အကြိမ် ၆၀ မြောက် အမေရိကန် သမ္မတ ရွေးကောက်ပွဲသည် အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အမေရိကန် လူထု ကလည်း သမိုင်းတွင်လောက် အောင် မဲထဲ့သူ များပြားခဲ့သည်၊ ယခု အခါ ရလဒ်များ ထွက် ပေါ်လာခဲ့ရာ ၄၇ ဦး မြောက် သမ္မတ အဖြစ် ရီပတ်ဘလီကင် ကိုယ်စားပြု ဒေါ်နယ်ထရန့် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီ ဖြစ်သည်။
ထို့အတွက် မြန်မာပြည် နှင့် ပတ်သက်၍ မည်သို့ သက်ရောက်မှု ရှိလာမည် ဆိုသည်ကို Eurasia Review တွင် Nicholas Kong တင်ပြထားသည်ကို ကောက်နှုတ်တင်ပြ ထားပါသည်။
လက်ရှိ အမေရိကန် နိုင်ငံခြားရေး မူဝါဒသည် ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်း နှင့် တရုတ် နှင့် မဟာဗျူဟာမြောက် အားပြိုင်နေမှု အပေါ် အဓိက အာရုံစိုက် ခဲ့ကြသည်။ တရုတ်သည် စီးပွားရေး အင်အားတွင် အမေရိကန် နောက် ဒုတိယ လိုက်လာနေ၍ နောက်တက်လာမည့် အစိုးရ အဖွဲ့အတွက် လတ်တလော အရေးတကြီး ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာသည်။ ထို့အတွက် ကုန်သွယ်ရေး နှင့် လုံခြုံရေး အပိုင်းများတွင် ဘီဂျင်း နှင့်အကြိတ်အနယ် အားပြိုင်လာမည့် ဆက်ဆံရေး မျိုး ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုအခါတွင် တိုင်ဝမ်ကိုသာ အာရုံစိုက်ပြီး မြန်မာ အရေး ကို လျစ်လျု ရှုထားမည် ဆိုက တရုတ် နှင့် ပတ်သက်၍ မဟာဗျူဟာ ပေါ်လစီ ပိုင်းတွင် အခွင့် အလန်း တခု ဆုံးရှုံးသွားပေလိမ့်မည်။
ယခုအခါ စက်မှု လုပ်ငန်းများ နှင့် အဆင့်မြင့် နည်းပညာ ပိုင်းတွင် မရှိမဖြစ် လိုအပ်နေသည့် ရှားပါး မြေသား သတ္တု အများဆုံး သန့်စင် ထုတ်လုပ်သည့် နိုင်ငံသည် တရုတ် ဖြစ်လာနေသည်။ တကမ္ဘာလုံး ထုတ်လုပ်မှု၏ ၇၀ ရာနှုန်း ခန့် ရှိနေသည်။ အမေရိကန် သည် ၁၄%၊ ဩစတေးလျှ သည် ၆ %၊ မြန်မာ ၄% နှင့် ထိုင်း ၂% ခန့်သာ ရှိပေသေးသည်။
အမေရိကန်သည် ၂၀၂၂ တွင် ရှားပါး မြေသား သတ္တု လိုအပ်ချက် စုစုပေါင်း ၏ ၇၂% ကို တရုတ်ပြည်မှ တင်သွင်းနေရသည်။ တရုတ် သည် မြန်မာမှလည်း ပြန်၍ ဝယ်ယူနေခဲ့ရာ ၂၀၂၃ တွင် အများဆုံးဖြစ်လာခဲ့သည်။
အကယ်၍ ရှားပါး မြေသား သတ္တု များ လိုသလောက် မရ ဖြစ်လာက အမေရိကန် ၏ လုံခြုံရေး သည် သိသိသာသာ ခြိမ်းခြောက်ခံရတော့မည် ဖြစ်သည်။ လက်ရှိတွင် အမေရိကန်သည် တရုတ် အား လုံးလုံးလျားလျား မှီခိုနေရသည်။
