တို့ ပြည် သို့သော် သူ တို့ မြေ

by Hla Soewai - Nov 22 2024

မင်းအောင်လှိုင်သည် ၎င်း၏ ကူမင်း ခရီးစဉ် အတွင်း တရုတ် ဝန်ကြီးချုပ် လီချွန်း မှ တရုတ်-မြန်မာ စင်္ကြန် စီးပွား‌ ရေး လမ်းမကြီးကို အကောင်အထည် ဖေါ်ရန် မိမိတို့ဖက်မှ အဆင်သင့် ဖြစ်နေကြောင်း ပြောခဲ့သည်။

 

အဆိုပါ စင်္ကြန်လမ်းမကြီး ဆိုသည်က မူဆယ်-မန္တလေး-ကျောက်ဆည် မီးရထား လမ်းမကြီး ဆောက်ပြီး ယူနန် နှင့် အိန္ဒိယ သမုဒ္ဒရာ အား ဆက်သွယ်ရန် ဖြစ်သည်။ ကုန်းပိတ် ပြည်နယ် ဖြစ်နေသော ယူနန် ဖွံ့ဖြိုးရေး အတွက် မြန်မာ အား ၎င်းတို့ ထင်တိုင်း ကြဲလို့ရမည့် သစ္စာခံ နိုင်ငံ တနိုင်ငံ အဖြစ် ရှိနေရန် စိတ်ကူးထားပြီးလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် မှ ထိုစီမံကိန်း အား နေရာဒေသ အခြေအနေ ပေါ် မူတည်ပြီး ဖြစ်နိုင်မည့် နေရာများတွင် အကောင်အထည် ဖေါ်သွားမည်ဟု ပြန်ပြောခဲ့သည်၊ ဖြစ်နိုင်မည့် နေရာများ ဆိုသည့် စကားကိုမူ စစ်ကောင်စီ မီဒီယာများက ချန်လှပ်၍ ဖေါ်ပြထားသည်။ တရုတ် ဝန်ထမ်းများ၊ အဖွဲ့အစည်းများ နှင့် စီမံကိန်း များကို ကာကွယ်‌သွားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု လည်း ပြောခဲ့သည်။

 

မင်းအောင်လှိုင်သည် တရုတ် တို့ အငမ်းမရ ဖြစ်နေမှု ကို နိုင်ကွက် အဖြစ် အသုံးချ နိုင်ရန် ကြံရွယ်နေခြင်း ဆိုသည်က ထင်ရှားနေသည်ဟု ဧရာဝတီ သတင်း ဆောင်းပါး တွင် ဖေါ်ပြထားသည်။ ထိုဒေသများ တွင် အကောင်အထည် ဖေါ်၍ ရအောင် အချိန်ကာလ သတ်မှတ် ‌နိုင်ရန် တရုတ်တို့ဖက်မှ စီစဉ် ပေးနိုင်မှ ဖြစ်မည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

 

တရုတ်ဖက်ကလည်း ၎င်းတို့ စီမံကိန်း ဒေသများတွင် မင်းအောင်လှိုင် တို့ ခြေချခွင့်ပင် မရ ဖြစ်နေသည်ကိုလည်း ကောင်းစွာ သိရှိထားပြီး ဖြစ်သည်။ 

 

မင်းအောင်လှိုင်သည် တရုတ်တို့ အကူအညီ ပေးမှသာ ၎င်းတို့ အနေဖြင့် အဆိုပါ ဒေသများသို့ ပြန်လည် ခြေချခွင့်ရပြီး လုံခြုံရေး တာဝန်ယူ နိုင်မည့် သဘော ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ အရေး တာဝန်ခံ ဂျေဆန် တာဝါ မှ ဆိုသည်။

 

