တရုတ်နည်း တရုတ်ဟန် ဆေးဝါးများ ကမ္ဘာတဝှမ်းသို့ သွတ်သွင်းလာနေ

by Hla Soewai - Apr 15 2020

ဟူဘေး ပြည်နယ်မှ ဘတ်စ်ကား မောင်းသူ ဝမ် ဒါရှင်း ဆိုသူသည် ဝူဟန်ရှိ ယာယီ ဆေးရုံ တဲ ထဲတွင် နှစ်ပတ်ကြာမျှ နေခဲ့ရစဉ် အတွင်း ဆရာဝန်များ ပေးသော ဝါ ညို ရောင် အားဆေး အရည်ကို သောက်ခဲ့ရသည်။ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ အဖျား နှင့် ချောင်းဆိုးရောဂါသည် သိသိသာသာ သက်သာသွားခဲ့ပေသည်။ သို့သော် သူ မသိခဲ့သည်မှာ ယခုလို သက်သာသွားခဲ့ရခြင်းသည် ကမ္ဘာတဝှမ်း ရှိ ကိုဗစ် ကူးစက်သူများလို မိမိတို့၏ အတွင်း ကိုယ်ခံအား က တိုက်ဖျက်ပေးလိုက်ခြင်း ဆိုသည့် အချက်ပင် ဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ ကျန်းမာရေး ပညာရှင်များက ကိုဗစ်-၁၉ အတွက် အခြားသော ဆေးဝါးများကို အယုံလွယ်ပြီး မသုံးစွဲမိကြစေရန် ထပ်တလဲလဲ သတိပေးခဲ့ပြီး ဖြစ်သည်။ သို့သော် တရုတ် အာဏာပိုင်များ၏ အကြံပေးချက်သည် ပြောင်းပြန် ဖြစ်နေသည်။ တရုတ်အစိုးရ ကိုယ်တိုင် ၎င်းတို့၏ တိုင်းရင်းဆေး traditional Chinese medicine (TCM) အား အလွန်အကျွံ ရှေ့တန်းတင်လာခြင်းပင် ဖြစ်သည်။ ဇန်နဝါရီအတွင်း တရုတ်ပြည်တွင် အခြေအနေများ ဆိုးဝါးလာချိန်၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ကုသပျောက်ကင်းနိုင်သည့် TCM ကုထုံးများကို စာရင်းပြုစု၍ပင် ထုတ်ပြန်ပေးခဲ့သည်။ ဟူဘေး ပြည်နယ်သို့ပင် TCM ပညာရှင် ငါးထောင် ခန့် စေလွှတ်ပြီး ကုသခိုင်းခဲ့သည်။ TCM အတွက် အားကစား ကွင်းကြီး တခုကို ယာယီ ဆေးရုံ အဖြစ် ပြောင်းလည်း ဖွင့်လှစ်ပေးခဲ့သည်။

မတ်လ ၂၃ ရက်နေ့တွင် ဝေဒနာရှင် ၉၀% ခန့် သက်သာလာပြီဟု TCM ပညာရှင် အမျိုးသမီးတဦးက ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ သို့သော် မည်သို့ မည်ပုံ နှင့် အခြားသော အချက်အလက်များကို တင်ပြပြောဆိုနိုင်ခဲ့ခြင်း မရှိပေ။

တရုတ်ပြည်တွင် ရောဂါပြန့်ပွားမှုက ကျဆင်းလာပြီ ဖြစ်သည်။ ထို့အတွက် ဧပြီလ ၈ ရက်နေ့တွင် ဝူဟန်ရှိ ပိတ်ဆို့ထားသည့် ကြိုးတန်းများကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပြီး ယာယီ ဆေးရုံပေါင်း ၁၆ ခု နှင့် မတ်လ အတွင်း ဖွင့်လှစ်ခဲ့သော TCM ဆေးရုံကိုပင် ပိတ်လိုက်ပြီ ဖြစ်သည်။

