တခါတရံ တွင် တွေ့လာရသော သတင်းများက မဟုတ်တန်ရာ ဟု ထင်မှတ်မိသည်၊ ထိုသို့ ထင်ခဲ့ခြင်း မှာလည်း ၎င်းတို့အား ထိုမျှလောက် လူလို မသိ၊ အောက်တန်း ကျလိမ့်မည် မဟုတ်ဟု ယူဆမိသော ကြောင့် ဖြစ်သည်၊ ထိုသို့ အယူအဆ ဖြင့် မဟုတ် လောက်ဟု ထင်ခဲ့မိသည်များသည် တကယ် ဖြစ်နေသည်၊ ဤသည်ကပင် ၎င်းတို့ အဖို့ မည်မျှ အထိ သွေးရူးသွေးတမ်း ဖြင့် မစဉ်းစား နိုင်အောင် ဖြစ်လာနေသည်ကို အထင်အရှား ပြဆိုနေခြင်းပင် ဖြစ်သည်။
နိုင်ငံ ကို အစိုးရပီပီ အုပ်ချုပ်သွားဖို့ စိတ်ကူးမရှိကြတော့ဘဲ စစ်အနိုင်တိုက်ရေး ကိုသာ ခေါင်းထဲတွင် ရှိနေကြသည်။ ဤသို့ဖြင့် တိုင်းပြည်ကြီး တဖြေးဖြေး နှင့် လုံးပါး ပါးလာနေသည်ကို ပြည်ပ နိုင်ငံ များကလည်း စိတ်မသက်မသာ ဖြင့် စောင့်ကြည့်နေကြရသည်။
ယခင်က ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြသော အလုပ်သမား လူငယ် လေးများ၏ ချွေးနဲစာထဲမှ ၂၅ ရာနှုန်း ကို ၎င်းတို့ သတ်မှတ်ထားသည့် ပေါက်ဈေး ဖြင့် ဘဏ်များမှ တဆင့် မိသားစုထံ ပြန်လွှဲပေးရမည် ဟု ဆိုကာ အိပ်ကပ်ထဲက အတင်း အဓမ္မ နှိုက်ယူ ခဲ့သည်။
၎င်းတို့ တောင်းသမျှ ပေးပါမည် ဆိုသည့်တိုင် အသက် ၂၂ နှင့် ၃၂ နှစ် ကြား လူငယ်များကို ပြည်ပအလုပ်သမား များ အဖြစ် စေလွှတ်ခြင်းကိုလည်း တားမြစ်လာပြန်သည်။
ယခုအခါ ပြည်ပရောက် အလုပ်သမားများထဲမှ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရလျှင် ချုပ်ဆိုထားသော စာချုပ်သက်တမ်း ပြည့်က နိုင်ငံသို့ ပြန်ပြီး မဖြစ်မနေ စစ်မှု ထမ်းရန် အတွက် အလုပ်သမား အေဂျင်စီ များအား ပြန်ခေါ်ပေးရမည် ဟု တာဝန်ပေးလာပြီ ဖြစ်သည်။
ပြည်တွင်း တွင်လည်း အလုပ်အကိုင် ဟူ၍ မယ်မယ်ရရ ဖန်တီးပေးနိုင်စွမ်း မရှိ၊ မိမိတို့ မိသားစု စားဝတ်နေရေး အတွက် လာအို လို နိုင်ငံပင် မကျန် သွားလို့ရသည့် နိုင်ငံ မှန်သမျှ သွားကာ ပင်ပန်းဆင်းရဲစွာ သွားရောက်လုပ်ကိုင်နေသည့် လူငယ်များကို အတင်းအကျပ် ပြန်ခေါ်ကာ သေတွင်း ပို့မည့် အဖြစ်ကို ကြည့်က မည်သို့မျှ လူလို စဉ်းစား တွေးခေါ်တတ်ခြင်း မရှိသည်က ထင်ရှားနေသည်။