တရုတ် သည် မြန်မာ တို့၏ ပြည်တွင်း ပြဿနာကို လက်တွေ့ကျကျ ချဉ်းကပ်လိုပြီး စစ်ခေါင်းဆောင်များ ကြံစည်သမျှ ကို အပြည့်အဝ ထောက်ခံလိုစိတ် မရှိကြဟု မှတ်ချက်ချခဲ့သည်။ ၎င်းတို့ လုပ်လိုသည်များ အတွက် လုံခြုံရေး အပြည့်အဝ ပေးနိုင်မည် ဆိုက တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ပူးပေါင်းဖို့ပင် ဝန်လေးမည် မဟုတ်သည့် အနေအထားတွင် ရှိ နေသည်။

 

မင်းအောင်လှိုင်သည် တရုတ်အား ယခုထက် ပို၍ ပတ်သက်စေချင်နေသည်၊ သို့မဟုတ်ကလည်း ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် အနေအထားမျိုး တိုင်းရင်းသား အဖွဲ့များ မှ ညှစ်ထုတ် ပေး စေ ချင် နေသည်။

 

မင်းအောင်လှိုင်သည် စစ်မြေပြင် တွင် အရှူံးများ ရင်ဆိုင်နေရသည့် အရေး မှ ရှောင်ရှားနိုင်ရန် တရုတ် တို့မှ ၎င်းတို့ လုံခြုံရေး အား အာမခံ နိုင်ရန် ၎င်း၏ ကူမင်း ခရီးစဉ် ၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်ဟု ဂျေဆင်တာဝါက သုံးသပ်ခဲ့သည်။

 

နောက်တကြောင်းက မင်းအောင်လှိုင်အား ပြုတ်မကျ အောင် လုပ်ပေးနိုင်သည့်တိုင် စီးပွားရေးကို မည်သို့မျှ စီမံ ခန့်ခွဲ နိုင်မည်မဟုတ်သည့်အပြင် ၎င်းတို့ ၏ အကျင့်ပျက် ခြစားမှု များ လည်း ဒင်းကြမ်း ဖြစ်လာတော့မည် ဆိုသည်ကို ကောင်းစွာ သိနေပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်သည် စီမံကိန်းများ ပြန်လည် စတင်ရန် ကတိပေးခဲ့ခြင်းသည် တရုတ် တို့ ၏ ဆက်လက် ထောက်ခံမှု ရရန် ပျားရည် နှင့် ဝမ်းချ ခြင်းထက် မပို ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ဆိုသည်။

 

မင်းအောင်လှိုင်သည် တရုတ် တို့ တိုက်ရိုက် ပါဝင် ပတ်သက်လာပါက နိုင်ငံတဝှမ်း မီးကို ရေနှင့် ငြိမ်းသတ်လိုက်သလို ဖြစ်သွားလိမ့်မည်ဟု အထင်ရောက်နေသူ ဖြစ်သည်။ 

 

သို့သော် တရုတ်သည် ဆိုဗီယက်တို့ အာဖဂန်နစ္စတန် ရှိ ကွန်မြူနစ် အစိုးရ ပြုတ်ကျတော့မည့် အရေးကြောင့် ဝင်ရောက် သိမ်းပိုက်ခဲ့ရာ ဆယ်နှစ်နီးပါး ပြင်းထန်စွာ ခုခံ တွန်းလှန်မှု နှင့် ရင်ဆိုင်ခဲ့ရပြီး စစ်စရိတ်များ ဘီလီယံပေါင်းများစွာ ကုန်ကျခဲ့ရသည်၊ နောက်ဆုံး စီးပွားရေး ချွတ်ခြုံကျလာမှု နှင့် အတူ ဆိုဗီယက် ယူနီယံ ပြိုကွဲသွားခဲ့ရသည့် သင်ခန်းစာသည်လည်း ပူပူနွေးနွေး ရှိပေသေးသည်။

 

ထို့ပြင် regional dynamics ပိုင်း ဖြစ်သည့် အိန္ဒိယ၊ အာဆီယံ နိုင်ငံများ ၎င်းတို့ အပေါ် မည်သို့ မည်ပုံ ရှူမြင်လာမည် ဆိုသည် နှင့် ၎င်းတို့အား နောက်တက်လာမည့် ဒေါ်နယ် ထရန့် ဖက် ရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားမည့် အရေးကိုလည်း မစဉ်းစားမိပဲ နေမည် မဟုတ်။

