ကူမင်း ရောက် ခါချဉ်ကောင် မာန်ကြီးနေသူ

by Hla Soewai - Nov 22 2024

မင်းအောင်လှိုင် နှင့် အဖွဲ့ သည် ကူမင်းသို့ သွားခွင့်ရခဲ့သော်လည်း ၎င်းတို့အဖို့ နိုင်ငံတကာ မှ အသိအမှတ် ပြု ဆက်ဆံခံရမည့် အရေးသည် ဒုံရင်း ဒုံရင်း အဆင့် မှ တက်မလာနိုင်ပဲ ရှိနေဆဲပင် ဖြစ်သည်။

 

ကူမင်း တွင် တွေ့ဆုံခွင့် ရခဲ့သော တရုတ် ဝန်ကြီးချုပ် လီချန်း ပင်လျှင် ၎င်း၏ လက်ရှိ ကိုင်တွယ် ပုံ ကိုင်တွယ်နည်းအား ချွင်းချက် မရှိ ထောက်ခံကြောင်း လေသံ ထွက်မလာခဲ့‌ ပေ။ ဆင်ဟွာ သတင်း ဌာန ၏ အဆိုအရ မိမိတို့မှ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် အသွင်ပြောင်းရေး ကို ရှေးရှု ခြင်းကို ထောက်ခံသည်ဟု ပြောခဲ့သည် ဟု သိရသည်။

 

နိုင်ငံတွင်း တွင် ၎င်းတို့ ဒယီးဒယိုင် ဖြစ်နေသော အခြေအနေ ကို မည်သို့မျှ လက်မခံနိုင်ပဲ လိုရာဆွဲ အပြောအဆိုများသာ လီချန်း ခမြာ နားထောင်ခဲ့ရရှာသည်။ 

 

"လက်နက်ကိုင် သောင်းကျန်းသူများ အနေဖြင့် ၎င်းတို့ ဖြစ်စေချင်သည့် ဆန္ဒကို ဦးစားမပေးဘဲ လုပ်သင့် လုပ်ထိုက်သည်များကို လုပ်သင့်ကြောင်း၊ မိမိတို့မှ ငြိမ်းချမ်းရေး တံခါးကို အမြဲတမ်း ဖွင့်ထားကြောင်း" ပြောဆိုသွားသည်။

 

ထိုသို့ ၎င်းတို့ဖက်က ရှမ်းမြောက်ဒေသတခွင် လားရှိုး အထိ လက်လွှတ်ထားရယုံမက ရုရှားမှ ဝင်ရောက် အကူအညီပေးရန်ပင် ပြောဆိုသံများ ထွက်လာသည့်တိုင် အနိုင်ရနေဟန် ပြောဆိုနေ၍ ဘီဂျင်းမှ လက်တွေ့ကျကျ ဆွေးနွေး အဖြေရှာဖို့ မတတ်နိုင် ဖြစ်နေသည်။

 

တနည်းအားဖြင့် ၎င်းတို့ နယ်စပ် ငြိမ်းချမ်းလိုပါက တဖက်မှ သတ်မှတ်ထားသည့် စည်းကမ်း အတိုင်း လာရောက် ဆွေးနွေးမှသာ ဖြစ်နိုင်မည်၊ ထိုသို့ ဖြစ်လာရန်လည်း တရုတ်၏ တာဝန်ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။

 

ဘီဂျင်းသည် ထိုသို့ လက်တွေ့နှင့် မနီးစပ်သော အပြောများကို မနှစ်မြို့သော်လည်း ၎င်းတို့ ကျဆုံးခန်း ရောက်သွားသည် အထိ အဖြစ် မခံလို၊ ထို အားနည်းချက်ကို မင်းအောင်လှိုင်က ကောင်းစွာ သိနေပြီး အညှာကို ကိုင်ထားခြင်းလည်း ဖြစ်သည်။

 

