တော်လှန်ရေး အလွန် ကာလ အုပ်ချုပ်ရေး အတွက် နိုင်ငံတကာ မှ စိုးရိမ်ပူပန် နေမှု များ ရှိနေသော်လည်း ယနေ့အထိ ကမ္ဘောဒီယား ပုံစံ အုပ်ချုပ်ရေး မျိုး ကို ထည့်သွင်းစဉ်းစားရန် မည်သူမျှ ချပြခဲ့ခြင်းမျိူး မရှိသေးသည်ကို တွေ့ရသည်။
၁၉၉၂-၉၃ တွင် ထိုစဉ်က ကမ္ဘောဒီယား ၏ အုပ်ချုပ်ရေး အဖွဲ့ သဘောတူညီချက် ဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၇၄၅ ဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တာဝန် နှင့် အတူ ကုလသမဂ္ဂ အသွင် ကူးပြောင်းရေး အာဏာပိုင် အဖွဲ့ United Nations Transitional Authority in Cambodia (UNTAC) ကို ဖွဲစည်း ပေးလာခဲ့သည်။
ယင်းသည် ကမ္ဘောဒီယား-ဗီယက်နမ် စစ် အဆုံးသတ် ရေး ၁၉၉၁ ပါရီ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည် ဖေါ်လိုက်ခြင်း လည်းဖြစ်သည်။ ထိုစစ်ပွဲ အပြီး ကမ္ဘောဒီယား နိုင်ငံ ၏ အာဏာ လေဟာနယ် အဖြစ် ရောက်မသွားရန် ကုလသမဂ္ဂ မှ လွတ်လပ်သော နိုင်ငံ တနိုင်ငံ ၏ အစိုးရ အဖွဲ့အဖြစ် ပထမဆုံး အကြိမ် တာဝန်ယူလိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ အလွယ်တကူ ဖြစ်လာခြင်းတော့မဟုတ်ဘဲ၊ နှစ်ပေါင်း အတန်ကြာအောင် သံတမန်ရေး အရ အကြိတ်အနယ် ဆွေးနွေးခဲ့ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လက်သည်ကြီး ဖြစ်သည့် ပါရီ ငြိမ်းချမ်းရေး သဘောတူညီချက် ကို နိုင်ငံပေါင်း ၁၉ နိုင်ငံက လက်မှတ်ရေးထိုးခဲ့သည်။
ကုလ အစိုးရ UNTAC ၏ အဓိက တာဝန်များထဲတွင် လူ့အခွင့်အရေး လေးစားလိုက်နာမှု ရှိရေး၊ရွေးကောက်ပွဲ ကျင်းပပေးရေး သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ထို့အတွက် ကုလ အစိုးရ သည် ကိုယ်ပိုင် ရေဒီယို အသံလွှင်ဌာန၊ အကျဉ်းထောင် များ တည်ထောင် ဖွဲ့စည်းလာခဲ့သည်။
အစိုးရ အဖွဲ့ အကြီးအကဲ အဖြစ် ဂျပန်မှ ယာဆူကီ အာကာရှီ၊ စစ်ဦးစီးချုပ် အဖြစ် ဩစတေးလျှ မှ ဒုဗိုလ်ချုပ်ကြီး ဂျွန် ဆင်ဒါဆန်၊ ရဲမင်းကြီး အဖြစ် နယ်သာလန်မှ ဗိုလ်မှုးချုပ် ကလာစ် ရုစ် တို့ ပါဝင်သည်။ အုပ်ချုပ်ရေး အတွက် တပ်အင်အား ၁၅,၉၀၀၊ ရဲ အဖွဲ့ဝင် ၃,၄၀၀၊ အရပ်သား ဝန်ထမ်း အင်အား ၂,၀၀၀ ဖွဲ့စည်းထားသည်။ ၎င်းတို့၏ သက်တမ်း အတွက် စုစုပေါင်း ဒေါ်လာ ၁.၆ ဘီလီယံ ကုန်ကျသည်။
ကုလ အစိုးရ အဖွဲ့သည် ပြည်တွင်း စစ်ဒဏ် ကြောင့် ပျက်စီးယိုယွင်း သွားသော နိုင်ငံ ပြန်လည် ထူထောင် နိုင်ရေး အတွက် ငြိမ်းချမ်းရေး နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြင့်အရပ်ဖက် အစိုးရ ပေါ်ပေါက်ရန်၊ ထိုမှတဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး များ တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။