 

တရုတ် တို့က စစ်ခေါင်းဆောင်များ၏ ဝါးလုံးခေါင်းထဲ လသာ နေမှု၊ အမြင်မကျယ်မှု၊ ငါ တကော ကောလိုမှု များ ကို ကား ၎င်းတို့မည်သို့မျှ တည့်မတ်‌ အောင် လုပ်ပေးနိုင်မည် မဟုတ်၊ ၎င်းတို့ ဝင်ရောက်လာမည် ဆိုက မည်သူမျှ လက်ပိုက်ကြည့်နေတော့မည် မဟုတ်ဘဲ အနောက်အုပ်စုမှ စစ်ရေးအရ ကူညီ ထောက်ပံ့လာကြမည် ဆိုသည်အားလည်း တွက်ဆရဖို့ ဖြစ်လာသည်။ တရုတ်၏ စီးပွားရေးသည် လည်း အခြေအနေ မကောင်း ဖြစ် နေ သည်။ လက်ရှိတွင်ပင် ၎င်းတို့အား ချောင်ပိတ်ရိုက်ရန် လုံးပမ်းလာတော့မည့် ထရမ့် အစိုးရ အာဏာရလာတော့မည် ဖြစ်သည်။ တရုတ် အဖို့ ထိုအရေးအား တုန့်ပြန် နိုင်ရန် မည်သို့ ပြင်ဆင်ကြရမည်ကို ခေါင်းချင်း ရိုက် နေရချိန် ဖြစ်၍ မြန်မာပြည်မှ သမ္မတ လုပ်ဖို့က လွဲ၍ အခြား ဘာမှ စဉ်းစား နိုင်ခြင်း မရှိသည့် အာဏာရှင် ပေါက်စ အား ဖေးမဖို့ ခေါင်းထဲ ထည့် နိုင်ဦးမည် မဟုတ်။

 

ရှီကျင့်ပင်သည် ၂၀၂၇ တွင် တိုင်ဝမ် အား တရုတ် ပြည်မ ကြီး နှင့် ပေါင်းစည်းရမည်ဟု ကြိမ်းဝါးထားသည်ကို လမ်းလွှဲသွားစေမည့် လုပ်ရပ်မျိုးကို တာဝန်ယူမည် မဟုတ်ပေ။

 

တရုတ်တို့အဖို့က အချက် နှစ်ချက်သာ စဉ်းစားဖို့ ရှိ နေသည်၊ ပထမ အချက်က မင်းအောင်လှိုင် အဖွဲ့ မည်သို့မျှ ရေရှည်ခံဖို့ မရှိ၊ ဒုတိယ အချက်ကား ၎င်းတို့၏ စီးပွားရေး စင်္ကြန်လမ်းမကြီးသည် ၎င်းတို့ ဝင်မပါက ရေစုန်မျော တော့မည် ဆိုသည်ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် အဖို့ မည်မျှပင် စိတ်ကူးယဉ်နေစေကာမူ ၎င်းဖြစ်စေချင်သလို ဖြစ်လာဖို့ကား လောလောဆယ် တွင် ဝေးကွာနေဆဲပင် ဖြစ်သည်။

 

ထိုသို့သော အကြောင်းများ ရှိနေသော်လည်း မိမိတို့ တော်လှန်ရေးဖက်က အဆင်သင့် ပြင်ထားရမည်၊ ခပ်ပေါ့ပေါ့ သဘောထားမိလျင် အမှားကျုးလွန်ရာ ရောက်မည်။ နွားကွဲလျင် ကျားဝင်ဆွဲဖို့ ပိုလွယ်ကူမည် ဆိုသည်ကို သတိပြုမိဖို့ လိုပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!