ကျေနပ်သွားပုံရသော ဗိုလ်ချုပ်ကြီးသည် ကားထဲ ပြန် ဝင်ထိုင်လိုက်ပြီး ကျွန်တော်တို့ ကားတန်းကြီးလည်း တူ ဇော လမ်း မ ဖက်မှ ဆက်လက် ထွက်ခွာ လာခဲ့သည်။ လမ်းတွင်လည်း ဆိုင်းဂုံ သူ ကောင်မလေး များ နှင့် ချိန်းတွေ့သည့် အခါတိုင်း စားလေ့ရှိသည့် ပြင်သစ် သစ်ခွနံ့ သင်းနေသည့် ရေခဲမုန့် ရောင်းသည့် Givral ကဖီး ဆိုင်ကို နောက်ဆုံး နှုတ်ဆက်သည့် အနေနှင့် လှမ်းကြည့်ခဲ့သည်။
Givral ကို ကျော်လာပြီး ကျွန် တော် အတွက်နောက်ထပ် အမှတ်တရ ဖြစ်စရာ ကဖီး တခုက Brodard ဖြစ်သည်။ ကျွန်တော် အမြဲ အရသာ ရှိရှိ စားသောက်ချင်သည့် အခါတိုင်း သွား စားတတ်သည့် ကဖီး ဖြစ်သည်၊ ထိုဆိုင်တွင် ထောပတ်၊ သကြား၊ နွားနို့၊ ကြက်ဉ တို့ကို ဂျုံ နှင့် ရောမွှေထားသည့် ပြင်သစ် ခေါက်မုန့် ကို ကျွန် တော် ကြိုက်တတ်လာ၍ ဖြစ်သည်။ ကျွန်တော် အဖို့ စားရင်း သောက်ရင်း ဆိုင်ရှေ့ လမ်းပေါ်တွင် လှုပ်လှိလှူပ်လှဲ့ဖြင့် သွားနေသော တောင်းရမ်း စား သောက် နေသူများ နှင့် မျက်လုံးခြင်း မဆုံမိအောင် မျက်နှာလွှဲထားရပြန်သည်။ လက် ရှိ နေ သူများက ခွက်ကို ကိုင်ထားကြသလို၊ လက်မရှိသူများကလည်း ခွက်အစား ပါးစပ်တွင် ဦးထုပ်လျှာ ကို ကိုက်ရင်း တောင်းတတ်ကြသည်။ တပ်ထွက် လက်ပြတ်နေသူများ ဝတ်ထားသော အင်္ကျီ လက်များက အတောင်ပံ မပါသည့် ငှက်များလို ဖတ်လပ် ဖတ်လပ် နှင့် ဖြစ်နေသည်။ စကား မပြောတတ်သည့် သက်ကြားအိုများ၏ မျက်လုံးများကလည်း မြွေဟောက်တကောင်လို စူးစိုက်ကြည့်နေတတ်သည်၊ အိမ်ခြေယာမြေ မဲ့ ကလေးများကလည်း ၎င်းတို့ကို သနားလာအောင် တတွတ်တွတ် နှင့် ပြောနေကြသည်။ မုဆိုးမ ဟု ယူဆရသည့် အမျိုးသမီးငယ်များကလည်း လေထိုးလေအောင့် ဖြစ်၍ အော်ဟစ်နေသော ကလေးများကို ချီ၍ တောင်းတတ်ကြသည်။ ကလေးများကို လည်း ငှားလာကြပုံ ရသည်။ ပုံသဏ္ဍန် အမျိုး မျိုး နှင့် မသန်မစွမ်း ဖြစ် နေသူများ၊ ရောဂါဝေဒနာ မျိုးစုံ ခံစားနေရသူ များကိုလည်း တွေ့နေရသည်။
ကျွန် တော် ကျင်လည် ခဲ့သည့် Brodard ကဖီး ကို ကျော်လာပြီး နောက်တွင် နိုက်ကလပ် ရှေ့ ဖြတ်လာခဲ့သည်။ ညနေခင်း အတော်များများကို စကပ် တိုနံ့နံ့ နှင့် ဒေါက်မြင့် ဖိနပ်များ စီးထားသည့် အမျိုးသမီး ငယ်ငယ်ချောချောလေး များ နှင့် ချာ ချာ အက တွဲကရင်း ကျွန်တော် အချိန် ဖြူန်းခဲ့သည့် နေရာလည်း ဖြစ်သည်။
