တော်လှန်ရေး လားရာ (၂)

by Hla Soewai - Nov 04 2024

တော်လှန်ရေး အင်အားစုများ အနေဖြင့် အောင်မြင်မှု များ ထပ်မံ ရရှိလာနိုင်သော်လည်း စစ်အာဏာသိမ်း အဖွဲ့အား ဖြုတ်ချရေးသည် လွယ်ကူလှသည် တော့ မဟုတ်၊ ၎င်းတို့ ဖက်က တော်လှန်ရေး အား နှိမ်နှင်း အောင်ပွဲခံနိုင်ဖို့ သည် မှုန်ဝါးဝါး သာ ဖြစ်နေသော်လည်း လွယ်လင့်တကူ အရှုံးပေးကြဖို့ မရှိ၊ လက်ရှိ လူသစ်များ အတင်းအကျပ် စုဆောင်းနေခြင်းကပင် မရရအောင် ရေရှည် တိုက်သွားမည့် သဘော ဆောင်နေသည်။ တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းတို့ အမာခံ နယ်မြေများမှ ထွက်၍ တော်လှန်ရေး ကို ပံ့ပိုး ပေးလာနိုင်ဖွယ် မရှိဟု ယူဆရသည်။

 

နောက်ဆုံးတွင် စစ်ကောင်စီ တပ်များကို မြေပြန့်ဒေသများ တွင် တိုက်ခိုက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်များကသာ တာဝန်ယူရတော့မည် ဖြစ်သည်၊ ၎င်းတို့ အဖို့လည်း စစ်တပ် နှင့် အရင်းအမြစ် ပိုင်းတွင် မယှဉ်နိုင် ဖြစ်နေသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့မှ သောမတ်စ် ကိန်းက ပြောသည်။ ထို့အတွက် အပြင်းအထန် ရုန်းကန်တိုက်ပွဲ ဝင်ကြရဖို့ ရှိပြီး စစ်တပ်ကလည်း ကျားကုတ်ကျားခဲ ခုခံဖို့ ရှိနေသည်ဟု ဆိုသည်။

 

ယခုပင်လျှင် စစ်တပ်သည် ၎င်းတို့ ကျားကုတ်ကျားခဲ ခုခံ၍ ရမည့် ရန်ကုန်၊ နေပြည်တော် အပါအဝင် နိုင်ငံ အလယ်ပိုင်းသို့ ဆုတ်ခွာနေပြီ ဖြစ်သည်။ ထိုအတိုင်း ဖြစ်လာမည် ဆိုက စစ်တပ်သည် နိုင်ငံ အလယ်ပိုင်း အကြွင်းအကျန် များကို ဆုပ်ကိုင်ထားပြီး ကျန်ဒေသများ အား တိုင်းရင်းသား တပ်များက ထိန်းချုပ်ထားသည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

 

နောက်ထပ် ဖြစ်နိုင်ခြေ တခုက မည်သို့ သော ပုံစံမျိုး ဖြစ်လာမည်ဟု မပြောနိုင်သော်လည်း စစ်တပ် ၏ အာဏာ ‌ဆုပ်ကိုင်ထားမှု ကို အပြီးအပိုင် ဖယ်ရှား ပစ်နိုင်သည့် အနေအထား ဖြစ်သည်။ ထိုသို့ ဖြစ်လာရန် စစ်တပ်သည် လုံးဝ အရှုံးပေး လက်နက်ချ၊ ပို၍ ဖြစ်နိုင်ခြေက ၎င်းတို့ အတွင်း အကွဲ အပြဲများ ဖြစ်လာခြင်း၊ ပြင်ပမှ ဝင်ရောက်စေ့ဆပ် ပေးကာ အာဏာစွန့်စေ ခြင်း အစရှိသည့် ပုံစံ တမျိုး မျိုး နှင့် ဖြစ်သည်။

 