ယခုအခါ တရုတ်တို့က TCM ကို ပြည်ပသို့ တင်ပို့ရန် စိတ်အားထက်သန် လာနေကြပြီ ဖြစ်သည်။ TCM ပညာရှင်များ သည် ကမ္ဘောဒီယား၊ အီတလီ နှင့် အီရတ်သို့ပင် ရောက်ရှိလာကြပြီ ဖြစ်သည်။ အခြားနိုင်ငံများသို့လည်း ဆေးဝါးများ လှူဒါန်းခဲ့သည်ဟု အစိုးရက ပြောကြားခဲ့သည်။ (မြန်မာသို့ ရောက်လာသူများသည် TCM များ ဟုတ်မဟုတ် မသိရသေး...စာရေးသူ)။

ဂလိုဘယ် တိုင်းမ် သတင်းစာ တွင် နိုင်ငံပေါင်း ၆၄ နိုင်ငံမှ လူ ကိုးသောင်းခန့်သည် ဗွီဒီယို ကွန်ဖရင့် ဖြင့် တရုတ် TCM ပညာရှင်များထံမှ လေ့လာ သင်ယူခဲ့ကြသည်ဟု ရေးသားခဲ့သည်။ တန်ဇန်နီးယား ကျန်းမာရေး အရာရှိတဦးမှ တရုတ်၏ TCM ဆေးသည် အာဖရိကတိုက်သားများ အတွက် လိုက်နာ ကျင့်သုံးသင့်သည့် “စံပြ” ဟု ပြောဆိုခဲ့သည်ကို တရုတ် အစိုးရ မီဒီယာများက တခမ်းတနားပင် ဖေါ်ပြလိုက်ကြပေသေးသည်။

တရုတ် အစိုးရဖက်က ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူများကို TCM ဖြင့် ကုသပေးခြင်းမျိုးကိုတော့ အားပေးခဲ့ခြင်း မရှိပေ။ TCM ပညာရှင်များကလည်း အနောက်တိုင်း ဆေးဝါး များသည် ဝေဒနာ ပြင်းထန်သူများကို ကုစားရာတွင် ထိရောက်မှု မရှိဟု ပြောဆို ငြင်းခုံခဲ့ခြင်းမျိုး လည်း မရှိပေ။ သို့သော် TCM သည် လူနာကို ချွေးသိပ်ရန် ငါးပွက်ရာ ငါးစာချ ဆေးဝါးမျိုး တော့ မဟုတ်ဟု အစိုးရမှ ကြေငြာခဲ့ပြီး ၂၀၁၆ ခုနှစ် အတွင်း ထုတ်ပြန်သော စက္ကူဖြူ စာတမ်းတွင် သိပ္ပံနည်းကျ ဆေးဝါး ဖြစ်၍ ပြန်လည်ဆန်းသစ်ရန် စမ်းသပ်သင့်သည်ဟု ထည့်သွင်း ရေးသားလာခဲ့သည်။

တရုတ် အဖို့ TCM သည် သစ်ဥ သစ်ဖုများ ဖြင့် ဆေးဖက်ဝင်အောင် ဖေါ်စပ်ထားခြင်းမျိုး မဟုတ်ဟု အခိုင်အမာ ပြောဆိုလာခဲ့သည်။ ဘတ်စ်ကား ဒရိုင်ဘာ အား ဖေါ်စပ်တိုက်ခဲ့သော ဆေးတွင် ကွမ်းသီး၊ မက်မန်းသီး နှင့် ephedra sinica ဆေးမြစ် အပင် များနှင့် ရောစပ်ကျိုချက် တိုက်ခဲ့ခြင်း ဖြစ်သည်။ ထို ephedra sinica အပင်သည် တရုတ်တွင် တုတ်ကွေးရောဂါ ကုသရန် ရာစုနှစ်ပေါင်း များစွာ သုံးစွဲလာခဲ့ပြီး ဖြစ်သည်။ တရုတ်အပ်စိုက်နှင့် moxibustion ခေါ် သစ်ပင်အခြောက်များကို လူ အရည်ပြားအနီး မီးတိုက်ခြင်းနှင့် ကွန်ဖူး ကားများတွင် တွေ့ရသော ‘ကီ’ သွင်းခြင်း မျိုး ပါဝင်သည်။

