ဖွံ့ဖြိုးမှု ဆိုသည်က အဘယ်ကြောင့် ယခုထိ အရေးပါသည့် ကိစ္စတရပ် အဖြစ် ဆက်၍ တည်ရှိနေရပေသနည်း။ ထိုသို့ တည်ရှိနေခြင်းမှလည်း အဓိက အားဖြင့် လူသားချင်း စာနာ ထောက်ထားရမည့် အကြောင်းများ ကြောင့်ပင် ဖြစ်သည်။ သို့မဟုတ်က ဘီလီယံ နှင့် ချီ ရှိနေသော ယောက်ျား၊ မိန်းမ၊ ကလေး များ၏ ဘဝ သည် အန္တရာယ် ကျရောက်လာပေလိမ့်မည်။
နောက်ထပ် အကြောင်းတခုသည်က စီးပွားရေး နှင့် သက်ဆိုင်နေသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဘီလီယံ နှင့် ချီ ရှိနေသော လူများသည် ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲသူများ ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ်သည်။ တတိယ တကြောင်းသည်ကား နိုင်ငံ လုံခြုံ ရေး အတွက် ဖြစ်သည်။ နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု မရှိပါက အကြမ်းဖက်သမားများ၊ ရာဇဝတ် ဂိုဏ်းများ၊ ပင်လယ်ဓါးပြများ ထကြွလာနိုင်သည်။ ယင်းနှင့် အတူ အစွန်းရောက် ဝါဒ များ အမြစ်တွယ် လာနိုင်သည်၊ ကူးစက်ရောဂါများလည်း ပျံ့ပွားလာနိုင်သည့် အန္တရာယ် ရှိနေသည်။
ဒုက္ခသည်များ မွေးထုတ်ပေးနေသည့် နိုင်ငံများ အဖြစ်လည်း ကူးပြောင်းသွားနိုင်ပြီး ပတ်ဝန်းကျင် နိုင်ငံ များ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပေမည်။ ထိုနိုင်ငံများသည်လည်း တဖြေးဖြေး နှင့် တိုးတက်မလာနိုင်တော့ပဲ အင်အားချိနဲ့ လာမည် ဖြစ်သည်။
စစ်အေး တိုက်ပွဲ ကြီး ဖြင့် အမေရိကန် နှင့် ဆိုဗီယက်အကြား အကြိတ်အနယ် ယှဉ်ပြိုင်လာမှု ကြောင့် နိုင်ငံ အများအပြား သည် လုံခြုံရေးကို အဓိကထားလာရ၍ ဖွံ့ဖြိုးမှု များ နှောင့်နှေး ခဲ့ကြရသည်။ အမေရိကန် သည် နိုင်ငံများ ဖွံ့ဖြိုးလာမှ နိုင်ငံသားများသည် အုပ်ချုပ်နေသူများ အပေါ် မကျေမနပ် စိတ်များဖြင့် ကွန်မြူနစ် လိုလား ထောက်ခံသူများ ဖြစ်လာမည် မဟုတ်၊ ကွန်မြူနစ် များသည်လည်း အကူအညီ တောင်းရန် ဆိုဗီယက်ကို အားကိုးစရာ မလိုတော့ဟု ခံယူထားသည်။
နိုင်ငံများ ဖွံဖြိုးလာရေး အတွက် ဈေးကွက် ယှဉ်ပြိုင် စနစ်သို့ ဦးတည်ခြင်းသည်သာ ဗဟိုမှ ချုပ်ကိုင် စီမံခန့်ခွဲသည့် စနစ်ထက် များစွာ သာလွန် သည် ဆိုသည်ကို ပြနိုင်ရန် အမေရိကန်တို့ ဦးစားပေးလာကြသည်။ ဆိုဗီယက်များကလည်း ၎င်းတို့၏ ဗဟို ချုပ်ကိုင်သည့် စီးပွားရေး စနစ်သည်သာ အသင့်တော်ဆုံး ဖြစ်သည်ဟု အပြိုင် စည်းရုံးလာကြသည်။ ဤသို့ဖြင့် အင်အားလွန် နိုင်ငံကြီး နှစ်နိုင်ငံ စလုံးက နိုင်ငံများအား ၎င်းတို့ဖက်သို့ ပါလာရန် အကူအညီများ ပုံအော် ပေးလာကြသည်။