စစ်တပ် အတွင်း မင်းအောင်လှိုင် အပေါ် မကျေမနပ် ဖြစ်နေမှု များက မြင့်တက်လာနေသည်။ ယင်းနှင့် အတူ ၎င်းအဖို့လည်း တကယ်တမ်း ယုံကြည်ရမည့် လူများ ရဖို့ အခက်အခဲများ တွေ့လာရသည်။ မင်းအောင်လှိုင် သည် သုံးနှစ် အတွင်း ကက်ဘိနက်အား လေးကြိမ်တိုင်တိုင် အပြောင်းအလဲ လုပ်ခဲ့ပြီး ဖြစ်သည်။ အရေးပေါ် အခြေအနေအား ထပ်တလဲလဲ သက်တမ်းတိုးနေရပြီး အာဏာသိမ်းမည် ဆိုသည့် ကောလဟသများအားလည်း ချေဖျက်နေရသည်။

 

ကြံရာမရ ဖြစ်လာသည့် အဆုံး စက်တင်ဘာလ ထဲတွင် တော်လှန်ရေး အင်အားစုများအား နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်း ဖြင့် ဖြေရှင်းပြီး ရွေးကောက်ပွဲ တွင် ပါဝင်ကြရန် ငြိမ်းချမ်းရေး သံလွင်ခက်ကို ကမ်းလှမ်းလာသည်။ သို့သော် NUG နှင့် တိုင်းရင်းသားများက ပယ်ချပစ်ခဲ့ကြသည်။ ၎င်းတို့၏ ရွေးကောက်ပွဲသည် တရားဝင် အသိအမှတ်ပြုခံရရန် အယောင်ဆောင်သည့် လုပ်ငန်းစဉ် အဖြစ် ပြည်တွင်း ပြည်ပက လက်ခံခဲ့ကြခြင်း မရှိပေ။

 

ယင်းသည် ထိတ်ပိုင်း ခေါင်းဆောင်များ အကြား ဖရိုဖရဲဖြစ်လာမှု၊ အောက်ခြေတွင် ထွက်ပြေး လက်နက်ချသူ များပြားလာမှု စသည့် အကြောင်းများ ကြောင့် တနည်းမဟုတ် တနည်း ပြိုကွဲသွားတော့မည်ကို သိလာသောကြောင့်ဟု ကျွမ်းကျင်သူများ အားလုံးက တသဘောတည်း ယူဆခဲ့ကြသည်။ သို့သော် ထိုမျှ နှင့် ဇာတ်လမ်းက အဆုံးသတ်သွားဦးမည် မဟုတ်သေး။

 

ပြီးလျင် ဘာဆက် ဖြစ်လာနိုင်မည်နည်း

 

စစ်ကောင်စီ ပြိုလဲသွားခဲ့လျင်ပင် မြန်မာနိုင်ငံ အတွက် ဒီမိုကရေစီ နှင့် တည်ငြိမ်ရေး အတွက် အာမခံနိုင်ဖို့ အလှမ်းဝေး နေဦးမည် ဖြစ်သည်ဟု ကျွမ်းကျင်သူ များက ယူဆထားကြပြန်သည်။

 

ကရင်နီ ပြည်နယ် တွင် တိုင်းရင်းသား အဖွဲ့များ နှင့် နှစ် နှစ် နီးပါး ဒိုးတူဘောင်ဖက် နေထိုင်ခဲ့သည့် အမည်မဖေါ်လိုသော ဓါတ်ပုံ သတင်းစာဆရာတဦးက ၎င်းတို့သည် တိုက်ရေးခိုက်ရေး တွင် ကျွမ်းကျင်သူများ ဖြစ်သော်လည်း ၎င်းတို့ ထိန်းချုပ်လာနိုင်သည့် နယ်မြေများ အား အုပ်ချုပ်နိုင်ရေး တွင် လိုအပ်သည့် အတွေ့အကြုံ နှင့် ကျွမ်းကျင်မှု မရှိကြသေးသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

 

