ထောက်ခံ နေသော်လည်း ထူးခြားမလာ

by Hla Soewai - Nov 22 2024

စစ်တပ်သည် တရုတ်၏ အကြံပေး ချက်များ နှင့် စစ်ဆင်ရေး ပိုင်း တွင် အပြောင်းအလဲများ နှင့် တီထွင် ကြံဆ မှု များ လုပ်လာသော်ငြားလည်း စစ်မြေပြင် တွင် မည်သို့မျှ ထူးခြားမှု ရှိမလာဘဲ ဖြစ်နေသည်။ သို့သော် ထိုသို့‌ သော အပြောင်းအလဲ များ ဒဏ်ကို လူထုသည် ကျောကော့အောင် ခံလာနေရသည်။ ယင်း နှင့် အတူ မြန်မာ ပြည်တွင်းစစ်သည် နိုင်ငံတကာမှ လူသား ချင်း စာနာ ထောက်ထားမှု ဖြင့် ကူညီရမည် အရေးကို လျစ်လျု ရှူ၍ မရတော့လောက် အောင် ဖြစ်လာနေ၍ ပြဿနာသည် ပို၍ ‌လေးနက်လာနေပြီ ဖြစ်သည်။

 

ဝါရှင်တန် တွင် ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီရန်တို နှင့် ဂျိုး ဘိုင်ဒင် တို့မှ အရပ်သား များ အပေါ် အကြမ်းဖက်မှု များ ဆက်လက် ကျုး လွန် နေခြင်း ကို ပြစ်တင် ရှုတ်ချသည်ဟု အိမ်ဖြူတော် မှ ထုတ်ပြန်သော ပူးတွဲ ကြေညာချက် တွင် ပါရှိလာခဲ့သည်။ ယင်းသည် အင်ဒို သမ္မတ ၏ စစ်ကောင်စီ အပေါ် ပွဲဦးထွက် လူသိရှင်ကြား ရှုတ်ချ လိုက်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံတကာ အစိုးရများ အဖို့ ကိုယ်ကျင့် သိက္ခာ ပိုင်းအရ လျစ်လျုရှူ၍ မရအောင် ခေါင်းခဲလာနေရသလို စစ်‌ ခေါင်း ဆောင် များ အဖို့ လည်း ဗူးလေးရာ ဖရုံဆင့် ဆိုသလို နောက်ထပ် ပြဿနာ တခု နှင့် ရင်ဆိုင်ရဖို့ ရှိလာနေသည်။

 

မြန်မာ ပြည်တွင် ပြည်သူများ နေ့စဉ် နှင့် အမျှ ဗုံးကြဲ အကြမ်းဖက် ခံနေရသည်ကို အစိုးရ လုပ်နေသူများက မသိကျိုးကျွံ ပြုနေကြသော်လည်း ၎င်းတို့ ပြည်သူများ က မခံမရပ်နိုင် ဖြစ်လာကြသည်။

 

ယခု အခါ အိန္ဒိယ နိုင်ငံထုတ် တယ်လီဂရပ်ဖ် သတင်းစာ ကြီးမှ အမေရိကန် နိုင်ငံသား တဦး ဦးဆောင်ပြီး ဖက်ဆစ် ဆန့်ကျင်ရေး နိုင်ငံတကာ တပ်ဦး ကို ဖွဲ့စည်း ပြီး စိမ့်ဝင်လာသည် ဟု ရေးသားထားသည်။ လောလောဆယ် တွင် အရည်အတွက် အားဖြင့် မပြောပလောက်သေးသော်လည်း စည်းရုံးရေး အား ကောင်းပါက ဆက်၍ တိုးပွားလာဖွယ် ရှိနေသည်ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ တပ် ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း မြေပြင်တွင် တဖြေးဖြေး အင်အား ကောင်းလာနေပြီ ဖြစ်သည့် အပြင် ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ် မှ စစ်ကူများလည်း ရောက်ရှိလာနေပြီ ဖြစ်သည်။ စစ်တပ် အဖို့က ယခုထိ ဆုံးရှုံးသွားသော မြို့များ၊ စခန်းများကို ပြန်သိမ်းရန် လေကြောင်းပစ်ကူ အသာနှင့် အကြိမ်ကြိမ် အဖန်ဖန် ကြိုးပမ်းသော်လည်း အောင်မြင်မှု မရ ဖြစ်နေခြင်းသည် ၎င်းတို့၏ စစ်ရေး ဗျုဟာ ပိုင်းတွင် ကြောက်မက်ဖွယ်ရာ အားနည်း ချက်များ ရှိလာနေပြီ ဖြစ်သည်ဟု လေ့လာသူ များ က မှတ်ချက် ချခဲ့ကြသည်။