သို့သော် နိုင်ငံများသည် ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဆယ်စုနှစ်ပေါင်း များစွာ ကြာမှ သိသိသာသာ တိုးတက်လာခဲ့ကြသည်။ အထူးသဖြင့် စစ်အေး တိုက်ပွဲ ကြီး အပြီး တွင် ဖြစ်သည်။ လွန်စွာ ဆင်းရဲမွဲတေစွာ နေထိုင်ကြရသူ (တနေ့ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁.၉၀ အောက် ရရှိသူများ) အချိုးအစားသည် လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကနှင့် နှိုင်းစာလျင် ၄၀-၅၀ ရာနှုန်းခန့် ကျဆင်းလာခဲ့သည်။ ၁၉၉၀ ဝန်းကျင်တွင် ၃၀ ရာနှုန်းမှ ယခု အခါ ၁၀ ရာနှုန်း အောက် အထိ ဖြစ်လာခဲ့သည်။ လွန်စွာ ဆင်းရဲမွဲတေလှသည်ဟု သတ်မှတ်ခံထားရသော ဘီလီယံ ၁.၁ သန်း ရှိ လူအများလည်း ထို အဖြစ်မှ ရုန်းထွက်လာနိုင်ခဲ့ကြသည်။
ထိုသို့ ဖြစ်လာခြင်းမှာလည်း တရုတ်ပြည်၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမှု အဓိက အခန်းမှ ပါဝင်နေသည်။ အဘယ်ကြောင့် ဆိုသော ၁၉၉၀ ပတ်ဝန်းကျင်တွင် တရုတ်ပြည်တွင် လွန်စွာ ဆင်းရဲမွဲတေပါသည် ဟု စာရင်းသွင်းခံရသူ ၆၆ ရာနှုန်း ရှိခဲ့ရာမှ ၂၀၁၅ တွင် ၁ ရာ နှုန်း အောက် ရောက်ရှိသွားသော ကြောင့် ဖြစ်သည်။
လွန်ခဲ့သည် နှစ်ပေါင်း ၂၀၀ ခန့်တွင် ကမ္ဘာတဝှမ်း တွင် စာတတ်မြောက်သူဟူ၍ လူဦးရေ၏ ၂၀ ရာနှုန်းသာ ရှိတော့သည်။ ယခုအခါ စာရေးစာဖတ် တတ်မြောက်သူ ဟူ ၈၅ ရာနှုန်း ဖြစ်လာသည်။ ထိုအထဲတွင် အရွယ်ရောက်သူ အမျိုးသား ဦးရေ သည် အမျိုးသမီး ဦးရေထက် အတန်ငယ် ပိုများသည်ကို တွေ့ရသည်။
အစာအဟာရ ချို့တဲ့သူ ဦးရေလည်း ကျဆင်းလာခဲ့သည်။ အသက်ရှည် နှုန်းသည်လည်း လွန်ခဲ့သည့် နှစ် ခုနှစ်ဆယ်က နှင့် စာလျှင် ပျမ်းမျှ နှစ်ဆယ့် ငါးနှစ်ခန့် တိုးတက်လာခဲ့သည်။ ထို့အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများရှိ လူများ၏ သက်တမ်း နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူများ၏ သက်တမ်း ကွာဟမှု သည် သိသိသာသာ ကျဉ်း မြောင်း လာခဲ့သည်။
ပညာရေး ဖက်တွင်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူများ၏ ပညာသင်ကြားသည့် နှစ်အရည်အတွက်သည် ၁၉၅၀ ထက် စာလျှင် သုံးဆခန့် မြင့်တက်လာသည်။ သန့်ရှင်းစွာ နေထိုင်ရမှု နှင့် သောက်ရေသန့်များ သောက်သုံး နိုင်ခွင့်သည်လည်း တိုးတက်လာခဲ့ သည်။ မိခင် နှင့် ကလေး သေနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။
နည်းပညာသစ်များ ထွန်းကားလာမှု သည်လည်း ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း အတွက် လမ်းခင်းပေးလာခဲ့သည်။ ၂၀၁၈ နှစ်အကုန် ပိုင်းလောက်တွင် မိုဘိုင်း ဖုန်း လိုင်း ရှိသူ ၇.၅ ဘီလီယံ ကျော် ရှိလာသည်။ ပျမ်းမျှအားဖြင့် ဆို လျင် ကမ္ဘာပေါ်ရှိ လူတဦးလျင် ဖုန်း တလုံး နှင့် တစိတ် ပိုင်နေသည်ဟု ပင် ပြော၍ရသည်။
၂၀၀၅ တွင် အင်တာနက် အသုံးပြုသူ တစ် ဘီလီယံ ရှိလာပြီး ယခုအခါ ၃.၉ ဘီလီယံ ရှိလာ၍ ကမ္ဘာလူဦးရေ၏ တဝက်ကျော်ခန့် အသုံးပြုနေပြီဟု ပြော၍ ရပေသည်။