၎င်းတို့အားလုံးသည် NUG နှင့် မတူပဲ ဒီမိုကရေစီ စနစ် ထူထောင်ရန် လိုအပ်သည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး၊ ဗဟို အုပ်ချုပ်မှု တရားဝင် ဖြစ်လာရေး၊ ပွင့်လင်းမြင်သာသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု ရှိရေး အစရှိသည်တို့ထက် ၎င်းတို့ လူမျိုးစု အခြေပြု အမျိုးသားရေး ဝါဒ ဖက်သို့ အားသန်နေကြသူများ ဖြစ်သည်ဟု အမရာ သီဟ က ပြောပြခဲ့သည်။

 

လက်ရှိ စစ်ကောင်စီ အား တိုက်ခိုက်နေသည့် ပြည်တွင်းစစ်ကြီးသည် ၎င်းတို့အချင်းချင်း ဖက်လှဲတကင်း ဖြစ်လာယုံ နှင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟု ကျွမ်းကျင်သူများ အမြင်ကို ထင်ဟပ်သည့် ဆောင်းပါး ကို ဇန်နဝါရီလ အတွင်း ဧရာဝတီ တွင် ဖေါ်ပြလာခဲ့သည်။ ဂရုထားခြင်း မရှိပါက စစ်ကောင်စီ ပြိုလဲသွားပြီး နောက်တွင်ပင် လက်သင့်ရာ မဟာမိတ် ဖွဲ့ပြီး စစ်ပွဲများ ဆက်ဖြစ်လာနိုင်သည်ဟု ဆိုသည်။

 

အားလုံး တညီတညွတ်တည်း ရှိ‌‌ နေခြင်းသည် ဘုံရန်သူ ဖြစ်သော စစ်တပ် ရှိနေခြင်းကြောင့် ဖြစ်သည်ဟု သောမတ်စ် ကိန်းက ဆိုသည်။

 

ထိုသို့ မဖြစ်ရန် သေချာစေသည့်နည်းလမ်းသည်ကား စစ်ကောင်စီ အလွန် အစိုးရ တရပ် ပေါ်ထွန်း နိုင်ရေး မဆုပ်မနစ် ကြိုးပမ်းသွားမှသာ ဖြစ်မည်။ တော်လှန်ရေး အဖွဲ့ အတော်များများက ဖက်ဒရယ် စနစ် ပေါ်ထွန်းရေးကို တာဝန် ခံထားကြသော်လည်း မည်သို့သော ပုံစံမျိုး ဖြစ်ရမည် ဆိုသည့် အသေးစိတ် အချက်များ အပေါ် သဘောတူညီရန် လိုအပ်နေကြဆဲ ဖြစ်သည်။

 

အာဏာသိမ်းပြီး တလ အကြာ အမျိုးသား ညီညွတ်‌ ရေး အတိုင်ပင်ခံ ကောင်စီမှ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် နှင့် ပတ်သက်ပြီး အဆိုပြုချက် ထွက်ပေါ်လာခဲ့သည်။ ယင်းအား နိုင်ငံရေး အဖွဲ့အစည်း ပေါင်း ၁၂ ခု မှ ထောက်ခံခဲ့သော်လည်း သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထောက်ခံမှု ရရန် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

 

ကယား ပြည်နယ်တွင်တော့ ထူးထူးခြားခြား အောင်မြင်မှု ရလာခဲ့သည်။ ကရင်နီပြည်နယ် ကြားဖြတ် အုပ်ချုပ်ရေး ကောင်စီ အား မြို့နယ်ပေါင်း ၁၆ မြို့နယ်ရှိ ဒေသခံများအား ကိုယ်စားပြုပြီး ဖွဲ့စည်း နိုင်ခဲ့သည်။ ထိုသို့ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ပေးသည့် အုပ်ချုပ်ရေး ပုံစံသည် မကြုံစဖူး ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

