ဒေါ်နယ် ထရန့်သည် ၄၇ ဦး မြောက် အမေရိကန်သမ္မတ အဖြစ် အရွေးချယ် ခံရယုံမက ၎င်း၏ ပါတီသည်လည်း အထက်လွှတ်တော် ဆီးနိတ်တွင် လူများစု ပါတီ အဖြစ် တက်လှမ်းလာခဲ့ပြီ ဖြစ်သည်။ အမေရိကန် သမ္မတ များ ထဲတွင် အသက်ကြီး ဆုံး သမ္မတ လည်း ဖြစ်လာခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ထရန့် မှ ကြားရသူ အပေါင်း မျက်လုံးများ ပြူးကျယ် သွားသည် အထိ တရားမဝင် ရောက်ရှိနေသူ များကို သန်း နှင့် ချီ ၍ နှင်ထုတ်ပစ်မည်၊ မက္ကဆီကို ရှိ မူးယစ်ရာဇာ ဂိုဏ်းများကို ဒုံးကျည်များ နှင့် ပစ်ခတ် ဖြိုခွင်းမည်၊ ဒီမိုကရက် ပါတီ အတွင်း ရှိ "လက်ဝဲစွန်း" ရူးနှမ်းနေသူ များအား စစ်တပ် ကို သုံး၍ နှိမ်နှင်းပစ်မည် အစရှိသည်တို့ ပြောဆိုလာခဲ့သည်။
၎င်း၏ ယခင် သက်တမ်း အတွင်း စီးပွားရေးသည် ကိုဗစ် မဖြစ်ခင်အထိ ငြင်ငြင်သာသာ နှင့် တိုးတက်မှု ရှိလာခဲ့သည်၊ နိုင်ငံခြားရေး မူဝါဒ တွင်လည်း အကြပ်အတည်းဟူ၍ ကြီးကြီးမားမား မရှိခဲ့။ ၂၀၂၀ ရွေးကောက်ပွဲ ကို ခိုးယူရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့။ ထို့အတွက် အမှုပေါင်း များစွာ ရင်ဆိုင်နေရပြီး ရွေးကောက်ပွဲ တွင် အရေး နိမ့်သွားမည် ဆိုက ထောင်နန်းစံရကိန်း နှင့် ကြုံရဖွယ် ရှိနေသည်။
ယခု ဒုတိယ သက်တမ်း အတွင် မည်သို့ ဖြစ်လာနိုင်ခြေ ရှိနေသနည်း၊ မဲဆန္ဒရှင် အများစုကတော့ မဲဆွယ်ကာလ ၎င်းပြောခဲ့သည်များကို အရေးတယူ လုပ် စဉ်းစားခဲ့ကြခြင်း မရှိ၊ စကားအဖြစ် ပြောသည်ဟူ၍သာ သဘောထားခဲ့ကြသည်။ မည်သည့် သမ္မတ လောင်းက စီးပွားရေး ကို အတိမ်းအစောင်း မရှိ ဘဲ ပို၍ ကောင်းမွန်လာ အောင် စီမံခန့်ခွဲ နိုင်မည်နည်း၊ ကိုယ်ဝန် ဖျက်ချရေး နှင့် လူဝင်မှု ပိုင်းတွင် ၎င်းတို့ သဘောထား ကို မည်မျှ အထိ ထင်ဟပ်နိုင်မည်နည်း ဆိုသည်များကိုသာ အလေးထား စဉ်းစားခဲ့ကြသည်။
ထရန့်ကလည်း ၎င်းပြောသမျှ အကုန် လိုက်လုပ်မည် မဟုတ်သော်လည်း ယခင် သက်တမ်း ထက် ပို၍ ကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစားလာမည်သာ ဖြစ်သည်။ ထိုအခါတွင် မည်မျှထိ ဆိုးဆိုးဝါးဝါး မှားယွင်းသွား နိုင်သည်ကို ထည့်သွင်းစဉ်းစားရဖို့ ဖြစ်လာသည်။
