ယနေ့ ထွက်ပေါ်လာသော သတင်းအရ MNDAA ခေါင်းဆောင် ဖုန်တာရွှင် သည် တရုတ်ပြည်တွင် ဆေးကုသမှု ခံယူပြီး အနားယူနေသည်ဟု ဘီဂျင်းတွင် အပတ်စဉ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ သူမှ ပြောဆိုသွားခဲ့သည်ဟု သိရသည်။
၎င်းသည် တရုတ် အထူးသံတမန် နှင့် တွေ့ဆုံရန် အောက်တိုဘာလ အကုန်ပိုင်းလောက်တွင် ယူနန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လားရှိူးမှ MNDAA တပ်များ ဆုတ်ခွာပေးရန် ဖိအားပေးသည်ကို ငြင်းဆို ခဲ့ခြင်း ကြောင့် ကူမင်းရှိ ၎င်း ၏ မိသားစု ပိုင် ဟို တယ် တွင် အကျယ်ချုပ် သဘော ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဖက်ဒရယ် နိုင်ငံရေးရာ ဆွေးနွေး ရေး နှင့် အတိုင်ပင်ခံ ကော်မတီ FPNCC အဖွဲ့ဝင် တဦးမှ ဧရာဝတီအား ပြောပြခဲ့သည်။
FPNCC သည် MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် နိုင်ငံရေး ဦးဆောင်မှု ကော်မတီ လည်း ဖြစ်သည်။
တရုတ်၏ လုပ်ရပ် နှင့် ပတ်သက်၍ FPNCC အဖွဲ့ဝင် နောက်တဦး မှ သုံးသပ်ရာတွင် ထိုသို့ ဖမ်းဆီးထားမှု ကို ကြည့်မည်ဆိုက ဒေသတွင်း နှင့် ရှေ့အနာဂတ် အတွက် အလွဲလွဲ အချော်ချော် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် MNDAA, ဝ တို့ နှင့်သာ ဖြစ်ပွားနေသည် မဟုတ်၊ MNDAA လားရှိုး မှ ဆုတ်ပေးလိုက်ယုံ နှင့် ပြဿနာ ပြေလည်သွားမည် မဟုတ်၊ ၎င်းတို့ စီမံကိန်းများ အကောင်အထည် ဖေါ် နိုင်ဖို့ ဆိုသည်က တိုင်းရင်းသား တပ်ဖွဲ့များ အားလုံး လက်ရှိ သိမ်းယူထားသော နယ်မြေအားလုံး မှ ဖယ်ပေးမှသာ ဖြစ်နိုင်မည်ဟုလည်း ထောက်ပြသွားခဲ့သည်။
MNDAA မှ လားရှိုး အား ပြန်ပေးမည်ဆိုသော သတင်းကို ငြင်းဆိုသွားခဲ့ပြီး မြို့အား ပုံမှန် လည် ပတ် နိုင်အောင် အုပ်ချုပ်ရေး ပိုင်း စီမံလုပ်ဆောင်နေသည်ဟု ဆိုသည်။
MNDAA အပါအဝင် တိုင်းရင်းသား တပ်များသည် အသက် သွေးချွေး ပေါင်း များစွာ ရင်း၍ တိုက်ယူထားရသော နယ်မြေများမှ ၎င်းတို့က ဖယ်ပါဆို၍ အဘယ်သို့များ ဖယ်ရှားပေးနိုင်ကြပေမည်နည်း။
တရုတ်သည် ပြည်တွင်းရေး ဝင်မစွက်၊ ရင်ကြားစေ့ရေး ဆိုသည်ကို လူကြားကောင်းအောင် ပြောနေသော်ငြားလည်း တိုင်း နှင့် ပြည်နယ် ၁၄ ခု ရှိသည့် အနက် ရန်ကုန် နှင့် ဧရာဝတီ မှ လွဲ၍ ကျန် တိုင်း နှင့် ပြည်နယ် ၁၀ ခု ရှိ တိုင်းရင်းသား ညီနောင် များအား ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်ကို ဟန့်တား သည့် စကားမျိုး တခွန်း တပါဒ မျှ ပင် ထွက်မလာခဲ့ပေ။
ထိုသို့ မပြောသည့် အပြင် မင်းအောင်လှိုင် နှင့် အဖွဲ့အား ဆက်၍ ထောက်ခံသွားမည်ဟုပင် ၎င်း၏ ကူမင်း ခရီးစဉ်အတွင်း အာမဘန္တေ ခံလိုက်သေးသည်။
သို့သော်လည်း တရုတ်သည် ၎င်းတို့ ပံ့ပိုး ပေးသွားယုံ နှင့် မင်းအောင်လှိုင်အား သက်ဆိုးရှည်အောင် လုပ် နိုင်မည် မဟုတ်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ဇာကာရီ အဘူဇာက RFA တွင် ရေးသားထားသည်။