ယင်းနှင့် အတူ အစိုးရ လုပ်ငန်း တာဝန်များ ဖြစ်သော နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ လူထု လုံခြုံရေး၊ သတင်း ပြန်ကြားရေး အစရှိသည် တို့ပါ ထမ်းဆောင်ပေးခဲ့သည်။
ထို့အပြင် ကမ္ဘောဒီယားရှိ လက်နက်ကိုင် တပ်ဖွဲ့ အသီးသီး အား လက်နက် များ ဖြုတ်ယူ သိမ်းဆည်းပြီး အဖွဲ့လိုက် သီးခြား နေရာ သတ်မှတ် နေရာချထားပေးခြင်း၊ တရားဥပ ဒေ စိုးမိုးရေး၊ ဒုက္ခသည်များအား ၎င်းတို့ နေရပ် အသီးသီး တွင် ပြန်လည် အခြေချနိုင်ရန် ကူညီပေးခြင်း၊ မြေမြုပ်မိုင်း ရှင်းလင်းရေး သင်တန်းပေးခြင်း၊ နိုင်ငံ၏ စီးပွားရေး အတွက် အခြေခံ အဆောက်အအုံ များ ပြန်လည် တည်ဆောက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးလာစေရေး တို့အတွက် လည်း တာဝန်ယူပေးခဲ့သည်။
နောက်ထပ် အရေးပါလှသော တာဝန် တရပ်သည်ကား ခမာနီခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှု များကို ရုံးတင် စစ်ဆေးခြင်း လုပ်ငန်း အဝဝကိုလည်း ဆောင်ရွက်လာခဲ့သည်။
၁၉၉၃ မေလတွင် အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်ပေးနိုင်ခဲ့သည်။ ဤသို့ဖြင့် သီဟာနုသည် စည်းမျဉ်းခံ ဘုရင် အဖြစ်၎င်း၊ သားတော် ဖြစ်သူ ရာနာရစ်သည် ဝန်ကြီးချူပ် (၁)၊ ဟွန်ဆန်သည် ဝန်ကြီးချုပ် (၂) ဖြစ်လာခဲ့ပြီး၊ ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ် ၁၂၀ ဦးဖြင့် ဖွဲ့စည်းပုံ ကို ရေးဆွဲပြီး ၁၉၉၃ စက်တင်ဘာ ၂၄ ရက်တွင် အတည်ပြု ပြဋ္ဌာန်း ပေးနိုင်ခဲ့သည်။
ကမ္ဘောဒီယား ဘုရင် လက်နက်ကိုင် တပ်ဖွဲ့ အားလည်း ခမာနီ များမှ လွဲ၍ ကျန် လက်နက်ကိုင် အဖွဲ့များ အားလုံး နှင့် စနစ်တကျ ဖွဲ့စည်းပေးခဲ့သည်။ နောက်ပိုင်း တွင် ခမာနီ တပ်ဖွဲ့ဝင်များလည်း တဖွဲဖွဲ နှင့် ဝင်ရောက်လာခဲ့သည်။
သက်တမ်းအားဖြင့် ၁၉၉၂ မတ်လ မှ ဖွဲ့စည်းပုံ ရေးဆွဲ အတည်ပြုပြီးသည့် ၁၉၉၃ စက်တင်ဘာလ အထိ ကြာမြင့်ခဲ့ သော ကုလ အစိုးရ အဖွဲ့တွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျ၊ တရုတ် အပါအဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ စစ်ဖက် နှင့် အရပ်ဖက် အဖွဲ့ဝင် စုစု ပေါင်း အင်အား ၂၂,၀၀၀ ခန့် ဝင်ရောက် အမှုထမ်း ခဲ့ကြသည်။
UNTAC ၏ လုပ်ငန်းစဉ်များသည် အောင်မြင်မှု များ ရှိခဲ့သလို အပြစ်အနာအဆာများ နှင့်လည်း မကင်းပေ၊ သို့သော် အချိန်တိုအတွင်း နိုင်ငံ ပြန်လည် နာလံ ထူလာနိုင်ရေး အတွက် ထည့်သွင်းစဉ်းစားသင့်သည့် လုပ်ငန်းစဉ် မျိုးလည်း ဖြစ်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!