ကမ်မလာ ဟာရစ်သည် "နောက်ကြောင်းပြန်မလှည့်" ဟု ကြွေးကြော်ခဲ့သော်လည်း ထရန့်က တော့ အပြောင်းအလဲများ ကြီးကြီးမားမား လုပ်ဖို့ လိုအပ်နေသည်ဟု ပြောထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဇန်နဝါရီ လ အိမ်ဖြူတော်သို့ ရောက်လာသည့် အခါတွင်တော့ ၎င်း လုပ်ချင်သလို လုပ်နိုင်ဖို့ အခြေအနေ မပေးသည်ကို တွေ့လာရမည် ဖြစ်သည်။ အောက်လွှတ်တော်၊ တရားရုံးများ၊ ဗျူရိုကရေစီ ကြိုးနီစနစ်များ၊ အကြံပေးများ နှင့် ၎င်းကိုယ်တိုင် အစွမ်းအစ မရှိမှု များ၏ ဟန့်တားခြင်း ခံရပေ တော့မည်။
၎င်း ပြောသည့် အထဲမှ အချို့ကို လုပ်နိုင်ခဲ့မည် ဆိုလျင်ပင် အမေရိကန်၏ စီးပွားရေး၊ အင်စတီကျုးရှင်း များသာမက တကမ္ဘာလုံး အတွက်ပါ ဆိုးရွားသော အကျိုးဆက်များ ထွက်ပေါ်လာပေလိမ့်မည်။ အမေရိကန် ဒီမိုကရေစီ သည် ရေစုန် မျောသွားတော့မည် ဆိုသည်နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားသွားလိမ့်မည် ဆိုသော စိုးရိမ် ထိတ်လန့်မှု များသည် အကျိုး အကြောင်း မဆီလျော် ဟု ပြော၍ မရတော့။
ထရန့်ဝါဒ သည် ၂၀၁၇ တုန်းကကဲ့သို့ မဟုတ်တော့ပဲ ပို၍ အခြေခိုင်လာနေပြီ ဖြစ်သည်။ ထရန့်သည် ၎င်း၏ အစိုးရ အဖွဲ့အား ယခင်ကနှင့် မတူ တမူထူးခြားလာအောင် လူသစ်များ၊ ၎င်းနှင့် သဘောကွဲလွဲလျင်ပင် အတွေ့အကြုံ ရှိသူများ ဖြစ်က ထည့်သွင်းလာတော့မည် ဖြစ်သည်။ ထိုလူများကလည်း စိတ်ကူးစိတ်သန်း အသစ်အဆန်းများနှင့် အိမ်ဖြူတော်သို့ ရောက်လာကြပေလိမ့်မည်။ ထရန့် အတွက် စာမျက်နှာ ၉၀၀ ပါ Project 2025 ကိုပင် Heritage Foundation က အဆင်သင့် ရွေးဆွဲထားခဲ့ပြီး ဖြစ်သည်။
ကုန်သွယ်ခွန်များ တိုးမြှင့် ပြီး ဝင်ငွေခွန် ကို အကြီးအကျယ် ဖြတ်တောက်ပေးမည်၊ တရားမဝင် လုပ်ကိုင်သူများ အား နှင်ထုတ်မည်၊ ဗဟိုဘဏ် ၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ထိန်းချုပ် ပစ်မည်ဟု မဲဆွယ်ကာလ အတွင်း ပြောခဲ့ပြီး ဖြစ်သည်။
အလုပ်သမား များ နှင်ထုတ်မည်ဆိုက ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရဖို့ ရှိနေသည်။ ထိုသို့ မလုပ်က ငွေကြေး ဖောင်းပွ လာမည် ဖြစ်သည်။ ထရန့်သည် ကုန်သွယ်ခွန် ကို ၂၀ ရာနှုန်း မြှင့်တင်ပြီး တရုတ်ပြည်မှ သွင်းကုန်များကို ၆၀ ရာနှုန်း အထိ တိုးမြှင့် ကောက်ခံသွားမည်ဟု ဆိုသည်။ အခြားနိုင်ငံများက အလားတူ လက်တုန့်ပြန်မည် ဆိုလျှင် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ထိခိုက်ပျက်စီးသွားနိုင်ပေသည်။ ငွေတိုက်စာချုပ် ဈေးကွက်သည်လည်း ကပြောင်းကပြန် ဖြစ်သွားနိုင်သည်။ ၎င်း ပြောသလို တရားမဝင်သူများ သန်း နှင့် ချီ ပြီး နှင်ထုတ်ဖို့ ဆိုသည်က ပထမဦးဆုံး လိုက်လံ ရှာဖွေ ဖေါ်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဖို့ အစိုးရ အနေနှင့် လူအားငွေအား စိုက်ထုတ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ လူထု အကြားလည်း အုတ်အော် သောင်းနင်း ဖြစ်လာပေလိမ့်မည်။
နိုင်ငံခြားရေး မူဝါဒ ပိုင်းတွင် စိုးရိမ်ဖွယ်ရာ အန္တရာယ် များ ရှိလာနိုင်သည်။ ထရန့်သည် နိုင်ငံခြားရေး ပိုင်းတွင် မူဝါဒ နှင့် မဆိုင်ပဲ ၎င်း၏ အရည်အသွေး ဖြင့် အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ယူဆနေသည်။ ယခု အခါ ဥရောပ ရှိ မဟာမိတ်များသည်လည်း မည်သို့ မည်ပုံ ပြင်ဆင်ကြရတော့မည်ကို ခေါင်းချင်းရိုက် ကြိတ်ဝိုင်း ဖွဲ့နေ လောက်ပြီ ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာကြီးသည် ၎င်း၏ ပထမ သက်တမ်းကဲ့သို့ ငြိမ်သက် မနေတော့ပဲ ယူကရိန်းစစ်၊ အရှေ့အလယ်ပိုင်း စစ်ပွဲများ နှင့် ပွက်လောရိုက်နေချိန်လည်း ဖြစ်သည်။
ယူကရိန်းစစ်အား ၎င်း သမ္မတ အဖြစ် အရွေးခံရပြီး ၂၄ နာရီ အတွင်း ဖြေရှင်း နိုင်လိမ့်မည်ဟု ထရန့်က ပြောခဲ့ပြီး ဖြစ်သည်။ ၎င်းကျမ်းသစ္စာ မကျိန်ဆိုရသေး မီမှာပင် အဆုံးသတ်သွားမည်ဟုပင် ကြိမ်းဝါးခဲ့သည်။ မည်သို့သော အဓိပ္ပါယ်နှင့် ပြောသည်ကို ခန့်မှန်းရ ခက်နေကြသည်။ ဒုတိယ သမ္မတ လောင်း ဂျေဒီ ဗန့်စ်ကမူ ယူကရိန်း အား ပေးသည့် ငွေများသည် အလဟသ ကုန်နေသည်ဟု ဆိုသည်။ ရီပတ်ဘလီကင် ကြီစိုးတော့မည့် ဆီးနိတ်သည်လည်း ယူကရိန်းအား ထောက်ပံ့နေမှုများကို ဆန့်ကျင်ကြတော့မည် ဖြစ်သည်။
ယူကရိန်း အဖို့ ရုရှားတို့ လက်ရှိ သိမ်းပိုက်ထားသော နယ်မြေ များ ပြန်ရဖို့ ရည်မှန်းချက်များကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။ ရုရှားသည် လက်ရဲဇက်ရဲ နိုင်လာပြီး နေတိုး အဖွဲ့ဝင် နိုင်ငံ တနိုင်ငံကို ကျုးကျော်လာမည် ဆိုက စာချုပ် အတိုင်း အမေရိကန်က