တရုတ် အဖို့က အခြေအနေများ ကောင်းလို ကောင်းငြား ရွေးကောက်ပွဲ လုပ်ရန်သာ ပြောနေ‌ရသော်လည်း အာဏာကို လူထု လက်သို့ လွှဲပေးမည် မဟုတ်မှန်း သိနေပြီး ဖြစ်သည်။ ပြည်တွင်းစစ် ဒဏ်ကို လေးနှစ် နီးပါး ခံခဲ့ရသည့် မြန်မာလူထု အဖို့ ၎င်းတို့ အောက် ဒူးထောက် လာနိုင်ကောင်းရဲ့ ဟူသော မျှော်လင့်ချက် ဖြင့် ထောက်ခံပေးနေခြင်း ဖြစ်သည်။

 

၎င်း၏ ခရီးစဉ် အတွင်း မှာပင် တရုတ် အစိုးရ အရာရှိများ နှင့် နီးကပ်စွာ ဆက်ဆံ ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လျပ်စစ် နှင့် စွမ်းအင် ဝန်ကြီး အသက် ၇၃ နှစ်ရှိ ဦးဝင်းခိုင်သည် အာဏာ သိမ်းသည့် နေ့မှာပင် ၎င်း၏ မတရား ဖမ်းဆီး ထောင်ချ ထားခဲ့၍ အိုးဘို ထောင်ကြီး အတွင်း လေးနှစ်နီးပါးမျှ ဆင်းရဲ ဒုက္ခများ ခံခဲ့ရပြီး နောက် ကွယ်လွန်သွားရှာပြီ ဆိုသော သတင်းဆိုးအားလည်း ကြားသိကြမည်သာ ဖြစ်သည်။

 

စင်္ကာပူ ဝန်ကြီးချုပ် လောရင့်စ် ဝေါင်း နှင့် အင်ဒိုနီရှား သမ္မတ သစ် ပရာဘိုဝို ဆူဘီယံတို တို့မှ ဂျကာတာရှိ မာဒေးကား နန်းတော်မှ ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် အာဆီယံ အနေဖြင့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာ ထောက်ထားသည့် အကူ အညီများ ပေးနိုင်ရေး အတွက် ၎င်းတို့၏ အချက် ငါးချက်ကို အကောင်အထည် ဖေါ်ရန် တွန်းအားပေးသွားမည် ဟု ပါရှိလာခဲ့သည်။

 

တရုတ်သည် ၎င်းတို့ အမြဲလို ပြောဆိုနေသည့် ပြည်တွင်းရေး ဝင်မစွက် ဆိုသည့် မူ နှင့် အာဆီယံ နိုင်ငံများ အလန့်တကြား ဖြစ်သွားနိုင်သည် အရေး များကြောင့် တတ်နိုင်သမျှ ချုပ်တည်းပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်နေရ၍ အတော်ကို ကျဉ်းထဲ ကျပ်ထဲ ရောက်နေ ရသည်။

 

မင်းအောင်လှိုင်သည် ချုံချင်း ရှိ အဆင့်မြင့် ဒရုန်း စက်ရုံ များ သွားရောက်ကြည့် ရှ နေစဉ် အတွင်း ကုလ သမဂ္ဂရှိ မြန်မာ သံ အမတ်ကြီး ဦးကျော်မိုးထွန်း မှ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး၊ နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တတိယ ကော်မတီ အစည်းအ‌ ဝေး တွင် ထုတ်ဖေါ် ပြောဆို လိုက်သည်။  

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ် ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်း ကော်မတီတို့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် Zoom Platform မှ တဆင့် တွေ့ဆုံခဲ့ကြောင်း ခေတ်သစ် သတင်းအရ သိရသည်။

 

ပြည်သူလူထု ၏ စစ်ခေါင်းဆောင်များ အား လုံးဝ မမြင်တွေ့လိုတော့သည့် ပြင်းပြသော စိတ်နှင့် ပံ့ပိုးမှု တော်လှန်ရေး တပ်ဖွဲ့ ဝင်များ ၏ ဇွဲ နှင့် သတ္တိ နှင့် နိုင်အောင် တိုက်မှ ဖြစ်မည် ဆိုသော စိတ်ခွန်အား နှင့် မအောင်မြင်စရာ အကြောင်းမရှိ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!