 

တဖက်တွင်လည်း လူသစ်များ အတင်းအကျပ် စုဆောင်းပြီး အင်အား ဖြည့်တင်းခဲ့ကြသော်လည်း စစ်သားသစ်များသည် လူထု ကြားထဲက ရောက်ရှိလာကြသူများ ဖြစ်နေ၍ စစ်တပ်အပေါ် ၎င်းတို့၏ မိဘ၊ ညီအကို ဆွေမျိုး မိတ်ဆွေများက မည်မျှ အထိ မုန်းတီးနေသည်ကို ကောင်းစွာ သိရှိ ပြီး ဝင်ရောက်လာကြသူများ ဖြစ်နေသည်၊ ထို့အတွက် တိုက်ချင် ခိုက်ချင် စိတ် မရှိအောင် ပင် စိတ်ဓါတ်ရေးရာ အရ ချွတ်ခြုံကျပြီးသား ဖြစ်နေကြပြန်သည်။

 

တရုတ်သည် ၎င်းတို့ မင်းသားခေါင်း ဆောင်းထားသည် ကို ခွာချ လိုက်မှု ကြောင့်လည်းတော်လှန်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် များ အကြား သွေးစည်းမှု ပို အား ကောင်းလာသည်။ ထိုအရှိန်ကို ဆက်ထိန်းထားနိုင်မည် ဆိုက စစ်တပ်သည် မည်သို့မျှ ပြန်နာလံ ထူလာ နိုင်မည် မဟုတ်တော့။

 

သေနတ်သံများ ရှမ်းမြောက် ‌ဒေသတွင် တိတ်ဆိတ် သွားသော်လည်း ကချင် နှင့် ရခိုင် တိုင်းရင်းသား တပ်များသည် တရုတ်၏ စွက်ဖက်လာမှု ကို အမှု မထားပဲ ဆက်လက် တိုက်ပွဲ ဝင်လျက် ရှိနေသည်။ ၎င်းတို့ လိုလားသော ကိုယ့်ကြမ္မာ ကိုယ် ဖန်တီး နိုင်ခွင့် အတွက် တရုတ်၏ ဟိုင်ဂင် ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည် မဟုတ်ပဲ ကိုယ့်အား ကိုယ်ကိုး တိုက်ယူမှ ရမည် ကို သိထားကြသောကြောင့်လည်း ဖြစ်ပေသည်။

 

တရုတ်သည် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အတွက် အာရက္ခ တော်လှန်ရေး အဖွဲ့ကို မျက်နှာချို သွေးရတော့မည် ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

အာရက္ခတပ်တော်သည် ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ မြို့ပေါင်း ၁၀ မြို့ကို သိမ်းပိုက်ထားပြီး စစ်ကောင်စီသည် အမ်း၊ ဂွ၊ တောင်ကုတ် နှင့် မောင်းတော မြိုများကို အလူးအလဲ ခုခံ ကာကွယ် နေကြရသည်။

 

