တရုတ် တို့ ပဒူအုံကို တုတ် နှင့် ထိုးတော့မည်လော

by Hla Soewai - Nov 22 2024

မင်းအောင်လှိုင် နှင့် အဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ် နိုင်စွမ်း ရှိသည် မရှိသည် အဓိက မဟုတ် တော့ပဲ ၎င်းတို့ ထောင်နန်း မစံရရေးသည် တရုတ်၏ ခြွင်းချက် မရှိ ထောက်ခံ မှု ရရေး အပေါ် လုံးလုံးလျားလျား မူတည် နေပြီဟု စိတ်ဒုံးဒုံးချထား ပြီး ဖြစ်သည်။

 

၎င်းတို့အား တိုင်းပြည် အချူပ်အခြာ အာဏာ ကို ရောင်းစားသူများ၊ တိုင်းပြည်သယံဇာတ များကို လက်ညိုးထိုး ရောင်းစားသူများ၊ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုသူများ အစရှိသည့် အပြောများသည်လည်း ၎င်းတို့ အသက်ထက် ပို၍ အရေးကြီးပေမည်လော ဟု လည်း ခံယူလာကြသည်။

 

တရုတ်သည်လည်း ၎င်းတို့၏ အားနည်းချက်ကို ကောင်းစွာ သိထားပြီး ဖြစ်သည်။ ထို့အတွက် ၎င်းတို့ အငှားရထားသော မြေကွက် များ လုံခြုံစိတ်ချစွာ ဆက်သုံးနိုင်ရေး ကိုသာ အဓိက ဦးစားပေးမည့် မူဝါဒ ကိုသာ အာရုံစိုက်လာကြသည်။

 

မင်းအောင်လှိုင် ချပြသည့် ရွေးကောက်ပွဲသည်လည်း ဘယ်သောင်ဘယ်ကမ်း ဆိုက်နေသည် ဖြစ်စေ ၎င်းတို့ အတွက် အရေးမကြီး၊ ပတ်ဝန်းကျင် တခုလုံး မီးဟုန်းဟုန်း တောင်လောင်နေလည်း အငှားရထားသော မြေကွက်များ မီးစွဲမလာဖို့ သည်သာ အရေးကြီးနေသည်။

 

ယခုလည်း တရုတ်သည် နိုင်ငံတွင်းရှိ ၎င်းတို့၏ ပရိုဂျက်များ၊ အကျိုးစီးပွားများ အား ကာကွယ် နိုင်ရေး အတွက် မြန်မာ နှင့် ပူးတွဲ လုံခြုံရေး ကုမ္ပဏီ တခု ထူထောင်ရေး အဆိုပြုလာခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ဧရာဝတီ သတင်းတွင် ပါရှိ လာခဲ့သည်။

 

ထိုသို့ ပြောလာသည် ကို စစ်ခေါင်းဆောင်များ အဖို့က အချုပ်အခြာ အာဏာ ချိုးဖောက်ခံရခြင်း တို့ ကို ထည့်သွင်း စဉ်းစား နိုင်စွမ်း မရှိတော့၊ ချက်ခြင်းဆိုသလိုပင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရန် ဒုတိယ ဝန်ကြီး အဆင့်ရှိသူများ ပါဝင်သောကော်မတီပင် ဖွဲ့ပေးလာသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်ကလည်း ထိုသို့ တာဝန်ယူမည် ဆိုက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်းကို အမြန် စ နိုင်အောင် လုပ်မည်ဟု အားရဝမ်းသာ ကတိပေးခဲ့ရှာသည်။

 

ဝမ်ယီ မှ ၎င်းတို့ စီမံကိန်းများ အမြန် အကောင်အထည် ဖေါ်နိုင်မှ ဖြစ်မည် ဆိုက ထိုသို့ စကား စ လာခြင်း ဖြစ်မည်၊ ထိုသို့ စီမံကိန်းများ လုံခြုံရေး အတွက်ပင် ၎င်းတို့ကို အားကိုးမရ ဆိုသည့်သဘောလည်း ဖြစ်၍ တွေးတတ်လျင် ရှက်ဖို့ ပင် ကောင်းနေရသည်။

 

