Antibody ဆိုတာကတော့ ဗိုင်းရပ်ကာကွယ်ဆေး မဟုတ်ပဲ မြန်မာ လို ပြောရရင် ရောဂါကို ခုခံ ကာကွယ်နိုင်သော ခန္ဓာကိုယ် အတွင်းရှိ သွေးများတွင်ပါဝင်သော ပဋိပစ္စည်း လို့ ပြောလို့ရပါတယ်။
ဗိုင်းရပ်စ် ပိုး အသစ် သည် ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာသည့် အခါ အတွင်းရှိ ခုခံ ကာကွယ်ရေး စနစ်မှ တိုက်ဖျက်ဖို့ ခေါင်းထောင်ထလာပါတယ်။ ပထမဆုံး စစ်မြေပြင်သို့ စေလွှတ်ခံရသူကတော့ Immunoglobulin (IgM) ပဲ ဖြစ်ပါတယ်။ သူက ဗိုင်းရပ်စ်ကို သူ့မှာ ရှိတဲ့ ပရိုတိန်း တွေနဲ့ ဖမ်းအုပ်လိုက်ပါတယ်။ အဲ့ဒီနောက် တစ်ရှူးများ အတွင်း မကောင်းသည့် ဆဲလ်များကို မြုပ်သွားအောင် လုပ်နိုင်စွမ်း ရှိတဲ့ ရွေ့လျားနေသော အဖြူရောင် ဆဲလ်များ အတွင်းရှိ macrophages တွေကနေ ထပ်မံတိုက်ခိုက်နိုင်ဖို့ အမှတ်အသား လုပ်ပေးလိုက်ပါတယ်။
နောက်ပိုင်း ရက်အနည်းငယ်အကြာမှာ နောက်ထပ် အဖွဲ့တခု ကို ထပ်မံလွှတ်လိုက်ပါတယ်။ အဲ့တာကတော့ Immunoglobulin G (IgG) ပဲ ဖြစ်ပါတယ်။ IgM ရဲ့ သက်တမ်းက တိုတောင်းလို့ပဲ ဖြစ်ပြီး သူတို့က သွေးလည်ပတ်နေတဲ့ စီးကြောင်းထဲမှာ သုံးပတ် သို့မဟုတ် လေးပတ် လောက် ရှိနေပြီး ပြန်ပျောက်သွားတတ်ပါတယ်။ သို့သော်ငြားလည်း IgG တို့သည် ရေရှည် ခံနိုင်သည့် ခုခံအားဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ သို့မဟုတ် တသက်ပတ်လုံး ခန္ဓာကိုယ်အတွင်းမှာ ရှိနေနိုင်ပါတယ်။
ထိုကဲ့သို့ IgM နဲ့ IgG ဆိုတဲ့ antibodies တွေ ခန္ဓာကိုယ် အတွင်း မှာ ရှိမရှိ စမ်းသပ်မှု ကရိယာ တွေ မကြာမီ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကိုလည်း ကူးစက်နိုင်တဲ့ နေရာတွေ ဖြစ်တဲ့ နှာခေါင်း နဲ့ လည်ချောင်းများက နေ တို့ပတ် ယူပြီး မျိုးရိုးဗီဇ ကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ antibodies တွေ ရှိမရှိ စမ်းသပ်မှု တွေကို အရင်က ဗိုင်းရပ်စ်ပိုး ရှိခဲ့မှု နှင့် ယခုအခါ အဲ့ဒီပိုးရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသွား နိုင် ပြီကိုလည်း စမ်းသပ်တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
အတိုချုပ် ပြောရရင် အာဏာပိုင်တွေက ဒီစမ်းသပ်မှု နဲ့ မည်သူသည် အခြားလူများ ကို ကူးစက်နိုင်ခြင်း မရှိပဲ အလုပ်ကို ပြန်သွားနိုင်တယ်လို့ ဆုံးဖြတ်ပေးနိုင်မှာပါ။ ဆေးဝန်ထမ်းများ အနေနဲ့ လည်း တကယ်တမ်း အသည်းအသန် ဖြစ်နေသူတွေကို ရွေးချယ် ကုသပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ရေရှည်အတွက်လည်း ကောင်းသွားနိုင်ပါတယ်။ ဗိုင်းရပ်စ်သည် လူထု အတွင်း မည်မျှ အတိုင်းအတာအထိ ပျံ့နှံ့သွားမယ်ဆိုတာကို ခန့်မှန်းနိုင်မှာလည်း ဖြစ်ပါတယ်။ ဆိုလိုတာက herd immunity ဆိုတဲ့ ရောဂါပိုးကို ခံနိုင်ရည် ရှိတဲ့ အတိုင်းအတာ လူထု အတွင်း မည်မျှထိ မြင့်တက်လာနေတယ် ဆိုတာ သိနိုင်တဲ့ အတွက် social distancing နဲ့ home stay ကန့်သတ်ချက်တွေကို ဖြေလျော့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
SARsS-COV-2 antibody test ကို တရုတ်၊ စင်္ကာပူ၊ တောင်ကိုရီယား တို့မှာအကန့်အသတ်နဲ့ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အမေရိကန် နှင့် ဗြိတိန် အပါအဝင် အနောက်တိုင်း အစိုးရများက antibody test kit တွေကို ပိုလျှံနေတဲ့ တရုတ်ပြည်ကနေ သန်းပေါင်း များစွာ အလုအယက် ဝယ်ယူနေကြပါတယ်။ အခြား စမ်းသပ်မှု ပုံစံ အမျိုးမျိုးကိုလည်း ကမ္ဘာတဝှမ်းမှ ကုမ္ပဏီ အမြောက်အမြားဟာ အပြိုင်အဆိုင် ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ ထုတ်လုပ်ဖို့ လွယ်ကူပေမယ့် စိတ်ချ ယုံကြည်ရလောက်တဲ့ အဆင့်မျိုး နဲ့ အနှံ့အပြားမှာ သုံးစွဲနိုင်ဖို့ အတွက် တခုတလေမျှ အတည်ပြု ပေးနိုင်ခဲ့ခြင်း မရှိသေးတာ တွေ့ရပါတယ်။