၎င်းတို့ သားသမီးများတော့ တိုင်းပြည်၏ အညွန့်အဖုး များကို စားသောက်ကာ ဇိမ်ယစ်နေကြသည်၊ မင်းအောင်လှိုင်သည်ပင် တရုတ် ခရီးစဉ် အတွင်း ၎င်း၏ သားဖြစ်သူ တဦးတည်း မောင်ပိုင်စီးကာ တင်သွင်း နေသည့် လျပ်စစ်ကား များ ထုတ်လုပ်ရာ BYD စက်ရုံ သို့ပင် အရောက်သွားကာ လုပ်ငန်းများ ဆွေးနွေး ပေးခဲ့သည်ကို တွေ့ရသည်။ (ပုံတွင်ရှူ)
နောက်ထပ် ထွက်ပေါ်လာသည်က ဘီဂျင်းရှိ ချာဟာ နှင့် တိုင်ဟီ အင်စတီကျူ တို့မှ ဖိတ်ခေါ်သည်ဟု ဆို ကာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း သက်ကျားအို နှစ်ဦးအား ဖိတ်ခေါ်ခဲ့ခြင်းသည် နိုင်ငံတွင်း စီအိုင်အေ နှင့် တိုင်ဝမ် ထောက်လှန်းရေး ဖက်မှ မည်မျှ အတိုင်းအတာ အထိ စိမ့်ဝင် လှုပ်ရှားနေသည် နှင့် လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသည်များကို သိရှိ နိုင်ဖို့ ဆွေးနွေးခြင်း ဖြစ်သည်ဟု စစ်ကောင်စီ လိုလားသည့် The Statesmen အပတ်စဉ် ဂျာနယ် တွင် ပါရှိလာသည်ကို ကိုးကားပြီး ဧရာဝတီ က ဖေါ်ပြထားသည့် သတင်းပင် ဖြစ်သည်။
အထူးသဖြင့် အမေရိကန် သံရုံး ဝန်ထမ်း အဖြစ် အသွင်ယူထားသော စီအိုင်အေ အေးဂျင့်များ အကြောင်း နာမည် နှင့် တကွ အတိအကျ သိရှိနိုင်ရန် ဖြစ်သည်ဟု ဆိုသည်။
ကချင် လွတ်မြောက်ရေး အဖွဲ့မှ တရုတ်ပြည်မှ နယ်ခြား ဂိတ်များကို ပိတ်သည်ကို လက်တုန့်ပြန်သည့် အနေဖြင့် ၎င်းတို့ ထိန်းချုပ် နယ်မြေများ ဖြစ်သည့် လိုင်ဇာ နှင့် ပန်းဝါ ဂိတ်များကို သစ်တုံးများ၊ သံဆူးကြိုးများ ဖြင့် ပိတ်ဆို့လိုက်ခြင်းဖြင့် ရှားပါး မြေသား သတ္တုများ တရုတ်သို့ တင်သွင်းနေခြင်းကို ဖြတ်တောက်လိုက်ပြီဟု သိရသည်။
Global Witness အဆိုအရ ကချင်ပြည်နယ် အတွင်းရှိ ချီဖွေ နှင့် ပန်းဝါ မြို့နယ်များတွင် ရှားပါး မြေသား သတ္တုတွင်း ပေါင်း ၃၀၀ ခန့် ရှိနေသည်ဟု သိရသည်။ အဆိုပါ သတ္ထုရိုင်းများကို တရုတ်ပြည်တွင်း သန့်စင်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချခဲ့ရာ တကမ္ဘာလုံး လိုအပ်ချက်၏ ၇၀ ရာနှုန်းကို ထိန်းချုပ်ထားသည်။
ရခိုင်ပြည်နယ် အတွင်း နောက်ထပ် မြို့လေးမြို့ ဖြစ်သည့် အမ်း၊ တောင်ကုတ်၊ ဂွ၊ မောင်းတော မြို့များ လက်လွှတ်ရတော့မည် ဖြစ်၍ မင်းအောင်လှိုင်သည် သမိုင်းတွင် "ရခိုင်ပေး" မင်း ဟု အမည် တွင်ကျန်ရစ်တော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!