၎င်းတို့ အပေါ် အားကိုးမရ၊ ယုံကြည်စိတ်ချထား၍ မရ ဆိုသည်ကလည်း အပြစ်ပြော၍ မရပြန်၊ လောလောဆယ် တွင် ထီးချိုင့်ရှိ နီကယ် သန့်စင် စက်ရုံ၊ မတ္တရာရှိ အယ်ဖာ ဘိလပ်မြေ စက်ရုံ များသည် တော်လှန်ရေး တပ်များ လက်တွင်းသို့ သက်ဆင်းသွားခဲ့ရပြီး ဖြစ်သည်။

 

မြန်မာ တမျိုးသားလုံး အရေးကို လားလားမျှ ထည့်သွင်းစဉ်းစားခြင်း မရှိ‌ဘဲ ၎င်းတို့ စစ်ရှူံး လာ၍ တရုတ်တို့ ၏ အကြံဉာဏ်များ၊ အမိန့်ဩဇာများကို တသွေမတိမ်း နာခံရင်း ပြည်သူများအား ဗုံးကြဲ သတ်ဖြတ်ကာ တိုင်းပြည် ကို သားစဉ် မြေးဆက် လက်ဝါးကြီး အုပ်သွား နိုင်ရန် ကြံစည်လာကြသည်။

 

ယခုလို တော်လှန်ရေး မျိုးအား နှိမ်နှင်းနိုင်မည် ဆိုက ၎င်းတို့ အပေါ် ယခုလို တတိုင်းပြည်လုံးက ဘဝပေး အသိဖြင့် ညီညွတ်စွာ ဖြင့် အုံကြွ လာကြမည့် အရေးသည် မည်သည့် အခါမျှ ထပ် ဖြစ်လာဖွယ် မရှိတော့၊ တသက်လုံး စိတ်အေး ချမ်းသာစွာ နေသွားရမည်ကိုလည်း ကောင်းစွာ သိရှိထားပြီး ဖြစ်၍ တိုင်းတပါး ဩဇာခံရမည့် အရေးကိုလည်း မမှုတော့။

 

ထိုအရေးကို ပေါ့ပေါ့တန်တန် သဘောထား၍ တော့မရ၊ မိမိတို့ တမျိုးသားလုံး၏ ကံကြမ္မာ ကို သားစဉ် မြေးဆက် ဆုံးဖြတ်ခံရမည့် အရေး ကြုံလာရပြီ ဖြစ်သည်။ မိမိတို့ ဒေသနယ်ပယ် များ အား လက်နက်ကိုင် ကာကွယ် စောင့်ရှောက်သွားနိုင်ယုံဖြင့် မရတော့၊ တရုတ် နှင့် အမျိုးသား သစ္စာဖေါက် စစ်ခေါင်းဆောင်များ၏ သံဖနောင့် အောက်မှ လွတ်မြောက်ရေး အတွက် မြန်မာ မြေပေါ်တွင် လူဖြစ် ကြီးပြင်းသူ မှန်သမျှ အချင်းချင်း အပရိက သဘောကွဲလွဲမှု များ ကို ဘေးချိတ်ပြီး စည်းလုံး ညီညွတ်မှ ဖြစ်ပေတော့မည်။ 

 

တရုတ် သည် လည်း ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာမည့် အရေး နှင့် ဒေါ်နယ် ထရန့် အာဏာရလာမည့် အရေးများကြောင့် ဂမူးရှုးထိုး ဖြစ်လာကာ ပဒူအုံ ကို တုတ် နှင့် ထိုး သလို ဖြစ်သွားမည့်အရေးကို ထည့်စဉ်းစားမိဟန် မတူ။

 

၎င်းတို့ ထိုသို့ ဝင်ရောက်စွက်ဖက်လာရန် လမ်းဖွင့်ပေးသလို ဖြစ်မည်စိုး၍ တော်လှန်ရေး တပ်များက မည်မျှပင် မုန်းတီးရွံရှာ နေကြစေကာမူ အထိအခိုက် မရှိအောင် လက်ရှောင်ခဲ့ကြသည်။

 

ယခု ထွက်ပေါ်လာသော သတင်းအရ ဆိုက တရုတ် တပ်များ မင်းအောင်လှိုင် ၏ ပင့်ဖိတ်မှု ကြောင့် ပေါက်ချလာတော့မည် ဆိုလျင် အဘယ် အတွက် များ ‌လက်ရှောင်နေဖို့ လိုပေတော့မည်နည်း။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!