ထို့အတွက် တရုတ်သည် အမေရိကန်၏ နောက်ဆုံးပေါ် လက်နက်ဆန်းများ၊ လေယာဉ် နှင့် ပြန်လည် အားဖြည့် စွမ်းအင် စနစ် များ အစရှိသည်တို့နှင့် စစ်ရေး နှင့် နည်းပညာ ပိုင်းတွင် အသုံးချနေမှု များအား ပျက်ပြား သွားအောင် လုပ်နိုင်သည့် နိုင်ကွက် ရရှိလာတော့မည် ဖြစ်သည်။ နောက်ဆုံးတွင် အမေရိကန် ၏ အမျိုးသား လုံခြုံရေး အတွက် မရှု နိုင် မကယ်နိုင် ဖြစ်လာနိုင်ပေသည်။
မင်းအောင်လှိုင် အာဏာ သိမ်းခဲ့မှု သည် ဘိုင်ဒင် အစိုးရ၏ နိုင်ငံခြားရေး ပိုင်းတွင် ပထမဆုံး စိန်ခေါ်မှု ကြီး ဖြစ်လာခဲ့သည်။ အာဏာသိမ်းခဲ့မှု နှင့် အတူငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြမှု များကို အကြမ်းဖက် နှိမ်နှင်းလာပြီး နောက်ပိုင်း ရက်စက်စွာ ကျုးလွန်လာမှု များ အား အလျင်အမြန်ပင် ရှူတ် ချ ပြောဆိုခဲ့ကြသည်။ နောက်ပိုင်း ထိုအကျပ်အတည်းကို ကိုင်တွယ်ရာတွင် အေးတိအေးစက်နိုင် လာခဲ့သည်။ ထိုသို့ အမေရိကန် ဘေးထွက် ထိုင်လာချိန်တွင် တရုတ်သည် မြန်မာအရေး တွင် အရေးပါသည့် အခန်း မှ လှုပ်ရှားလာခဲ့သည်။
တရုတ်သည် မြန်မာတွင် အများဆုံး ရင်းနှီးမြုပ်နှံထားသည့် အပြင် မလက္ကာ ရေလက်ကြားကို ရှောင်ရှားပြီး အိန္ဒိယ သမုဒ္ဒရာ သို့ တိုက်ရိုက်ထွက်ပေါက်ရဖို့ မဟာဗျူဟာ အရလည်း အရေးပါသည့် နိုင်ငံ ဖြစ်လာသည်။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး သည် လည်း ၎င်းတို့၏ ရပ်ဝန်း နှင့် လမ်းစီမံကိန်း အတွက်လည်း အရေးပါနေသည်။
ထို့အတွက် ၎င်းတို့၏ အကျိုးစီးပွား အတွက် မြန်မာပြည်တွင်း တည်ငြိမ်မှု ရရေး နှင့် ၁,၂၅၀ မိုင် ရှည်လျားသည့် နယ်ခြား တလျောက် အမြဲလိုအေးချမ်း ငြိမ်သက် နေရေး အတွက် ကြိုးပမ်းလာခြင်း ဖြစ်သည်။ တရုတ်သည် လက်ရှိ ခေါင်း ဆောင်များ နှင့် ဆက်ဆံရေး ဆိုသည့် သံတမန်ရေး ကို ပို၍ လိုလားသော်လည်း တဖက်တွင် အထူး သံတမန် ခန့်ပြီး တိုင်းရင်းသား အဖွဲ့ အသီးသီး နှင့် နောက်ဖေးတံခါး မှ အဝင်အထွက် လုပ် ဆက်ဆံလာခဲ့သည်၊ ထိုသို့ လုပ်နိုင်ရန်လည်း အမေရိကန် ဖက်မှ စွက်ဖက်မှု အနည်းဆုံး အဆင့်ထက် ကျော််မလာအောင် ထိန်းထားရမည် ဖြစ်သည်။
သို့သော် စစ်အာဏာသိမ်း အဖွဲ့၏ အာဏာကို ဆုပ်ကိုင်ထားမှု ပြေ လျော့ လာသည့် အခါတွင်တော့ ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသူများကို အဆုံးစွန် ဖိအားပေးလာခဲ့သည်။
