကောင်းကင်သည် မိုးတိမ် ကင်းစင်ကာ ကြည်လင်လာတော့မည် ဖြစ်၍ မြေပြင် စစ်ပွဲများ အပေါ် သက်ရောက်မှု ရှိလာပေတော့မည်။
ထို အနေအထားသည် စစ်တပ် အတွက် အားသာချက် ဖြစ်လာပြီး ဗုံးကြဲ တိုက်ခိုက်မှုများ၊ ရိက္ခာနှင့် စစ်ကူ များ ပို့ဆောင်ရေး တွင် လွယ်ကူလာသည် နှင့် အမျှ မန္တလေး ကို သိမ်းယူ နိုင်စွမ်း ရှိမရှိ အပေါ် စိုးရိမ် မကင်း ဖြစ်လာရသည်ဟု ဘားမား ရိန်းဂျား အဖွဲ့ အကြီးအကဲ ဒေးဗစ် အူဘန့်က မှတ်ချက်ချခဲ့သည်။
စစ်တပ်သည် မိုးရာသီ ကုန်ကာနီး တွင် ထိုးစစ်များ ဆင်လေရှိသည့် အတိုင်း ယခုနှစ် တွင်လည်း အလုံးအရင်း နှင့် လုပ်လာဖို့ ရှိနေသည်။ ၎င်းတို့ အတင်းအကျပ် လူသစ် စုဆောင်း နိုင်မှု ကြောင့် အင်အား ၃၀,၀၀၀ ခန့်အထိ တိုးလာသည်။ ယင်းသည် တော်လှန်ရေး တပ်များ၏ လက်ရှိ တိုက်ခိုက်နေသည့် အင်အားထက် ပင် များနေသည်။
ထို့အပြင် ရုရှား နှင့် တရုတ်ထံမှလည်း စစ်ရေး အကူအညီ များ ရနေသည်။ တော်လှန်ရေး တပ်များ ထပ်မံ ရင်ဆိုင်ရမည့် အခက်အခဲကား မြေပြင် အနေအထားပင် ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ နှင့် ကျွမ်းဝင် ရင်းနှီး ပြီး ဖြစ်နေသော ဒေသများ တွင် အင်အားသာလွန်သည့် ရန်သူတပ်များ အပေါ် တပန်းသာနေခဲ့သော်လည်း မြို့ပြဒေသများဖက် ရွေ့လျားလာသည့် အခါတွင် တော့ အနေအထားပိုင်း တွင် အတွေ့အကြုံအားနည်းမှုများ နှင့် ကြုံလာခဲ့ရသည်။
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ကိုယ်စားလှယ် များ အဆိုအရ စစ်တပ်သည် ၎င်းတို့ စခန်းများ ပတ်ပတ်လည် တွင် ကတုတ်ကျင်းများ၊မြေမြုပ်မိုင်းများ ချကာ၊ ဒရုန်းများကို ဖျက်နိုင်သည့် ဂျမ်မာများ နှင့် အခိုင်အမာ နေရာယူထားကြသည်ဟု သိရသည်။
မန္တလေးကို တိုက်ခိုက်မည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ပညာတတ်များ၊ မြို့နေ လူတန်းစားများ အများစု ပါဝင်နေကြ၍ တိုက်ရေး ခိုက်ရေး တွင် အတွေ့အကြုံများ တိုင်းရင်းသား အဖွဲ့များလို မရှိ ဖြစ်နေသည်။
ရန်သူသည် ပွင့်လင်းရာသီ နှင့် အတူ တပ်အင်အား ဖွဲ့စည်းမှု အားကောင်းလာမှု ဆိုသော အချက်များသည် ၎င်းတို့ဖက်တွင် ရှိနေသော်လည်း တော်လှန်ရေး အဖွဲ့များသည်လည်း လမ်းခရီး သာယာ လာသည့် အတွက် ထောက်ပို့ ပိုင်း တွင် သာမက ဒရုန်းများကို ထိထိရောက်ရောက် အသုံးချလာနိုင်တော့မည်ဟု အူဘန့်က ဆိုသည်။ ပွင့်လင်းရာသီသည် စစ်တပ် အတွက် အမြဲလို အားသာမှု ဖြစ်ခဲ့သော်လည်း ၂၀၂၄ မှစ ၍ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တော်လှန်ရေး တပ်များ လက်ဝယ်တွင် ယခုအခါ ဒရုန်း အများအပြား ပိုင်ဆိုင်လာပြီ ဖြစ်ပြီး နယ်မြေ အမြောက်အမြား သိမ်းယူ ထားနိုင်မှု နှင့် အတူ ထရပ်ကားများ နှင့် ရိက္ခာ နှင့် ထောက်ပို့ ပစ္စည်းများ အလွယ်တကူ သယ်ယူ လာနိုင်ပြီ ဖြစ်သည်။ စစ်တပ် အဖို့က ထိုသို့ မြေပြင် ကို အသုံးမချ နိုင်ဘဲ လေကြောင်းမှ သယ်ပို့နေရသည်။ မည်သည့် နေရာကိုမျှ တပ်ရင်းတရင်းစာ ကို လေကြောင်း အကာအကွယ် မပါဘဲ နှင့် ရွှေ့ပြောင်းနိုင်စွမ်း မရှိတော့။ စစ်တပ်သည် ဗုံးကြဲ ရန် နှင့် စစ်ကူရိက္ခာများ ပေးရန် လေကြောင်းကိုသာ အားကိုးအားထား ပြုနေရသည်။