Test တွေက ပုံစံအမျိုးမျိုး နဲ့ ထွက်ပေါ်နေပြီး အသုံးပြုတဲ့ ဓါတုဆေးဝါး နဲ့ လုပ်ငန်းစဉ်တွေ ကွာခြားနေပါတယ်။ ဗြိတိသျှ ကုမ္ပဏီ တခု ဖြစ်တဲ့ Biopanda Reagentsက ဘူးထဲမှာ အလုံပိတ် ပလပ်စတစ် တုတ်ချောင်းလေးတွေ အသုံးပြုနေပါတယ်။ အသုံးပြုသူရဲ့ လက်ထိပ်ကို သွေးဖေါက်ပြီး တုတ်ချောင်းလေးရဲ့ တဖက်စွန်းမှာ ပါတဲ့ အပေါက်လေးထဲ လောင်းထည့်ရပါတယ်။ တုတ်ချောင်းထဲမှာ ရှိနေတဲ့ ဓါတုဆေးဝါးတွေနဲ့ ဓါတ်ပြုပြီး ဆယ့်ငါးမိနစ်ကြာရင် အဖြေထွက်လာပါတယ်။
လူထု အကြားမှာ အဆိုပါ စမ်းသပ်မှုကို အပူတပြင်း တောင်းဆိုလာကြဖို့ ရှိနေပါတယ်။ မိမိမှာ ရောဂါပိုး ခံနိုင်ရည် ရှိမရှိ သိချင်စိတ်ကြောင့် ဖြစ်ပြီး ရှိတယ်ဆိုရင် စိတ်အေးလက်အေး နေသွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် အဓိက ဦးစားပေး စမ်းသပ်ဖို့ ရှိနေသူများကတော့ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲအဖွဲ့ဝင်များ၊ ကျောင်းဆရာဆရာမများ၊ စတိုးဆိုင်တွေ နဲ့ ဈေးများကို ကုန်စည်များလာရောက်ပို့သူများ ဖြစ်ကြပါတယ်။
မည်မျှ အထိ နက်နက်ရှိုင်းရှိုင်း စမ်းသပ်နိုင် မည်ကို သိရအောင် အဖြေသိပြီးသား လူတွေရဲ့ သွေးနမူနာ ပေါင်းများစွာ ယူပြီး စစ်ဆေး အတည်ပြုပေးဖို့လိုအပ်နေပါတယ်။ ဗြိတိသျှ နဲ့ အမေရိကန် အာဏာပိုင်တွေကတော့ စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်နေပေမယ့် အတည်ပြုနိုင်တဲ့ အချက်အလက် တွေ မထုတ်ပြန်သေးပဲ ဘယ်အချိန်မှာ ထုတ်ပြန်မလဲ ဆိုတာကိုလည်း ရေငုံနှုတ်ပိတ် နေဆဲ ဖြစ်ပါတယ်။
ဂျာမန် သိပ္ပံ ပညာရှင် တွေက ယခုလ မှာ လူတသိန်း ရဲ့ သွေးနမူနာများ ယူပြီး အကြီးအကျယ် စမ်းသပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ အဖြေပေါ်မူတည်ပြီး ရောဂါပိုး ကို တိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအား ကောင်းပြီးသား လူတွေကို လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နိုင်ခွင့် နဲ့ ခရီးသွားလာနိုင်ကြောင်း လက်မှတ်တွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။
သို့သော် ထွက်ပေါ်လာတဲ့ အဖြေက လူ ၁၀၀ တွင် ၂ ဦး အား ပေါ့စတစ်ဖ် ဟု မှားယွင်း အဖြေထုတ်မှု အနည်းငယ် ရှိနေလျှင် ကား အကြာင်းမဟုတ်ပေ။ သူ့ ပတ်ဝန်းကျင်ရှိ လူများကိုလည်း ကူးစက်မည် မဟုတ်။ သို့သော် နဂ္ဂတစ်ဖ် ဟု မှားယွင်း အဖြေထုတ်လိုက်မည် ဆိုက နောက်ပိုင်းတွင် သူနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ နှင့် contact-tracing ခေါ် ထိတွေ့မှု ရှိသည့် ရာဇဝင်ကို လိုက်လံ စုံစမ်းမှုများ ရှိနိုင်တော့မည် မဟုတ်ပေ။
ဆေးဝါး ထုတ်လုပ်ရေး ဆိုသည်က ဗျောသံကြားကာမျှ နှင့် တရားနာ၍ရသော အတတ်ပညာရပ်မျိုး မဟုတ်ပေ၊ ဆေးဝါး ထုတ်လုပ်သူများ ဖက်မှလည်း နိုင်ငံအားလုံး ဈေးကွက်တွင် သုံးစွဲနိုင်ရန် အငြင်းပွားစရာ မလိုအောင် စိတ်ချလက်ချ အသုံးပြုနိုင်ရန် အာမခံ ရမည်။ validate လုပ်ပေးနိုင်သည့် အဆင့်အထိ ရောက်နိုင်အောင် အထပ်ထပ် အခါခါ စမ်းသပ်ဖို့ လိုအပ်နေ၍ အချိန်ယူနေရတယ် ဆိုတာ သတိပြုသင့်ပါတယ်။
ကိုးကား၊ ၊ ‘An antibody test for the novel coronavirus will soon be available’ from the Economist (Apr 2nd 2020 Edition)