တရုတ်၏ ကြိတ်မှိတ် ဆက်ဆံနေရသည့် အဖြစ်

by Hla Soewai - Nov 22 2024

တရုတ် ဝန်ကြီးချုပ် လီချန်း သည် မင်းအောင်လှိုင်အား ယူနန် ပြည်နယ် ကူမင်း မြို့တွင် ဗုဒ္ဓဟူး နေ့က လက်ခံ တွေ့ဆုံခဲ့သည်။

 

အဓိက အား ဖြင့် မြန်မာ နှင့် နယ်ခြား ကုန်သွယ်ရေး။ဂိတ်များ ပြန်ဖွင့် နိုင်ရေးပင် ဖြစ်သည်။ လက်ရှိတွင် မူဆယ် မှ လွဲ၍ ကျန် နယ်ခြားဂိတ်များ အားလုံး တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ထိန်းချုပ် ထားပြီး ဖြစ်သည်။ မူဆယ် သည် စစ်ကောင်စီ လက်ဝယ် ရှိနေဆဲ ဖြစ်သော်လည်း ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ က လမ်းကြောင်း များ အားလုံး ဖြတ်တောက်ထားကြပြီး ဖြစ်သည်။

 

သို့ဆိုက ၎င်းတို့ နှစ်ယောက် ထိုကိစ္စ အပေါ် ဘာတွေ ‌ဆွေးနွေးနေကြသနည်း။

 

မင်းအောင်လှိုင်ဖက်က နယ်ခြားတည်ငြိမ်ရေး ရမှ နယ်စပ် ကုန်သွယ်ရေး ပြန်စ နိုင်မည် ဖြစ်ကြောင်း၊ ထို့အတွက် ညီနောင်သုံးဖေါ် ဟု ခေါ်သည့် ‌သောင်းကျန်းသူ များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အသင့် ရှိကြောင်း၊ တရားမဝင် ကုန်သွယ်နေခြင်းကို ခွင့်ပြု၍ မဖြစ် ဟု တင်ပြခဲ့သည်။

 

တရုတ်သည် တနိုင်ငံလုံး နှင့် နှိုင်းစာလျင် မြန်မာ နှင့် နယ်စပ် ကုန်သွယ်ရေး မှ ရသော ဝင်ငွေ များသည် မည်သို့မျှ မပြောပလောက်‌သော်လည်း ၎င်းတို့၏ ကုန်းတွင်းပိတ် ပြည်နယ် ဖြစ်သော ယူနန် ဖွံ့ဖြိုးရေးသည် မြန်မာ အပေါ် လုံးလုံးလျားလျား မှီခိုနေရသော ကြောင့် မင်းအောင်လှိုင်လို ခေါင်းဆောင် အဖြစ် သုံးစားမရသည့် အပြင် ပြည်တွင်း ပြည်ပ က ရွံရှာ မုန်းတီး‌ နေသော လူမျိုးကို သိသိကြီး နှင့် ကြိတ်မှိတ် ဆက်ဆံနေရခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တရုတ်ထံမှ ရင်းနှီးမြုပ်နှံမှု များ ရရန် မျှော်လင့်ချက်ဖြင့် အခွန် ကင်းလွတ်ခွင့် ပေးမည်ဟုဆိုကာ အောက်ဈေး နှင့် မြူဆွယ်နေသော်လည်း နိုင်ငံ ကိုယ် နှိုက်က မည်သူမျ ရင်းနှီး မြုပ်နှံရန် အခြေအနေ မပေး ဆိုသည်ကိုပင် သဘော မ‌ပေါက် နိုင် ဖြစ်နေသည်။

 