ထိုလမ်းသည် အရာရာကို ၎င်းတို့ ပိုင်သည့် အလား သဘောထားနေသည့် ပြင်သစ် တို့ အငယ်အနှောင်းများ စုဆောင်းရာ နေရာလည်း ဖြစ်သည်။ နောက်ပိုင်း တွင် ဆန်ဖရန် စစ္စကို၊ နယူးယောက်၊ တင်နက်စီ ဖက်မှ လူ့အောက်တန်းလွှာ မှ အမေရိကန်များ ရောက်လာပြီးနောက် ကျေးလက် ဂီတ များ နေရာယူလာခဲ့သည်။
အသောက်အစား အပျော်အပါး ကျူးမိ၍ အပြစ်ရှိသည်ဟု ခံယူမိပါက တူ ဇော လမ်းမကြီး အတိုင်းမြောက်ဖက်သို့ ဆက်လျောက်သွားမည် ဆိုလျင် အုတ် ဘုရား ရှိခိုး ကျောင်းအား တွေ့ရမည် ဖြစ်ပြီး ကျောင်းတိုက် ရှေ့ တွင်အဖြူရောင် မယ်တော် ရုပ်ထုကြီး ရှိနေသည်။ မယ်တော်သည် ငြိမ်းချမ်းရေး နှင့် ခွင့်လွှတ်ခြင်း သင်္ကေတ အဖြစ် လက်နှစ်ဖက်ကို ဖွင့်ဟ ဆန့်တန်းထားပြီး မျက်လွှာကို ချထားသည်။ မယ်တော် နှင့် သားတော် ယေရှူ ခရစ်သည် တူ ဇော လမ်း တလျောက် မကောင်းမှု ကျုးလွန်လာသူများကို ကြိုဆိုရန် အသင့် ရှိနေပုံရသည်။
ထိုနေရာသို့ လာ၍ အရှက် အကြောက် ကြီးစွာ ဖြင့် အာပတ် ဖြေကြသူများ၊ ကျွန်တော့် ဖခင် အပါအဝင် ဆရာတော်များ ကို ကြည့်၍ ကျွန်တော့် စိတ်ထဲ အမြဲလိုလို စိတ်ပျက်လက်ပျက် ဖြစ်မိသည်။ ကျွန်တော်သည် မန်း နှင့် လျို့ဝှက် တွေ့ဖို့ လိုသည့် အခါတိုင်း ထိုကျောင်းတိုက်သို့ အမြဲ ချိန်းဆိုလေ့ ရှိသည်။ ကျွန်တော်သို့ နှစ်ယောက်စလုံး ရောက်လာသူများ အထဲတွင် ရယ်ဖွယ် ကောင်းသည့် ဟန်ဆောင်မှု များကို လိုက်ကြည့် နိုင်သမျှ တစိမ့်စိမ့် အရသာခံ ကြည်ခဲ့စမြဲ လည်း ဖြစ်သည်။. ကျွန်တော်တို့ ဒူးတုပ် ရှိခိုး ခဲ့ကြသော်လည်း တကယ်တမ်း တွင် ဘုရားသခင်ထက် ကွန်မြူနစ် ဝါဒကို ရွေးချယ်ခဲ့ကြသည့် ဘာသာမဲ့များသာ ဖြစ်သည်။
လူလာနည်းသည့် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းများတွင် ကျွန်တော်တို့ တွေ့ဖြစ်ခဲ့ကြသည်၊ ထိုနေ့မျိုးတွင် ပိုက်ဆံရှိ အသက်ကြီးကြီး မုဆိုးမ အမျိုးသမီး ကြီးများသာ ရောက်လာတတ်သည်၊ သူတို့ ကိုယ်ပေါ်တွင် အနက်ရောင် ခြုံစောင်များ ခေါင်းမှ ပုခုံးထိ ပတ်ကာ "ကောင်းကင်ဘုံရှိ ဘုရားသခင်" ဟု အစချီကာ ရွတ်ဖတ် ဆုတောင်းကြသည်။ ကျွန်တော် အနေနှင့် ဆုတောင်းခြင်းမျိုး မရှိတော့၊ ကျွန်တော်၏ လျှာ သည် ထိုအမျိုးသမီးများ နှင့် အတူ ရွတ်ဖတ် ဆုတောင်းနိုင်စွမ်း ကင်းမဲ့နေသည်။
