Trump 2.0

by Hla Soewai - Nov 22 2024

ထရန့် သည် ၎င်း၏ မပြီးပြတ်သော တိုက်ပွဲကို ဆက်လက် ဆင်နွဲနိုင်ရန် အချိန်ဖြုန်းမနေပဲ အစိုးရ အဖွဲ့ဝင် စာရင်းကို ချပြလာရာ တရုတ် ဆန့်ကျင်ရေး နှင့် မြန်မာ အရေးကို စိတ်ဝင်စားသူ ဖလော်ရီ‌ဒါ မှ ရီပတ်ဘလီကင် အထက်လွှတ်တော် အမတ် မာကို ရူဘီယို အား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် လျာထား ထားသည်ကို တွေ့ရသည်။

 

ကျုးဘား နွယ်ဖွား မာကို ရူဘီယိုသည် BURMA ACT အား ဦးဆောင် တင်သွင်းခဲ့သူ ဒီမိုကရက် အောက်လွှတ်တော် အမတ်များဖြစ်သော ဂရီဂိုရီ မိခ်၊ အက် မာကီး၊ စတိဗ် ချက်ဘော့ တို့ နှင့် အတူတွဲ၍ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ထံသို့ မြန်မာနိုင်ငံတွင်း ဆိုးဝါးလာနေသော လူ့အခွင့် အရေး များ ကြောင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် စာရေးသား ပေးပို့ တောင်းဆိုခဲ့သူ ဖြစ်သည်။

 

၎င်းသည် တရုတ် အပေါ် သဘောထား ပြင်းထန်သူ တဦး ဖြစ်ပြီး အထူးသဖြင့် တရုတ်၏ ရှားပါး မြေသား သတ္ထု များ ထိန်းချုပ်ထား နိုင်မှု အပေါ် ရတက်မအေး ဖြစ်နေသူ တဦး ဖြစ်သည်။

 

ထရန့်၏ ကက်ဘိနက် line-up နှင့် ပတ်သက်၍ Eurasia Review တွင် ဆောင်းပါးရှင် James Shwe က ယခုလို တင်ပြထားသည်။

 

မာကို ရူဘီယို အပြင် အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အောက်လွှတ်တော် အမတ် မိုက်ကယ် ဝေါ့ဇ် သည် စစ်ပြန်တဦး ဖြစ်ပြီး တရုတ် နှင့် ပတ်သက်၍ သဘောထား တင်းမားသူ တဦး ဖြစ်သည်။ ၎င်းသည် အောက်လွှတ်တော်၏ တရုတ် အရေး အထူး လုပ်ငန်း အဖွဲ့၏ အဖွဲ့ဝင် တဦး ဖြစ်ပြီး တရုတ် အား ထိန်းချုပ် နိုင်ရေး အတွက် ဦးဆောင်ဦးရွက် ပြုနေသူ တဦး ဖြစ်ပြီး တရုတ် နှင့် "စစ်အေး တိုက်ပွဲ" ကြီး စတင်နေပြီဟု ပင် ကြွေးကြော်ထားသူ ဖြစ်သည်။

 

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာမည့် အလိစ် စတက်ဖားနစ် သည်လည်း ရီပတ်ဘလီကင် အောက်လွှတ်တော် အမျိုးသမီး အမတ် တဦး ဖြစ်ပြီး လက်ရှိ တရုတ် နှင့် ဆက်ဆံရေး အနေအထားကို ဒီတိုင်း လွှတ်ပေးထား၍ မဖြစ်ဆိုသည့် နိုင်ငံခြားရေး မူဝါဒ တခု အကောင်အထည် ‌ဖေါ်နိုင်ရန် လူစုနေသူ ဖြစ်သည်။ ထရန့်၏ အမာခံ တဦး ဖြစ်သည့်အပြင် အောက်လွှတ်တော်တွင် ထင်ရှားသူ တဦး ဖြစ်ပြီး တရုတ်ရေးရာ အထူးလုပ်ငန်း အဖွဲ့၊ ကာကွယ်ရေး နှင့် ထောက်လှန်းရေး ကော်မတီ ဝင် တဦး ဖြစ်သည်။

 

အထက်လွှတ်တော် ရီပတ်ဘလီကင် လူများစု ခေါင်းဆောင် အဖြစ် မစ်ခ်ျ မက်ကွန်းနယ် ကို နေရာ ကို ယူရန် လျာထား ခံရသည့် ဂျွန် သွန်း သည်လည်း တရုတ် ဩဇာ လွှမ်းမိုးလာမှု ကို တန်ပြန်နိုင်ရန် နိုင်ငံခြားရေး မူဝါဒ များ တွင် ထရန့် အစိုးရ အဖွဲ့နှင့် နီးနီးကပ်ကပ် ဆက်ဆံသွားမည့် လူ လည်း ဖြစ်သည်။

 

လက်ရှိ အနေအထားအရ တရုတ်သည် ခြေမြန်လက်မြန် ဖြင့် မြန်မာ ‌ပြည်တွင်း အခိုင်အမာ ခြေကုပ်ယူရန် လှုပ်ရှားနေချိန်တွင် အ‌မေရိကန် မှ လက်ပိုက် ကြည့်နေ တော့မည် မဟုတ် ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်လာရသည်။

 

မာကို ရူဘီယိုသည် "နိုင်ငံခြားရေး မူဝါဒ ကို လက်တွေ့ကျကျ ကျင့်သုံးရမည်" ဟူသော ကြွေးကြော် လာသူ ဖြစ်၍လည်း တရုတ် အား ထိန်းချုပ် နိုင်ဖို့ အရေးတွင် မြန်မာ အား တရုတ် တို့ လုပ်ချင်သလို လုပ်ရန် မည်သို့မျှ ခွင့်ပြု ထား၍ ရတော့မည် မဟုတ်ဟု ဆောင်းပါးရှင်က ဆိုသည်။

 

ဘိုင်ဒင် အစိုးရသည် တောင်တရုတ် ပင်လယ် တွင် ပြ‌‌‌ဿနာ ကြီးထွား မလာအောင် အချို့အပိုင်းများ တွင် တရုတ်၏ လုပ်ရပ်များကို မသိကျိုးကျွံ ပြုထားပြီး ၎င်းတို့ဖက်ကလည်း ရန်စသလို ဖြစ်မည် စိုး၍ အပျော့ဆွဲ ဆက်ဆံနေသည်။

 

ထရန့်သည် deal maker ဖြစ်နေ၍ တရုတ်အား ကသိကအောင့် ဖြစ်ရန် စစ်ခေါင်းဆောင်များအား လက်ကမ်းလာမည်လားဟု အချို့က စိုးရိမ်မကင်း ဖြစ်နေသော်လည်း ၎င်းတို့ အဖို့က တရုတ်၏ ကျွန်ယုံကျွန်ကောင်း များသဖွယ် ခံယူရန် နှုတ်ရော ကိုယ်ရော ကျွံထားသည့် အပြင် အမေရိကန် အားလည်း ယုံကြည်မှု ကင်းမဲ့နေ၍ မည်သို့မျှ လက်ခံမည် လည်း မဟုတ်ပေ။

 

Trump 2.0 သည် အင်ဒို-ပစိဖိတ် ဒေသ အပေါ် မည်သိူ့ ရိုက်ခတ်လာမည် ဆိုသည်က ရင်တမမ နှင့် စောင့်ကြည်နေရမည်က တရုတ် ကွန်မြူနစ် ပါတီ အစိူးရပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!