တရုတ် တို့ အဓိက အားထားနေသည့် ရခိုင်ပြည်နယ် အတွက်လည်း မင်းအောင်လှိုင် သည် သတင်းကောင်းများ သယ်ဆောင်မလာနိုင်သည့်အပြင် ထိုဒေသရှိ တိုင်းစစ်ဌာနချုပ် ကြီးပင် ယခုအခါ မီးစွဲ တောက်လောင် နေပြီ ဖြစ်သည်။ ယခုအခါ အမ်း မြို့ရှိ ခမရ ၃၇၁ နှင့် လက်နက်သိုလှောင်ရုံများကို အာရက္ခ တပ်တော်လက် ကျရောက်သွားပြီ ဖြစ်သည်၊ မင်းအောင်လှိုင်သည် ၎င်း မည်သို့မျှ နိုင်ခြေ မရှိဟု ယူဆက တန်ပြန်ထိုးစစ် ဆင်ခြင်မျိုး ပင် မလုပ်တော့၊ ၎င်းအတွက် အသက်စွန့်၍ မိုက်မိုက် မဲမဲ ဆက်တိုက်နေသူ များ နှင့် ဖြစ်ချင်ရာဖြစ် ပေယာလကံ ပြုကာ လျစ်လျုရှုထားသည်။

 

မင်းအောင်လှိုင်သည် ဘာမျှ မဖြစ်သလို ပုံစံမျိုး နှင့် မျက်နှာပြောင်တိုက် သွားလာနေသော်လည်း ရခိုင်ပြည်နယ် အတွင်း လူနှစ်သန်း ခန့်သည် အစာရေစာ ငတ်မွတ် ခေါင်းပါးမှု နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်ဟု ကုလ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အစီရင်ခံစာ တွင် ပါရှိ လာသည်။

 

ထို့အတွက် မင်းအောင်လှိုင်သည် တရုတ် ခရီးစဉ် အတွင်း စစ်ရေး အရ အောင်မြင်မှု များ ပြ၍ မျက်နှာ လုပ်နိုင်ရန် ဗန်းမော် တွင် အင်အားစုစည်းပြီး ကချင် လွတ်လပ်ရေး တပ်‌ တော် ထိန်းချုပ်ထားရာ မိုးမောက် အား အလုံးအရင်း နှင့် တန်ပြန် ထိုးစစ် ဆင်လာနေပြီ ဖြစ်သည်။

 

ဤသည်ကို ကြည့်က မင်းအောင်လှိုင်သည် မြောက်ပိုင်း ညီနောင် အဖွဲ့အား ချောချီတလှည့် ခြောက်ချီ တလှည့်ဖြင့် ဒူးထောက်လာရန် တရုတ်ကို အားကိုးထားပြီး ကချင် လွတ်လပ်ရေး တပ်တော်အား ချေမှုန်းရန် ၎င်းဖက်က တာဝန်ယူထားပုံရှိသည်။

 

တရုတ်ဖက်ကလည်း ရှမ်းမြောက် ဒေသ အား ဗုံးကြဲ နေခြင်း နှင့် ညီနောင်သုံးဖော်အား အကြမ်းဖက် အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ထားခြင်းတို့ကို တခွန်းတပါဒမျှ ကန့်ကွက် ပြောဆိုခြင်း မရှိသည့်အပြင် "တရားမဝင် ကုန်သွယ်မှု" ခွင့် မပြုဟု ဆိုကာ ကုန်စည်များ တင်သွင်းနေခြင်းကို ပါ ပိတ်ဆို့ပေးခဲ့သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည်လည်း ၎င်း တို့ အပေါ် တရုတ် တို့ မည်သို့ သဘောထား‌ ခဲ့သည်ကို အဖြူ အမည်း ကောင်းစွာ သဲကွဲ လာပြီ ဖြစ်သည်။

 