သူတို့သည် ခြေမြန် စစ်သားများ အလား အကြမ်းခံနိုင်သူများ ဖြစ်သည်။ လူအလာများသည့် ရက်သတ္တပတ် အကုန်ပိုင်း နေ့မျိုး တွင် လူအုပ်ကြီးထဲ မလှုပ်မယှက် ထိုင်နေနိုင်သူများ ဖြစ်သည်။ တခါတရံတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်း ဖြစ်နေသူများပင် အပူ ဒဏ် ကြောင့် မေ့မျောသွားတတ်သည်။ ဆင်းရဲလွန်း၍ ဘုရားကျောင်းတွင်ပင်လေအေးပေးစက် ကို တပ်မထားနိုင်၊ အပူလျပ် ခံရခြင်းကပင် ဘာသာရေး တွင် ဇွဲ မည်မျှ ရှိသည်ကို တနည်းအားဖြင့် ဖေါ်ကျူး ရာလည်း ရောက်နေသည်။
ကက်သိုလစ်ဘာသာ ကို ယုံကြည် ကိုးကွယ်မှု ပိုင်း တွင် ယှဉ်ကြစတမ်းဆိုလျှင် ဆိုင်းဂုံရှိ လူများကို မှီနိုင်မည် မထင်၊ အများစု သည် ၁၉၅၄ တွင် အမေ နှင့် ကျွန်တော့်လိုပင် ကွန်မြူနစ်များ ရန်မှ ထွက်ပြေးလာကြသူများ ဖြစ်သည်။ ကျွန်တော်သည် ထိုစဉ်က အသက်အားဖြင့် ကိုးနှစ် ခန့်သာ ရှိသေး၍ ထိုကိစ္စကို ဘာမျှ ပြောပိုင်ခွင့် မရှိ။
ဘုရားကျောင်း တွင် အချိန်းအချက် လုပ်သည်ကို မန်းက သဘောကျနေသည်။ သူလည်း ကျွန်တော်လိုပင် အရင်က ကက်သိုလစ် ဘာသာ ဝင် တဦး ဖြစ်သည်။ ကျွန်တော် တို့ နှစ်ဦးစလုံး တပတ်တခါ ဘုရားကျောင်း တက်သည့် ဘာသာရေး ကိုင်းရှိုင်းသူ အရာရှိများ အဖြစ် ဟန်ဆောင်နေနိုင်ခဲ့သည်၊ ကျွန်တော် အဖို့က ထိုနေ့မျိုးတွင် ကျွန်တော်၏ နိုင်ငံရေး နှင့် ကိုယ်ရေး ကိုယ်တာ ပိုင်း ချို့ယွင်းမှု များကို မန်း ထံတွင် ဝန်ခံလေ့ရှိသည်။ သူကလည်း ကျွန်တော်၏ အပြစ် ဝန်ခံမှု ကို ဘုန်းတော်ကြီး တပါးသဖွယ် လက်ခံနားထောင်ပေးတတ်သည်။ ပြီးလျင် ကျွန်တော် နား နားကပ်၍ တီးတိုး ပြောလေ့ရှိသည်။ အပြစ်မှ ဖြေပေးသည့် စကားမျိုး တော့ မဟုတ်၊ နောက်ထပ် လုပ်ရမည့် တာဝန်များနှင့် ပတ်သက်၍ ပြောလာခြင်း ဖြစ်သည်။
အမေရိကား ဟုတ်လား ဟု ကျွန်တော်က မေးခဲ့သည်။
သူက ဟုတ်သည်ဟု ကျွန်တော် အမေးကို အတည်ပြုပေးခဲ့သည်။
ကျွန်တော်သည် ဗိုလ်ချုပ်ကြီး နိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည်များကို သိလျင်သိခြင်း သူ့ကို ပြောပြခဲ့သည်။ ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က အသိပေးလိုက်ခြင်း ဖြစ်သည်။ ထိုအခါတွင် ကျွန်တော့်အား ရှေဆက် ထမ်းဆောင်ရမည့် တာဝန် အသစ်တရပ် ပေးလာခဲ့သည်။ ထိုတာဝန်ကို သူ့ အထက်လူကြီးများက ပေးတာ ဟု ပြောသော်လည်း ဘယ်သူဘယ်ဝါတွေ မှန်း ကျွန်တော်မသိ၊ ထိုသို့ မသိသည်ကပင် ကျွန်တော်အတွက် လုံခြုံမှု ရှိနေသည်။
ကျွန်တော်တို့ ကွန်မြူနစ် စာပေများ အုပ်စုဖွဲ့၍ စတင်လေ့လာခဲ့သည့် အလယ်တန်း ကျောင်းသား ဘဝ ကတည်းက ထို အတိုင်း ကျင့်သုံးခဲ့သည်၊ ဘွန် ကတော့ ကျွန်တော်တို့ထဲတွင် မပါပဲ သမာရိုးကျ လမ်း အတိုင်း လျှောက်ခဲ့သူ ဖြစ်သည်။