TCM သည် သုံးစွဲသူများ အတွက် အန္တရာယ် တော့ မရှိပေ။ သို့သော် အန္တရာယ် ပေးနိုင်သည့် အကြောင်းခြင်းရာ နှစ်ခု ရှိနေသည်။ အချို့လူများသည် မိမိရောဂါကို ကုသရန် ထိုဆေး များကိုသာ ပိုမို အားပြုလာနိုင်ခြင်း နှင့် တောရိုင်း တိရစ္ဆာန်များ၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်လာခြင်းတို့ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် TCM ဆေး အများစုသည် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ် အတွင်း အပြင် အစိတ်အပိုင်း များ ပါဝင်နေ၍ ဖြစ်သည်။ အစိုးရမှ အန္တရာယ် ကျရောက်နေသော တောရိုင်း တိရစ္ဆာန်များအား အသုံးပြုခြင်းကို တရားဝင် ပိတ်ပင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ကျား၏ လိင်တံ၊ ကြံ့ ဦးချို နှင့် အခြားသော တိရစ္ဆာန် အစိတ်အပိုင်းများသည် လွန်စွာ အစွမ်းထက်သော ဆေးဝါးများ အဖြစ် ယူဆထားကြသည်။

ကိုဗစ်-၁၉ ကုသရေး အတွက် TCM ပညာရှင်များ ကို ထောက်ခံတင်ပြထားသော ကုထုံးတွင် ဝက်ဝံ သည်းခြေကို အမှုန့်လုပ် ဖေါ်စပ်ထားသော ဆေးပင် ပါဝင်နေသည်။ ထို့အတွက် ဝက်ဝံများကို ဖမ်းဆီး သိုလှောင်ပြီး အရှင်လတ်လတ် သည်းခြေကို ဆွဲထုတ်ကြခြင်းမျိုး မကြာခဏ ဆိုသလို ပြုလုပ်လာကြသည်။

တရုတ် အစိုးရမှ တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချခြင်းကို ပိတ်ပင်ထားခဲ့သော်လည်း ယခုလို တိရစ္ဆာန်များအား ဖမ်းဆီးကာ ဆေးဖေါ်နေမှုများကို မူ တားမြစ်ခဲ့ခြင်း မရှိပေ။

အစိုးရ၏ ကျန်းမာရေး အာမခံ လုပ်ငန်းများကလည်း TCM ဆေးဝါးများဖြင့် ကုသမှု စရိတ်ကို စိုက်ထုတ် ပေးလာခဲ့သဖြင့် အထူး ရေပန်းစားလာခဲ့သည်။ တရုတ် ဆေးဝါးဈေးကွက်တွင် အသုံးစရိတ် စုစုပေါင်း၏ ၄၀% သည် TCM ဆေးများ ဖြစ်နေသည်။ တရုတ်ပြည်ရှိ ဆေးရုံများ၏ ၁၅% သည် တိုင်းရင်းဆေးများကို တရားဝင် သုံးစွဲလာနေကြသည်။ ၂၀၁၈ ခုနှစ်အတွင်း စာရင်းဇယားများအရ တရုတ်ပြည်တွင် ကုတင် အလုံးရေ ၈.၄ သန်း ရှိသည့်အနက် ၁. ၂ သန်း အား TCM ဆေးဝါးကုသရေး အတွက် သီးသန့်ထားရှိခဲ့သည်။ တိုင်းရင်းဆေးပညာရှင်ပေါင်း ၇၀၀,၀၀၀ ခန့် ရှိနေသည်။