လူသားချင်း စာနာသည့် အကူအညီ ပေးရေး၊ ဒီမိုကရေစီ အရေး တို့အတွက် အနောက်အုပ်စု မှ ဩဇာလွှမ်းမိုးလာနိုင်သည်ဟု ၎င်းတို့ ထိတ်လန့်နေသော အမျိူးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့များ မဟာမိတ် ပြုလာမည့် အရေးကို စိုးရိမ်လာသည်။ ၂၀၂၂ ဒီဇင်ဘာလ တွင် အမေရိကန် တို့ ဒီမိုကရေစီ အတွက် အကူအညီပေးရေး လုပ်ငန်းဘောင် အဖြစ် ပြဋ္ဌာန်းလာသည့် BURMA ACT သည်လည်း တရုတ် အ ပေါ် သက်ရောက်မှု ရှိလာခဲ့သည်။
စစ်ကောင်စီသည် လားရှိုး ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား လက်လွှတ်လိုက်ရပြီး နောက်တွင် တရုတ်တို့ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အပစ်အခတ် ရပ်စဲ ရေး သာမက နယ်ခြား သွင်းကုန်များကို ပါ ပိတ်ဆို့လာခဲ့သည်။ မြန်မာသည် တရုတ် အတွက် သံတမန် ရေး နှင့် လုံခြုံရေး တွင် ခေါင်းခဲစရာ ဖြစ်လာ နေသည်။ စစ်ကောင်စီမှ ရုရှား နှင့် နီးကပ်စွာ ဆက်ဆံလာသည်ကိုလည်း ဘဝင်မကျ ဖြစ်လာသည်။
ထရန့် အစိုးရ အ နေဖြင့် အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အချက်များ ရှိလာနေသည်။ မြန်မာ ဒီမိုကရေစီ အင်အားစု များကို ပံ့ပိုးပေးခြင်းဖြင့်သာ တရုတ်၏ ကြီးစိုးလွှမ်းမိုးလာမှု ကို တန်ပြန် နိုင်မည် ဖြစ်သည်။ ဒေါ်နယ် ထရန့်သည် နိုင်ငံ လုံခြုရေးကို ဦးစားပေး စဉ်းစားတတ်၍ မြန်မာ အရေး ကို ရှု့ဒေါင့် အသစ် ဖြင့် သုံးသပ်လာနိုင်သည်။
မြန်မာသည် အရှေ့တောင် အာရှ တွင် အရေးပါလှသည် မဟုတ်သော်လည်း အမေရိကန် လုံခြုံရေး အတွက် လွန်စွာ လိုအပ်နေသည့် ရှားပါး မြေသား သတ္တုများ ရှိနေသည်။
ထရန့်အစိုးရ အနေဖြင့် မြန်မာ အရေးကို အကြောင်းပြု၍ ဒီမိုကရေစီ မြှင့်တင်ရေး အတွက် ခေါင်းဆောင်မှု ပြသ နိုင်ပြီး တဖက်တွင်လည်း အရှေ့တောင်အာရှ တွင် ၎င်းတို့ အကျိုး စီးပွား အတွက် ဆောင်ရွက်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။
အာရှ-ပစိဖိတ် ဒေသ တည်ငြိမ်ရေး၊ လူ့အခွင့်အရေး၊ စီးပွား ဖူလုံရေး အစရှိသည့် အမေရိကန် အကျိုးစီးပွား များ နှင့် တထပ်တည်းကျမည့် မဟာဗျူဟာ ပေါ်လစီများ တိကျ ရှင်းလင်းစွာ ဖေါ်ထုတ် အသိပေးနိုင်ရန် မြန်မာ ဒီမိုကရေစီ အင်အားစုများ၊ ဒေသတွင်း မဟာမိတ် နိုင်ငံများ နှင့် တက်ကြွစွာ ထိတွေ့ ဆက်ဆံသွားခြင်း ဖြင့်သာ ၎င်းတို့ အတွက် အရေးပါသော ဒေသ တွင် အင်အားချိန်ခွင်လျှာ ထိန်းညှိနိုင်ဖို့ ဖြစ်လာပေမည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!