နယ်စပ်ဒေသတွင် ၎င်းတို့ ပြည်သူ များ အတွက် အထွေထွေ ကျပ်တည်းမှု ကြီး ဖြစ်အောင် တမင်ဖန်တီးနေသည်ကို သိသိကြီး နှင့် ပင် ယာယီ သာ ဖြစ်မည် ဆိုကာ MNDAA သည် လူထု ဖက်က ရပ်တည်‌ ပေး နေသည့် အမျိုးသား ညီညွတ်ရေး အစိုးရကိုပင် အဆက်အဆံ မလုပ်ဟု ဘီဂျင်း အလိုကျ မိုက်မဲစွာ ဟစ်ကြွေးပေး ခဲ့ကြသည်၊ ဝ တပ်တော် ပင်လျင် ထိုသို့ ပြောဆိုသည်အထိ စဉ်းစားဆင်ခြင်ဉာဏ် မနည်းခဲ့။

 

ပြည်သူ တရပ်လုံး သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည့် MNDAA သည် အမြင်အားဖြင့် အရတော့ တိုင်းတပါး အလိုကျ တော်လှန်ရေး ကို သစ္စာဖောက်သွားခဲ့ရပြီ ဖြစ်သည်။သို့‌ သော် ပြည်သူများက‌ တော် ၎င်းတို့ အရှိန် မြှင့်တင် ပေးခဲ့သည့် တော်လှန်ရေး ကြီးကြောင့် မင်းအောင်လှိုင် နှင့် အဖွဲ့ ဘီဂျင်း အား ခြေသလုံးဖက် အသနား ခံ နေရသည့် အဖြစ် ရောက်အောင် ပို့‌ ပေး နိုင်ခဲ့ သည့် ကျေးဇူး တော့ ရှိပေသည်။ တော်လှန်‌ ရေး ကြီး အောင်မြင်ပြီးက MNDAA သည် မည်သည့် ဘက်က ရပ်တည်သွားမည် ‌ဆိုသည် ကိုက သဲသဲကွဲကွဲ မသိနိုင်‌သေးပေ။ 

 

အိန္ဒိယ အစိုးရ၏ လက်အောက်ခံ Indian Council of World Affairs (ICWA) အဖွဲ့အစည်း မှ စစ်ကောင်စီ ကိုယ်စားလှယ် ၁၇ ဦး ပါ အဖွဲ့၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ အား နယူးဒေလီ သို့ ဖိတ်‌ ခေါ် ခဲ့ရာ ယခု အပတ် အတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အတည်ပြု ပြောကြားခဲ့သည်။

 

မိမိတို့မှ "မြန်မာ အရေး မြန်မာ ဆုံးဖြတ် စီမံ ရမည့်" ငြိမ်းချမ်းရေး ဖြေရှင်းရေး မျိုး ဖြစ်လာသည် အထိ ပုံမှန် ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်မှ ဆိုသည်။

 

စစ်ကောင်စီ စေလွှတ်လိုက်သူများထဲတွင် ထွန်းထွန်းနောင်၊ ဗိုလ်ချုပ်မင်းနိုင်၊ လှမောင်ရွှေ၊ ကိုကိုကြီး တို့ ပါဝင်သည်။

 

အားလုံးက ထရန် အစိုးရ သစ် ၏ အာရှ မူဝါဒ မည်သိူ့ ရှိလာမည်ကို စောင့်ကြည့်နေကြသည်၊ ဘိုင်ဒင် အစိုးရသည် မဟာမိတ် များ ဖွဲ့စည်းခြင်းကို အားသန် သူ ဖြစ်ပြီး ထရန့် သည် ပြဿနာများကို ဖြေရှင်း နိုင်သူ deal maker အဖြစ် ယူဆနေသူ ဖြစ်သည်၊ ယခုအခါ ထရန့်သည် ပထမ သက်တမ်း ကဲ့သို့ မြန်မာ တွင် ဒေါ် အောင်ဆန်းစုကြည် အစား ယခု သက်တမ်း တွင် တရုတ်၊ ရုရှား ခြေသလုံး ဖက်နေသည့် စစ်အာဏာရှင် ပေါက်စ ကို တွေ့လာရပြီ ဖြစ်ရာ မြန်မာ အပေါ် မည်သို့ မည်ပုံ ကိုင်တွယ်လာမည် ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!