တရုတ် ခေါင်းဆောင်ပိုင်းမှ အဆိုပါ ဆေးများကို ထောက်ခံမှု ပေးလာခြင်းမှာ နိုင်ငံ နှင့် လူမျိုး အတွက် ဂုဏ်ယူစရာဟု ယူဆနေ၍လည်း ဖြစ်သည်။ တရုတ်တိုင်းရင်းဆေး ကုထုံးများသည် နှစ်ပေါင်း နှစ်ထောင်ခန့် သက်တမ်း ရှိသည်ဟု ဆိုကြသည်။ သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ပင် ထိုသို့ ဂုဏ်ယူဝင့်ကြွားသူများထဲတွင် တယောက်အပါအဝင် ဖြစ်နေရုံမျှမက ကွန်မြူနစ်ပါတီ ကိုပင် ရှေးဟောင်း အသိလိမ္မာတရား၏ ပြယုဂ် အဖြစ် ပုံဖေါ်လာခဲ့သည်။ တရုတ် အနေဖြင့် အနောက်တိုင်း ဆေး များအပြင် တိုင်းရင်းဆေးများနှင့် ပါ ပူးတွဲ၍ ကော်ရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးတွင် အသုံးပြုနေသည်ဟု ရှီကျင့်ဖျင် က ပြီးခဲ့သည့် မတ်လ အတွင်း ပြောဆိုလာခဲ့သည်။

တရုတ်အရာရှိများ ကိုယ်တိုင်ကမူ တိုင်းရင်းဆေးများ ဖြင့် ကိုဗစ်-၁၉ ကို ကုသနိုင်သည်ဟု ကြွေးကြော်ခြင်းမျိုး မရှိခဲ့သော်လည်း ရောဂါ လက္ခဏာ အနည်းငယ်မျှ လောက် ပြသူများအား ဆိုးဝါးလာသည့် အဆင့် မရောက်စေရန် ကာကွယ်ပေးခြင်းဖြင့် သေဆုံးမှုနှုန်းကို လျော့ချပြစ်နိုင်ခဲ့ကြသည်ဟု ပြောနေကြသည်။ ထိုသို့ ကိုဗစ်-၁၉ ကို တရုတ်နည်း တရုတ်ဟန်ဖြင့် တိုက်ခိုက်ခြင်းဖြင့် ဗိုင်းရပ်စ် အား ရှင်သန်ခွင့် မပေးခဲ့ဟု China Daily Website က ဆိုသည်။

တရုတ်၏ TCM ကို WHO ကလည်း အကာအကွယ်ပေးလာခဲ့သည်။ ပြီးခဲ့သည့် လအတွင်း WHO ၏ ဝက်ဆိုဒ် တွင် တိုင်းရင်းဆေး ကုထုံးများသည် ကော်ရိုနာ ဗိုင်းရပ်စ်အတွက် ထိရောက်မှု မရှိရုံမက အန္တရာယ်ပင် ဖြစ်စေနိုင်သည်ဟူသော အကြံပေးချက်ကို ပြန်ပြီးဖြုတ်သွားခဲ့သည်ကို တွေ့ရှိရသည်။ ထိုသို့ ဖြုတ်ချခဲ့ခြင်းသည် တိုင်းရင်းဆေး အားလုံး ကို ဆိုလိုရာ ရောက်နေသောကြောင့် ဖြစ်သည်ဟု ကြေငြာချက်တွင် ဖေါ်ပြခဲ့ပေသည်။

WHO ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် တိုင်းရင်းဆေးများသည် အရေးပါသော်လည်း လျော့တွက်ခြင်း ခံရသည့် အရင်းအမြစ်များ ဖြစ်ခဲ့ရကြောင်း ၊အရည်အသွေးလည်း ရှိပြီး သုံးစွဲသူများကို အန္တရာယ် မရှိ၊ ထိရောက်မှုလည်း ရှိမည်ဆိုလျှင် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် ရှိနေသော ကွက်လပ်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း ဖေါ်ပြထားခဲ့သည်။

ရည်ညွှန်း၊ ။ “China backs unproven treatments for Covid-19” from the Economist (Apr 11th , 2020 Edition)