အကာအကွယ် ပေးမည်လား ဆိုသည်က မရေမရာ ဖြစ်လာနေသည်။ တိုင်ဝမ်ကို တရုတ် တို့ ပိတ်ဆို့လာမည် ဆိုလျှင်လည်း ထရန့် မှ တပ်များ စေလွှတ်ရန် သဘောတူမည်လော၊ အရှေအလယ်ပိုင်း တွင် လည်း အစ္စရေး ကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးလာမည်လော။ အစ္စရေးသည် အီရန်၏ ရေနံချက် စက်ရုံများနှင့် နျူကလီယား အဆောက်အအုံများကိုပါ တိုက်ခိုက်လာနိုင်သည်။ ထရန့်၏ ပင်ကိုယ်စိတ်က စစ်ကို ရွံရှာ မုန်းတီးသော်လည်း ၎င်းအား ပျော့ညံ့သူ ဟု မြင်မည်ကိုမူ မလိုလားသူ ဖြစ်သည်။
ခြုံငုံ သုံးသပ်ရမည် ဆိုက အမေရိကန် အင်စတီကျုးရှင်း များ၊ တရားရုံးများက ထရန့် ၏ အာဏာရှင် ဆန် လိုမှု ကို နိုင်အောင် ထိန်းထားနိုင်ဖို့ လိုအပ်နေသည်။ ထရန့်သည် တတိယသက်တမ်း ဆက်လုပ်နိုင်ဖို့ပင် ကြိုးစားလာနိုင်ခြေ ရှိနေသည်။ ၎င်းအား တရားစွဲထားမှု များ အကောင်အထည် ပေါ်မလာနိုင်ရေး အတွက် ရီပတ်ဘလီကင် ပါတီမှ သင်းကွဲများ ထွက်မလာအောင် အခိုင်အမာ ထိန်းချုပ်လာမည် ဖြစ်သည်။
၎င်းအား တရားစွဲဆိုထားမှု များကို သေချာပေါက် ပယ်ဖျက်ဖို့ လုပ်လာမည် ဖြစ်ပြီး လွှတ်တော် ဝင်စီးသူများအားလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလာဖွယ် ရှိနေသည်။ တရားရေး ဝန်ကြီးဌာန၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်များကို အဆုံးသတ်ပစ်မည်ဟု ကတိပေး ပြောဆိုထားပြီး ဖြစ်သည်။ သို့မှသာ ၎င်း၏ နိုင်ငံရေး ရန်သူများကို သဘောကျ စုံစမ်းစစ်ဆေး နိုင်မည် ဖြစ်သည်။
ဘိုင်ဒင်၏ သမ္မတ သက်တမ်း အတွင်း နိုင်ငံခြားရေး မူဝါဒ ပိုင်း ပျက်ကွက် မှု များသည် ထရန့် လက်ထက်နှင့်စာလျင် အပုံကြီး ဆိုးဝါးခဲ့သည်ဟု ယူဆမှုများလည်း ရှိနေသည်။ ထရန်သည် ဘိုင်ဒင်ထက်စာလျင် စီးပွားရေး ကို ပို၍ ကျွမ်းကျင် နိုင်နင်းစွာ ကိုင်တွယ် နိုင်သည်ဟူသော အပြောများလည်း ရှိနေသည်။
ထိုသို့သော အယူအဆများ ဖြင့် ထရန့်ကို မဲပေးခဲ့ခြင်းကြောင့် အမေရိကား နှင့် ကမ္ဘာကြီးကို အစွန်း တဖက်သို့ တွန်းပို့တော့မည့် အန္တရာယ်ကြီး နှင့် ကြုံလာရဖွယ် ရှိ နေသည်။ ပထမ သက်တမ်းထက် ပို၍ ဆိုးမလာ အောင်သာ ဆုတောင်းရတော့မည် ဖြစ်သည်။
(အီကော်နောမစ် မဂ္ဂဇင်း ဆောင်းပါးများအား ကိုးကား တင်ပြသည်။)