ယင်းသည် ကရင်နီ ပြည်နယ် အတွက် လွန်စွာ သင့်တော်သော အုပ်ချုပ်ရေး မျိုး ဖြစ်ပြီး နိုင်ငံတဝှမ်း ပုံတူ ကူး နိုင်မည်လား ဆိုသည်က မသေချာလှဟု ကရင်နီ ကြားဖြတ် အုပ်ချုပ်ရေး ကောင်စီ အထွေထွေ အတွင်းရေးမှုး ခူဖူးရယ်က ပြောပြခဲ့သည်။ ၎င်းတို့၏ အုပ်ချုပ်ရေး ပုံစံ သိရအောင် အခြား အဖွဲ့များက ဆက်သွယ်လာမှု များ ရှိသည်ဟုလည်း ဆိုသည်။

 

NUG သည် နိုင်ငံအား တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး မျိုးရအောင် ဖေါ်ဆောင်နိုင်မည်လောဟု သံသယ ရှိနေကြသည်။ တိုင်းရင်းသား အဖွဲ့ အသီးသီး နှင့် လက်တွဲတိုက်နေသော်လည်း နိုင်ငံရေး အရ တစိတ်တဝမ်းတည်း ဖြစ်အောင် ဆောင်ရွက် နိုင်စွမ်း မရှိသေးသည်ကို တွေ့ရသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း သံသယ များ နှင့် NUG ခေါင်းဆောင်များ အား သတိကြီးစွာထား ဆက်ဆံနေကြဆဲ ဖြစ်သည်။ တိုင်းရင်းသား လူနည်းစု များ အရေး အတွက် မားမားမတ်မတ် ရပ်ခဲ့ဖူးသည့် အစဉ်အလာ မရှိခဲ့သောကြောင့်လည်း ဖြစ်သည်။

 

ယခင်က NUG နှင့် ယာယီ မဟာမိတ် လုပ်ခဲ့သော တရုတ် လိုလားသည့် ကိုးကန့် MNDAA အဖွဲ့သည် NUG နှင့် စစ်ရေး နိုင်ငံရေး အရ လက်တွဲသွားရန် ငြင်းဆိုလာခဲ့ပြီး မန္တလေး နှင့် တောင်ကြီး မြို့များ အား စစ်ရေးအရ တိုက်ခိုက်ရေး တွင် ကူညီမည်မဟုတ်ဟု ပြောဆိုလာခဲ့သည်။

 

စစ်ကောင်စီ အားပျော့လာနေသည် နှင့် အမျှ NUG အတွက် အချိန်များများစားစား မကျန်အောင် ဖြစ်လာနေသည်။ ၎င်းတို့အဖို့က စစ်ကို အနိုင်ရပြီး စစ်ခေါင်းဆောင်များ ပြိုလဲသွားသည် အထိ စောင့်ပြီးမှ အနာဂတ် မြန်မာ နိုင်ငံအား မည်သို့မည်ပုံ ဖေါ်ဆောင်သွားရန် စဉ်းစားမည်ဆိုက အချိန်မရတော့ ဟု ယန်ဟီလီးက ဆိုသည်။

 

မရေရာ မသေချာမှု များ ပြည့်နှက်နေသော်လည်း မျှော်လင့်ချက် ရှိနေပေသေးသည်။ NUG သည် ပြီးခဲ့သည့် သုံးနှစ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်နေရင်းက တိုင်းရင်းသား အဖွဲ့အသီးသီးနှင့် နီးနီးစပ်စပ် ရှိသည့် ဆက်ဆံရေးမျိုး ဖေါ်ဆောင်လာနိုင်ခဲ့သည်။

 

အနာဂတ်တွင် တင်းမာမှု များ ရှိလာနိုင်သော်လည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ် တာဝန်ခံမှု နှင့် အတူ လူထု တရပ်လုံး အသွေးထဲ အသားထဲက မျှော်လင့် တောင့်တနေကြသည့် အခွင့်အရေးမျိုး၊ အမျိုးသား ညီညွတ်မှု အား တာဝန်ခံမှု မျိုး တခါဖူးမျှ မကြုံခဲ့ကြဘူး၍ ယင်းကို မြေတောင် မြှောက်ပေးရန် ကြိုးပမ်းဆောင်ရွက်သွားဖို့သာ ရှိသည်ဟု ခရစ် ဆီဒိုတီက ထောက်ပြသွားခဲ့သည်။

  

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!