မင်းအောင်လှိုင်သည် ၎င်းအား အသိအမှတ် ပြုနိုင်ဖို့ ရှီကျင့်ပင် နှင့် တွေ့ခွင့်မရခဲ့သော်လည်း ၎င်း၏ ခေါင်းထဲတွင် တရုတ်၏ စစ်ရေး အကူအညီများ ထပ်ရဖို့သာ စိတ်စောနေသည်။ ဝန်ကြီးချုပ် လီချွန်းအားလည်း အတိုက်အခံများက ငြိမ်းချမ်းရေးကို အစစ်အမှန် လိုလားလာလျင် ဆွေးနွေးမည် ဟု ကတိပေးခဲ့သည်။ ဆိုလိုသည်က ၎င်းတို့အား တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရမည် ဟူ၍ ဖြစ်သည်။
မင်းအောင်လှိုင်သည် မအူမလည် နှင့်သံတမန်ရေးအရ အလဲထိုး ခံခဲ့ရသော ၂၀၂၁ ဧပြီလ ဂျကာတာ ထိပ်သီး ဆွေးနွေးပွဲ အပြီး သုံးနှစ်ကျော် ကာလ အတွင်း ပထမဆုံးအကြိမ် အဖြစ် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယား ဝန်ကြီးချုပ် များ နှင့် တွေ့ခွင့် ရသွားခဲ့သည်။
ရင်းနှီးမြုပ်နှံမှု များ အလွန်အမင်း လိုချင်နေ၍ တရုတ် စီးပွားရေး လုပ်ငန်းရှင်များအား အခွန် လျော့ပေါ့ ပေးမည်၊ ငွေများကို ဒေါ်လာ အစား ယွမ် နှင့် ပေးချေခြင်းကို လက်ခံမည်ဟု မက်လုံးပေးခဲ့သည်။ သို့သော်လည်း တရုတ် ကုမ္ပဏီများ ဖက်မှ မယ်မယ်ရရ ကတိကဝတ်များ ရမလာပဲ ပြန်လာခဲ့ရသည်။
နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ မကြုံစဖူးအောင် ပြင်းထန်နေချိန်တွင် တရုတ်ဖက်မှ စစ်ကောင်စီအား ပို၍ပင် ထောက်ခံမှု ပေးလာနေသည်။ (တရုတ်ကောင်စစ်ဝန်ရုံးအား ၎င်း၏ ခရီးစဉ် မတိုင်မီ လက်ပစ်ဗုံး နှင့် တိုက်ခိုက်ခဲ့မှု သည် ကြိုတင် စီစဉ်မှုလောဟု သံသယ ဖြစ်မိသည်။)
လီချွန်းကလည်း ၎င်းတွင် ဦးစားပေး ပြောရမည့် အကြောင်းများ ရှိနေသည်။ ပထမ အကြောင်းက ကချင် နှင့် ညီနောင်သုံးဖေါ်အား ဖိအားပေးသည့် အနေဖြင့် ပိတ်ထားသော နယ်ခြားဂိတ်များ ပြန်ဖွင့် နိုင်ရေး ဖြစ်သည်။ ဒုတိယ အကြောင်းက ရွှေလီ မှ ကျောက်ဖြူ အထိ မီးရထားလမ်း ဖောက်လုပ်ရေး ဖြစ်သည်။
အမေရိကန် နှင့် ရှေ့လျောက် တင်းမာမှု များ မြင့်တက်လာစရာ အကြောင်းများ ရှိနေ၍ မလက္ကာရေလက်ကြား ပိတ်ဆို့ခံရမည့် အရေး စိုးရိမ်လာ၍ အက်ဒမန် ဖက် ဆိပ်ကမ်း ရရှိထား ရေး သည် တရုတ်တို့ လွန်စွာ အရေးကြီးလာနေသည်။
ကေအိုင်အေ နှင့် ညီနောင် သုံးဖေါ်ကလည်း တရုတ်၏ ဖိအား ကို တင်းခံလျက် ရှိနေသည်။ ယခုအခါ မိုင်းလား နယ်ခြား ဂိတ်သာ ဖွင့်ထားနိုင်တော့သည်။ MNDAA သည် တရုတ်၏ ဖိအားကြောင့် NUG နှင့် ကင်းကင်းရှင်းရှင်း နေပါမည်ဟု လူသိရှင်ကြား ပြောဆိုခဲ့ရသည်။ သို့သော်လည်း ဆက်၍ ညှိနှိုင်း ဆောင်ရွက်မှု များ ရှိနေဆဲဖြစ်သည်။
ကေအိုင်အေသည် မြို့ပေါင်း ၁၂ မြို့ကို သိမ်းယူထားပြီး ဖြစ်သည့်ပြင် နောက်ဆုံးကျန်နေသော ချီဖွေ ကို ရရှိသွားခြင်းကြောင့် ၎င်းတို့ဖက်ခြမ်းရှိ နယ်ခြား ဂိတ်များ လုံးဝ ပိတ်သွားခဲ့ပြီ ဖြစ်သည်။ ဖားကန့်ကိုလည်း ဆက်လက် တိုက်ခိုက်လျက် ရှိနေပြီး စစ်ကိုင်း တိုင်း နှင့် ရှမ်းမြောက်ဖက်ရှိ မြို့ ပေါင်း ၆ မြို့ကိုလည်း ရရှိထားသည်။