အခြေအနေများက အမြဲလို ပြောင်းလဲနေသည့် အတွက် မည်သည့် အချိန်တွင် ပြိုလဲသွားမည် ဆိုသည်က ခန့်မှန်းရ ခက်နေသည်။ တဖြေးဖြေး တိုးတက်လာနေသော ဒရုန်း စစ်ဆင်ရေး သည် အပြောင်းအလဲများ အလျင်အမြန် ဖြစ်လာအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။ တော်လှန်ရေး ဖက်တွင် အင်ဂျင်နီယာများ၊ အိုင်တီ ကျောင်းသားများ အများအပြား ရောက်ရှိနေ၍ တပန်းသာနေသည်။
စစ်တပ်သည်လည်း ရုရှား တို့ ထံမှ ယူကရိန်း စစ်ပွဲ အတွေ့အကြုံ များကို အခြေခံထားသည့် ပို့ချချက်များ ရရှိနေသည်။ လူ လွတ် လေကြောင်း စစ်ဆင်ရေး ဌာန ပင် ဖွဲ့စည်းလာခဲ့သည်။ ယခုအခါ နောက်ဆုံးပေါ် နည်းပညာ များ နှင့် ပေါင်းစပ်ထားသည့် ဒရုန်းများကို ရုရှား၊ တရုတ်တို့ ထံမှ မက အီရန်၊ မြောက်ကိုရီယား တို့ ထံမှလည်း ရရှိနေသည်ဟု ယူဆရသည်။
တော်လှန်ရေး တပ်များ အတွက် အကောင်းဆုံး လက်နက်သည်ကား ညီညွတ်မှု ရှိနေရေးပင် ဖြစ်သည်။ မြန်မာတို့၏ တော်လှန်ရေးသည် တိုင်းရင်းသား တပ်များ နှင့် အပြန်အလှန် ပံ့ပိုးမှု၊ အချင်းချင်း ကွန်ယက်သဖွယ် ဖြန့်ကျက် လှုပ်ရှား နိုင်မှု များ ဖြင့် စစ်ကောင်စီ ပြုတ်ကျရေး ဆိုသည့် တူညီသော ရည်မှန်းချက်များ နှင့် ညီညွတ်စွာ တော်လှန်နေကြသည်။
အရေးကြီးဆုံးသည်ကား တော်လှန်ရေး တပ်များ ဆက်ပြီး ညီညီညွတ်ညွတ်၊ တိုင်တိုင်ပင်ပင် ဖြင့် လှုပ်ရှားပြီး စစ်တပ်ကို အမှည့်ချွေ ချွေသွားနိုင် ဖို့ နှင့် ကြားညပ်နေသူများထံ လက်ကမ်းနိုင်ဖို့ ပင် ဖြစ်သည်ဟု ဘားမား ရိန်းဂျား ခေါင်းဆောင် အူဘန့်က ထောက်ပြခဲ့သည်။
နောက်ထပ် အရေးပါဆုံး အချက်သည်ကား စိတ်ဓါတ်ရေးရာ ကြံ့ခိုင် အားကောင်းနေဖို့ပင် ဖြစ်သည်။ လက်ရှိ ၎င်းတို့ တိုးချဲ့လာသော စစ်အင်အားသည်လည်း စစ် မြေပြင်တွင် တိုက်မည် ခိုက်မည် ဆိုသူများ မပါ၊ အများစုသည် စစ်ခေါင်းဆောင်များ နှင့် စစ်တပ်ကို ရွံရှာ မုန်းတီးနေကြသူများသာ ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ်များနှင့် တိုင်းရင်းသား တပ်များသည် "ငါညီ ငါ့မြေ ငါ့အမေ" အတွက် တိုက်ပွဲ ဝင်နေသူ များ ဖြစ်၍ စိတ်ဓါတ်ရေးရာ အရ ကွာခြားနေသည်။ ၎င်းတို့အားလုံးသည် ဘာအတွက် တိုက်နေရသည်၊ ဘာ တွေ ဆုံးရှုံးသွားခဲ့ပြီ ဆိုသည် ကို ကောင်းစွာ နားလည် ထားသည့် အပြင် ၎င်းတို့ ဘဝ ကို ပံ့ပိုးပေးသွားနိုင်မည့် ဒီမိုကရေစီ နိုင်ငံ တည်ထောင်နိုင်ရေး မျှော်လင့်ချက်များ ဆုပ်ကိုင်ထားကြသူများ ဖြစ်သည်။
ထိုသို့ သော ခံယူချက်များ ကပင် ၎င်းတို့အား မည်မျှပင် စိတ်ဓါတ်အင်အား ဆုတ်ယုတ်သွားအောင် ကြံဆောင်လာစေကာမူ ဆက်လက်၍ မဆုပ်မနစ် တိုက်ပွဲ ဝင်သွားအောင် တွန်းအား ပေးနေမည်သာ ဖြစ်သည်။
မြန်မာ ပြည်တွင်းစစ်သည် တဖက်နှင့် တဖက် အလျော့ မပေးဘဲ ရေကုန်ရေခမ်း တိုက်သွားရန် စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်၍ တနည်းမဟုတ် တနည်းပြင်းထန် ကျယ်ပြန့်လာဖို့ ရှိနေသည်။
နောက်ဆုံးရရှိ သော သတင်းအရ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တည်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက နိုဝင်ဘာ ၂၀ ညနေတွင် အပြီးသတ်သိမ်းလိုက်ပြီဖြစ်သောကြောင့် ကချင်အထူး ဒေသ(၁)တစ်ခုလုံး သိမ်းပိုက် ရရှိပြီဖြစ်သည်ဟု သိရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!