သူ ပြန် ရောက် လာပြီ

by Hla Soewai - Nov 22 2024

မင်းအောင်လှိုင်သည် ဘီဂျင်းသို့ ခြေချခွင့် မရခဲ့သော်လည်း ကူမင်း နှင့် ချုံချင်း မြို့များသို့ ရောက်ရှိခဲ့ပြီး နောက် နေပြည်တော်သို့ ပြန်ရောက်လာသည်။

 

ကူမင်းတွင် ၎င်းကဲ့သို့ပင် မဲခေါင်အစည်း အဝေး တက်ရန် ရောက်နေကြသော ကမ္ဘောဒီယား ဝန်ကြီးချုပ်၊ ထိုင်း ဝန်ကြီးချုပ် တို့ နှင့် ၂၀၂၁ ဧပြီ နောက်ပိုင်း နိုင်ငံ ပြင်ပ တွင် ပထမဦးဆုံး အကြိမ် တွေ့ဆုံခွင့် ရသွားခဲ့သည်။

 

အဆိုပါ နှစ်ယောက် နှင့် တွေ့ဆုံရာမှ ထူးထူးခြားခြား ထွက်ပေါ် မလာသော်လည်း ၎င်း အတွက်တော့ ကမ္ဘာ အလယ်တွင် အပယ်ခံ ဘဝ ရောက်‌ နေသည့် အနေအထားမှ အိမ်နီးချင်း နိုင်ငံများက ထောက်ခံ နေကြသညိ ဆိုသည်ကို ပြသနိုင်ရန် မဟာ အခွင့်အရေးကြီး ရသွားခဲ့သည်။ ၎င်း၏ sidekick ဖြစ်သူ ဇော်မင်းထွန်းကလည်း ယင်းကို လက်လွတ် မခံပဲ အောင်ပွဲရလာသည့်အလား အကြီးအကျယ် ဝါဒ ဖြန့်လာခဲ့သည်။

 

တရုတ် အပါအဝင် အာဆီယံရှိ မဲခေါင်ဒေသ နိုင်ငံ အချို့သည် စစ်တပ် ဦးဆောင်သည့် တိုင်းပြည် ပြန်လည် နာလံ ထူလာရေးကို လိုလားနေကြသည်ဟု ဂျပန်၏ နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။ ထိုနိုင်ငံများ အဖို့က ဒီမိုကရေစီစနစ်သို့ တဖြေးဖြေး အသွင် ကူးပြောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာမည့် အရေးသည် ၎င်းတို့ အုပ်ချုပ်ရေး အား ခြိမ်းခြောက်လာတော့မည်ဟု ခံယူထားကြပြီး ဖြစ်သည်။

 

ထို့အတွက် စစ်ခေါင်းဆောင်များ ဆက်၍ အုပ်ချုပ်မည့် အရေးကို မလိုလားသော အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများ နှင့် သဘောထား ကွဲလာကြသည်။

 

မြန်မာသည် ‌‌ဒေသတွင်းရှိ အာဏာရှင် နိုင်ငံများ နှင့် လုံးလား ထွေးလား ဖြစ်လာ နေချိန်တွင် ဒေါ်နယ် ထရန့် အမေရိကန် သမ္မတ ဖြစ်လာမှု နှင့် အတူ မြန်မာ အရေးသည် ‌ဦးစားပေး အဆင့် အောက်ဆုံးသို့ ထိုးကျသွားမည်ဟု ယူဆရကြောင်း ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

တရုတ်သည်လည်း ၎င်းတို့ မြန်မာ ပြည် အပေါ် အစဉ်တစိုက် ကျင့်သုံးခဲ့သော မဟာဗျူဟာ အရ အီးအေအို နှင့် စစ်တပ် အကြား တွင် တသမတ်တည်း ထောက်ခံသွားခြင်းမျိုး မဟုတ်ဘဲ စစ်တပ်က အရေးနိမ့်လျင် စစ်တပ်ကို၊ အီးအေအို ဖက်က အရေးနိမ့်လျင် အီးအေအို ဖက် ကူညီနေခြင်းမျိုး ဖြင့် နှစ်ဖက် အကြား အင်အားချိန်ခွင်လျှာ ထိန်းညှိပေးနေခြင်း ဖြစ်သည်။ ထို့အတွက် စစ်တပ်အဖို့လည်း ယခုလို အခွင့်အရေး မျိုး ရေရှည်မရနိုင် ဆိုသည်ကို သိထားပြီး ဖြစ်သည်။

 

လက်ရှိ တွင် တရုတ်၏ ထောက်ခံမှု ကို ရထား၍ စိတ်အား တက်ကြွလာမှု ကို ရိုက်ချိုးပစ်နိုင်ရန် ထိုးစစ်များ ဆင်နွှဲ ရန် လိုအပ်လာပြီ ဖြစ်သည်။

 

ထိုသို့ အနေအထား များ မြင်တွေ့လာရ၍ မြန်မာ တော်လှန်ရေး အင်အားစုများသည် မိမိတို့ အရေး မိမိတို့ အမြန် ဖြေရှင်းမှ ဖြစ်မည်ဆိုကာ စစ်ကောင်စီ တပ်များ အား အရှိန်မြှင့်၍ တိုက်ခိုက်လာသည်ကို တွေ့လာရသည်။

 

မိတ္ထီလာ ရှိ ရှမ်းတဲ လေတပ်စခန်းအား အမည်မဖေါ်လိုသည့် တော်လှန်ရေး အဖွဲ့က တနင်္လာနေ့ မနက် လင်းအားကြီး အချိန်တွင် ၁၀၇ မမ ရှော့တိုက် ဒုံး တဒါဇင် ခန့် အပြင် တောင်ပံ့ပါ ကာမီကာ‌ ဇေ ဒရုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံများ ဆူညံစွာ ထွက်ပေါ်လာကြောင်း ဒေသခံများက ဆိုသည်။

 

ပျက်စီးမှု အတိုင်းအတာ ကို မသိရသေး ဟု ဆိုသည်။

 

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်၍ တော်လှန်ရေး တပ်များဖက်က ဒရုန်းများသုံး၍ ၎င်းတို့ အခိုင်အခန့် ကာကွယ်ထားသော စခန်းများကို တိုက်ခိုက်နိုင်ခွင့် ရလာပြီ ဖြစ်သည်။ စစ်တပ်သည်လည်း ရိက္ခာ နှင့် လူအင်အား ဖြည့်တင်းခြင်းများအား ခြုံခို တိုက်ခံရမည် စိုး၍ လေကြောင်းကိုသာ အားကိုး အားထား ပြုနေရသည်။

 

အားလုံးက မိမိတို့ ဖက်က အရေးနိမ့်သွား၍ မဖြစ်၊ ထိုသို့ဖြစ်က တတိုင်းပြည်လုံး ဒုက္ခသုက္ခ ပေါင်းစုံ နှင့် တရုတ် ကျွန်ဘဝ ကျရောက်တော့မည် ဖြစ်၍ မဆုပ်မနစ် တိုက်ခိုက်တွန်းလှန် မှ ဖြစ်မည်ဟူ သော စိတ်ဓါတ် ခွန်အား ပိုင်းတွင် မယှဉ်နိုင်အောင် အသာစီး ရထားပြီး ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!