အာရက္ခ တပ်တော် မှ အဝိုင်းခံထားရသော အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိမင်းအောင်လှိုင် သစ္စာခံ တပ်များကို အရဲစွန့်ပြီး ရိက္ခာ နှင့် စစ်ကူ လာချပေးသော ရဟတ်ယာဉ်များ နှင့် Y-12 လေယာဉ်များ ထဲမှ Mi-17 ရဟတ်ယာဉ် တစီး ကို ထိထိမိမိ ပစ်ချ နိုင်ခဲ့သည်ဟု ပြောခွင့်ရ ဦးခိုင်သုခ က အတည်ပြု ခဲ့သည်။
တနင်္ဂနွေ နေ့လည် ၂:၃၀ တွင် ပစ်ချခံလိုက်ရသော ရဟတ်ယာဉ်သည် မီးခိုးတလူလူ ဖြင့် တဖြေးဖြေး အောက်သို့ ဆိုက်လာပြီး မကွေးတိုင်း စေတုတ္ထရာ မြို့နယ် ကန်ပေါက် ရွာ အနီးသို့ အရေးပေါ် ထိုးဆင်းသွားသည် ဟု သိရသည်။
အာရက္ခ တပ်တော်မှ ယခုနှစ် အတွင်း ဒုတိယ အကြိမ် ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ် BPLA သည်လည်း နိုင်ငံအလယ်ပိုင်း တွင် ဗမာ လူမျိုး တို့၏ လက်နက်ကိုင် တပ်ဖွဲ့ အဖြစ် သီးခြား ရပ်တည် နိုင်ရန် လှုပ်ရှားနေပြီ ဖြစ်သည်။
အဆိုပါ ရည်မှန်းချက် နှင့် ပတ်သက်၍ ခေါင်းဆောင် ဖြစ်သူ မောင်ဆောင်းခ က ၎င်း၏ သဘောထား ကို ဧရာဝတီ မှ တွေ့ဆုံမေးမြန်းရာတွင် ယခုလို ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။
အဓိက အားဖြင့် စစ်ကိုင်း၊ မန္တလေး နှင့် မကွေးတိုင်း ဒေသကြီးများတွင် အခြေပြု လှုပ်ရှားသွားမည် ဖြစ်ပြီး တိုက်ရည် ခိုက်ရည် နှင့် လက်နက် အင်အား တောင့်တင်းသည်ထက် တောင့်တင်းအောင် တည်ဆောက်သွားမည်။
ထိုဒေသများ တွင် ရှိသော လက်နက်ကိုင် အဖွဲ့များ နှင့် တသဘောတည်း မရှိသော်လည်း စစ်ရေး အရ ပူးပေါင်းသွားမည်။ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်တွင် မရှိသည့်တိုင် ယခုလို ပြန်ရောက်မလာမီ ဆွေးနွေးညှိနှိုင်းမှု များ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး တပ် PDF သည် NUG ၏ လက်နက်ကိုင် တပ် ဖြစ်ပြီး တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး NUG အားလည်း တော်လှန်ရေး အစိုးရ အဖြစ် မိမိတို့ အသိအမှတ် ပြုထားကြောင်း၊ စစ်ရေးအရလည်း PDF များ နှင့် အတူ လက်တွဲ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
မိမိတို့နှင့် တပါတည်း လက်နက် အပြည့်အစုံ ပါလာသည်။
လွတ်မြောက်နယ်မြေများ တွင်လည်း NUG ၏ အုပ်ချုပ်ရေး ယန္တရားကို မိမိတို့မှ နှောက်ယှက်မည် မဟုတ်ဘဲ စစ်ရေးအရ ပံ့ပိုးပေးသွားပြီး PDF တပ်များ နှင့် တာဝန် ခွဲဝေ ယူသွားမည် ဖြစ်သည်။
၎င်းတို့ သည် လက်ရှိတွင် နိုင်ငံ အလယ်ပိုင်းကို လုံးဝဥသုံ ထိန်းချုပ် နိုင်ခြင်း မရှိသေး၍ မည်သည့်နေရာကို ထိုးဖောက် တိုက်ခိုင်ရမည် ဆိုသည်ကို ဆွေးနွေး တိုင်ပင်သွားမည် ဖြစ်သည်။ မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့ကိုလည်း တည်ထောင်သွားမည် မဟုတ်ဘဲ လက်ရှိ NUG အုပ်ချုပ်ရေး ယန္တရား အတွင်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
လွတ်မြောက်ဒေသများ အတွင်း ပြည်သူ့ အသံ နားထောင်နိုင်ရန် ဆန္ဒ ခံယူပွဲ အသေးစား သဘောမျိုး လုပ်သွားမည်။ မိမိတို့သည် စင်ပြိုင်အစိုးရ တည်ထောင်သွားမည် မဟုတ်ဘဲ NUG နှင့် အတတ်နိုင်ဆုံး နီးနီးကပ်ကပ် ပူးပေါင်းသွားမည် ဖြစ်သည်။
တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များမှ သုံးနှစ် အတွင်း လေ့ကျင့်သင်ကြား ပေးခဲ့၍ ယခုအခါ မိမိတို့သည် သီးခြား ရပ်တည် နိုင်ပြီ ဖြစ်သည်။
ညီနောင်သုံးဖေါ် မဟာမိတ်များသည် တော်လှန်ရေး ကို တတ်နိုင်သည့်ဖက်မှ ကူညီသွားကြမည် ဖြစ်သည်။ သို့သော် မိမိတို့ ရှိရာ ဆင်းလာပြီး ရှမ်းမြောက် ဒေသမှာလို အတူ တွဲ တိုက်ပွဲဝင်သွားမည်ဟု ထင်နေက လက်တွေ့နှင့် ကင်းကွာ နေမည် ဖြစ်သည်။
ဗမာ တိုင်းရင်းသားများသည် လူဦးရေ၏ ၇၀ ရာနှုန်း ရှိနေ၍ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားမည် ဆိုက ကြာမြင့်တော့ မည် မဟုတ်။
စစ်တပ်သည် မည်မျှ အင်အား တောင့်တင်းသည် ဆိုစေကာမူ ပြည်သူ့ ထောက်ခံမှု မရဘဲ အောင်မြင်နိုင်ဖို့ မရှိ၊ ယခုအခါ မိမိတို့ဖာသာ ရပ်တည် တိုက်ပွဲ ဝင်သွားရမည် ဖြစ်၍ ပြည်သူတို့၏ ထောက်ခံ မှု ပို၍ လိုအပ်လာသည်။ အခြား တော်လှန်ရေး တပ်ဖွဲ့များကဲ့သို့ မိမိတို့အား ယုံကြည်မှု အပြည့်နှင့် ထောက်ခံကြပါရန် တိုက်တွန်းလိုကြောင်း ဧရာဝတီ အင်တာဗျုး မှ ကောက်နှုတ်တင်ပြလိုက်ပါသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!