အမေရိကန် ရှိ West Point ဟု ၎င်းတို့ဖာသာ တင်စား ခေါ်ဝေါ်နေသော မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ချုပ်များအား မရှုမလှ အထိနာအောင် တိုက်ခိုက်နေကြသူများက ခရီးသွား ဧည့်လမ်းညွှန်၊ ကဗျာဆရာ၊ သွား ဆရာဝန် များပင် ဖြစ်သည်။
ယခုအခါ ၎င်းတို့အား ရှမ်းမြောက်ဒေသတွင် ကောင်းစွာ ဒုက္ခပေး နိုင်ခဲ့သည့် ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာ့ပြည်သူ လွတ်မြောက်ရေး တပ် Bamar People's Liberation Army (BPLA) သည် နိုင်ငံ အလယ်ပိုင်းသို့ စတင်ရွှေ့ပြောင်းလာနေပြီ ဖြစ်သည်။
အဖွဲ့ပြောခွင့်ရ တပ်မှူး ဖြစ်သူ လင်းလင်းက မိမိတို့၏ မူလ ရည်မှန်းချက် ဖြစ်သော နိုင်ငံ အလယ်ပိုင်း တွင် စစ်ကောင်စီ တပ်များအား ဆက်လက် ထိုးစစ် ဆင်ရန် ဖြစ်ပြီး၊ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲ အတွေ့အကြုံများ အပြင် ရန်သူထံမှ သိမ်းဆည်းရရှိထားသော လက်နက် အပြည့်အစုံ နှင့် အဆင်သင့် ဖြစ်နေပြီဟု မြန်မာနောင်းသို့ ပြောပြခဲ့သည်။
BPLA သည် ၂၀၂၁ ဧပြီလတွင် ကေအင်ယူ၏ ပံ့ပိုးပေးမှု ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး အာရက္ခ တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ် - မြန်မာနောင်း)
တရုတ် အစိုးရသည် ညီနောင် သုံးဖေါ်၏ ထိုးစစ် ကြောင့် စစ်ကောင်စီ ပြုတ်ကျလုဆဲဆဲ ဖြစ်လာနေ၍ ထိုးစစ်ကို ရပ်ရန် အတင်းအကျပ် ဖိအားပေးလာနေသည်။ စစ်ကောင်စီသည် ယခုအခါ တရုတ် နှာခေါင်းပေါက် နှင့် အသက်ရှု နေရသည့် အဖွဲ့အဖြစ် လူသိရှင်ကြား အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တရုတ် အစိုးရသည် ပြစ်ဒဏ်ခတ်သည့် အနေဖြင့် နယ်စပ်ဒေသများ အား ပိတ်ဆို့လာပြန်သည့် အတွက် နိုင်ငံ ၏ အချို့ဒေသများတွင် အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်များ ပြတ်တောက်လာနေပြီ ဖြစ်သည်။ ဘီဂျင်း၏ ခုတ်ရာတလွဲ ရှရာတခြား ဖြစ်လာနေသော မူဝါဒကြောင့် ပြည်တွင်း တွင် မကြာမီ အထွေထွေ အကျပ်အတည်း ကြီး ပေါ် ပေါက်လာအောင် တွန်းအား ပေးသလို ဖြစ်လာနေသည်။
စစ်အာဏာပိုင်များကလည်း နယ်စပ်ဒေသမှ ဝင်လာသည်ဟု သံသယ ရှိသည့် ကုန်စည်များကို လိုက်လံ သိမ်းဆည်း နေပြန်သည်။
တရုတ် သံအမတ် မာကျားသည် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းအား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြန်သည်။
မြန်မာလူထု သည် မိမိတို့ ရင်ဆိုင်နေရသော ပြဿနာများ၏ အဓိက လက်သည်သည် နောက်ကွယ်မှ စစ်ကောင်စီ အား ကြိုးဆွဲနေသော တရုတ် အစိုးရ ကြောင့် ဖြစ်သည်ဟု ယူဆကာ မုန်းတီးလာနေပြီ ဖြစ်သည်။