ဆက်လက်ပြီး လက်ရှိ နှင့် ဖြစ်ပေါ်လာနိုင်သည်များ ကို သုံးသပ် ဖေါ်ပြထားရာတွင် PDF တပ်များသည်မန္တလေး မြောက်ဖက်ရှိ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူ၊ မတ္တရာ ဒေသများတွင် ခြေကုပ်ရရှိလာတော့မည် ဖြစ်ပြီး တောင်ဖက်ခြမ်းတွင်လည်း ပျောက်ကျား စစ်ဆင်ရေး များ ဖြင့် လှုပ်ရှားလာကြတော့မည်ဟု ဆိုသည်။ ထောင်နှင့် ချီသော BPLA တပ်များလည်း MNDAA ထိန်းချုပ် နယ်မြေ များမှ တဆင့် စစ်ကူ အဖြစ် ဝင်ရောက်လာနေကြသည်။

 

စစ်ကိုင်း ဒေသကြီး တွင်လည်း ကေအိုင်အေ ဦးဆောင်သော PDF တပ်များသည် ပင်လယ်ဘူး အပါအဝင် မြို့ ငါး မြို့ကို သိမ်းပိုက်ထားကြပြီး ဖြစ်သည်။ အင်းတော် နှင့် ထီးချိုင့် ကို ဆက်လက် တိုက်ခိုက်သွားရန် ရှိနေသည်။

 

ချင်းတော်လှန်ရေး တပ်များသည် ချင်းပြည်နယ် အတွင်း ဒေသ အတော်များများကို ထိန်းချုပ်ထားပြီး ဟားခါး နှင့် ထန်တလန် တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ တောင်ပိုင်းတွင် မတူပီ ကို ရရှိထားပြီး မင်းတပ် ကို ဆက်လက် တိုက်ခိုက်လျက် ရှိနေသည်။

 

ကရင်နီ တော်လှန်ရေး တပ်များသည် လက်နက်ခဲယမ်း မလုံလောက်မှု ကြောင့် လွိုင်ကော် မှ ဆုတ်ခွာ ပေးခဲ့ရသော်လည်း အနီးအနားရှိ ကျေးလက်‌များ နှင့် နယ်မြေ အများအပြားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။

 

စစ်ကောင်စီသည် ပြီးခဲ့သည့် လ များ အတွင်း ပအို့တပ် PNO ကို သုံးပြီး ရှမ်းပြည် တောင်ပိုင်း ကရင်နီ နယ်စပ် အနီးရှိ ဖယ်ခုံ နှင့် ပင်လောင်း ‌ဒေသ များ တွင် ထိုးစစ်များ ဆင်လာခဲ့သော်လည်း ယခုထိ ရည်မှန်းချက်များ အောင်မြင်ခဲ့ခြင်း မရှိသေးပေ။

 

ကေအင်ယူ နှင့် မဟာမိတ် PDF တပ်များသည် ကရင်ပြည်နယ် အတွင်း နယ်မြေများကို တိုးချဲ့လာနေပြီး မြဝတီ၊ ကော့ကရိတ် နှင့် ဖာပွန် အနီးတဝိုက်ရှိ ဒေသများကို သိမ်းယူနိုင်ခဲ့သည်။ ယခုအခါ တော်လှန်ရေး အင်အားစုများသည် သံလွင် နှင့် စစ်တောင်းမြစ် တဖက်ကမ်း ညောင်လေးပင် အကြား ဒေသများကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

တနင်္သာရီ၊ ပဲခူး နှင့် ရန်ကုန် တွင် ပျောက်ကျား စစ်ဆင်ရေး များ ဖြင့် ဆက်လက် လှုပ်ရှားသွားမည် ဟု ဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တွင် စစ်ကောင်စီသည် မြို့ပေါင်း ၈၆ မြို့၊ တပ်ရင်း တပ်စခန်း ၁၄၀ ခန့် လက်လွှတ်ပေးခဲ့ရပြီ ဖြစ်ပြီး ရှေ့လျောက်ဆက်၍ များပြားလာဖို့သာ ရှိနေသည်။

 

စစ်ကောင်စီ သည် တရုတ် အားကိုး ဖြင့် လေကြောင်း တိုက်ခိုက်မှု များ အရှိန်မြင့်လာနိုင်သော်လည်း ၎င်းတို့ ပြိုလဲသွားဖို့ အရေးက ဘယ်အချိန် ဖြစ်မည်နည်းဟု သာ မေးဖို့ ရှိပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!