စစ်တပ်သည် TNLA ထိန်းချုပ်ထားသည့် ပြင်ဦးလွင် နှင့် အမြှောက်တကမ်း အကွာတွင်ရှိ နောင်ချို မြို့နယ် အတွင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေပြီး အပြစ်မဲ့ ပြည်သူများ ဗုံးကြဲ တိုက်ခိုက်ခံနေရသည်။ စစ်တပ်သည် ပြင်ဦးလွင် ပတ်ပတ်လည် တွင်လည်း ကတုတ်ကျင်းများ၊ စစ်ဆေးရေး ဂိတ်များ ဖြင့် ခံစစ် အတွက် ပြင်ဆင်ထားသည်။ သို့သော်လည်း TNLA နှင့် MNDAA တပ်များအား မယှဉ်နိုင် ဖြစ်နေသည်။
ကရင်နီ ကာကွယ်ရေး တပ်များ ခဲယမ်းမီးကျောက်များ ပြတ်လတ် လာသည်ကို အခွင့်ကောင်းယူ၍ လွိုင်ကော် အနီးတဝိုက်ရှိ နယ်မြေများ ပြန်၍ သိမ်းယူ နိုင်ရန် ပြင်ဆင်လာသည်။
နိုင်ငံ အနောက်ခြမ်း တွင်လည်း အာရက္ခ တပ်တော်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေဆဲ ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ ဌာနချုပ် မကျရေး အတွက် စစ်ကူ အမြောက်အမြား ပို့နေရပြီး Mi-17 ရဟတ်ယာဉ် တစီး ဆုံးရှုံးသွားခဲ့သည်။ ကျောက်ဖြူ သည်လည်း ဝိုင်းရံ ပိတ်ဆို့ ခံနေရသည်။
စစ်ကောင်စီသည် ယခုအခါ ဂွ တွင် လက်နက် လူသူ စုဆောင်းနေပြီး အမ်း ရှိ အဖွဲ့များ အသက်ရှု ပေါက် ရအောင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေသည်။
ချင်းတော်လှန်ရေး တပ်များသည်လည်း ဆုတ်ခွာနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးလျက် ရှိနေသည်။
နိုင်ငံ အလယ်ပိုင်းသို့ BPLA တပ်များ ဝင်ရောက်လာသည့် အတွက် စစ်တပ်သည် အရက်စက်ဆုံး နည်းလမ်း များ သုံး၍ အရပ်သား ပြည်သူများကို သတ်ဖြတ်၊ ရွာများကို မီးရှိုကာ မြေလှန်စနစ် ကျင့်သုံးနေကြသည်။ ဒရုန်းများကိုလည်း ယခင်ကထက် တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ကြသည်။
စစ်တပ်သည် လေတပ် အင်အားကို အဓိက အမှီသဟဲ ပြုကာ တိုက်ခိုက်နေရသည်။ တော်လှန်ရေး တပ်များကလည်း လေတပ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။
ဂြိုလ်တု သတင်းဓါတ်ပုံများ တွင် စစ်တပ်သည် ပခုက္ကူ ရှိ အသေးစား လေယာဉ် ကွင်းအား တိုးချဲ့မွမ်းမံနေသည်ကို တွေ့ရသည်။ ယင်းအား လေယာဉ် ဆီ ဖြည့်နိုင်ရန် အသုံးချဖို့ ရည်ရွယ်ထားဟန် ရှိသည်။
တရုတ်သည် မင်းအောင်လှိုင်၏ လုပ်ရည် ကိုင်ရည် အပေါ် မည်သို့မျှ အားမရသော်လည်း အခြား ရွေးစရာ လမ်း မရှိတော့၍ ထောက်ခံမှု ပေးလိုက်ရသည်။
သို့သော်လည်း တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များက ဘီဂျင်း၏ ဖိအား အောက်တွင် ပြားပြားဝပ်မနေကြတော့၍ ဘီဂျင်း၏ အသစ်တဖန် ထောက်ခံပေးလာမှု သည်လည်း စစ်ကောင်စီ အား ကယ်တင်နိုင်ဖို့ အထိ လုံလောက်မှု ရှိမည် မဟုတ်တော့ဟု ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!