တရုတ် အစိုးရသည် စစ်ကောင်စီ အား ပံ့ပိုးပေးလျင် အနိုင်ရလိမ့်မည်ဟု တွက်ဆနေဆဲ ဖြစ်သည်။ သို့သော် မည်မျှထိ ကြာကြာ လုပ်ပေးနိုင်မည်နည်း၊ အနိုင်ရသည်နှင့် ပြဿနာ ပြေလည် သွားမည်လား ဆိုသည်ကို တွက်ဆရမည် ဖြစ်သည်။ သို့သော် ၎င်းတို့ အတွက် လတ်တလော အဖြေမရှိပဲ၊ ဂမူးရှူးထိုး နှင့် နောင်ခါလာ နောင်ခါဈေး၊ တဆင့်ခြင်း ဖြေရှင်းသွားမည်ဟု ယူဆထားဟန် ရှိသည်။
TNLA တပ်များ ထိန်းချုပ်ထားသော နမ်ခမ်း မြို့အား ဗုံးကြဲရန် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ် အား တရုတ်ဖက်မှ တနင်္ဂနွေ နေ့က သတိပေး ပစ်ခတ်ခဲ့ရသည်ဟု ဆိုသည်။ အကြမ်းဖက် မှု ကျုးလွန်နေသော စစ်လေယာဉ် များ အဖို့ နယ်ခြားမျဉ်း တလျှောက် ဂ ငယ် ကွေ့ ပြန်ကွေ့ရန် အခက်အခဲများ ရင်ဆိုင်နေကြရသည်။
စစ်တပ်သည် ယခု အခါ ခံစစ် အနေအထား နှင့် ရင်ဆိုင်နေရပြီး တနေရာတွင် ထိုးစစ် စမည် ဆိုက အခြား တနေရာမှ တပ်များ ထုတ်နှုတ် အသုံးပြုနေရသည်ဟု မြန်မာရေးရာ အထူး အကြံပေးကောင်စီ အဖွဲ့ဝင် ကွန်နာ မက်ဒေါနယ်မှ AP သတင်းဌာနသို့ ပြောပြခဲ့သည်။ ထိုပုံစံမျိုး ဖြင့် ၎င်းတို့ ဆုံးရှူံးသွားသော နယ်မြေများ ပြန်ရနိုင်ဖို့ လမ်းမမြင်ဟု ဆိုသည်။
TNLA ပြောခွင့်ရ လွေးနွေဦးမှ ထိုမျှလောက် တိုတောင်းသော ကာလ အတွင်း ယခုလို အောင်မြင်မှု များ ရရှိလာလိမ့်မည်ဟုပင် မျှော်လင့်မထားခဲ့ဟု လည်း ပြောပြခဲ့သည်။ MNDAA သည်လည်း လောက်ကိုင်၊ လားရှိုး အပြင် ဗိုလ်ချုပ် ၆ ဦး၊ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်။
တနှစ် အတွင်း စစ် ကောင်စီ ဖက်မှ ကောလင်း၊ လွိုင်ကော် မြိုများ ပြန်ရခဲ့ပြီး မြဝတီတွင် အုပ်ချုပ်ရေးအား ပြန်၍ ထိန်းသိမ်း နိုင်ခဲ့သည်သာ ရှိခဲ့သည်ဟု ဝါရှင်တန် တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်။
ညီနောင် သုံးဖေါ် အဖွဲ့သည် တရုတ်၏ ကိုယ်စားလှယ်များ ဖြစ်သည် ဆိုသည့် အယူအဆသည် လုံးဝမှားယွင်းပြီး ၎င်းတို့၏ ရည်မှန်းချက်များကို တရုတ် ဖက်မှ သဘောကျသည် ဖြစ်စေ၊ မကျသည် ဖြစ်စေ ဆက်၍ အကောင်အထည် ဖေါ်နေခြင်း ဖြစ်သည်ဟု မြန်မာ့ရေးရာ အကြံပေး ကောင်စီ မှ အစ္စဘဲလ် တော့ဒ် က ဆိုသည်။
ထို့အတွက်ကြောင့်လည်း တရုတ်တို့ဖက်မှ နယ်စပ် ဂိတ်များ ပိတ်ဆို့လာသည် အထိ လုပ်လာခဲ့ရခြင်းပင် ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးကျော်ဇော် မှ မိမိတို့ မှ မည်သူ ဖိအား ပေးသည်မှ လက်မခံပဲ ပြည်သူများ၏ စွမ်းအားဖြင့် အောင်ပွဲခံသွားမည်ဟု ဆိုသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!