အိမ်တော် မှ လေဆိပ်သို့ အသွားခရီးသည် ပြဿနာ ထွေထွေ ထူးထူး မရှိပဲ ဆိုင်းဂုံ မြို့ထဲ အရင်လို သွားနေကျ အတိုင်း အခက်အခဲ မရှိ မောင်းလာနိုင်ခဲ့ သည်။ သို့သော် ဗိုလ်ချုပ်ကြီးသည် လီဗန်ကွေး လမ်း အရောက်တွင် ဘယ်ဖက်သို့ ချိုးရမည့်အစား ညာဖက်သို့ ချိုးကွေ့သွားခဲ့သည်။
ဘတ်စ်ကား ဒရိုင်ဘာ က လမ်းမှားနေပြီဟု ကျွန်တော်ကို လှမ်းပြောလိုက်သည်။ ကျွန်တော်က သူသွားတဲ့ အတိုင်း လိုက်ဟု ပြောရင်း တံခါးဝ သို့ ဆင်းရပ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်၊ ည၏ အေးစက်သော လေပြေလေညှင်းများက ကားထဲသို့ တိုးဝင်လာသည်။ တံခါး နှင့် ကပ်နေသော ကျွန်တော့် နောက်တည့်တည့် ခုံတွင် ဘွန် နှင့် လင်း တို့ ထိုင်နေပြီး ဒပ်သည် သူ့အမေရင်ခွင်ထဲမှ ကျွန်တော်ကို ကျော်ကာ ရှေ့တူရှုသို့ ပြူးကြည့်နေသည်။
လမ်းပေါ်တွင် လူသွားလူလာ ရှင်းနေသည်။ လေဆိပ်တွင် ဆန္ဒပြမှု ဖြစ်ပွားနေ၍ ၂၄ နာရီ ကာဖြူးထုတ်ထားသည့် သတင်းကို ရေဒီယို မှ ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။ လမ်းဘေး ဝဲယာ တဖက်တချက်တွင် စစ်သားများ စွန့်ပြစ်ထားခဲ့ပုံရသည့် စစ်ယူနီဖောင်းများကို ဟိုတစု ဒီတစု တွေ့နေရသည်။ အချို့က ပြီးစလွယ် မဟုတ်ဘဲ ယူနီဖောင်းများကို စနစ်တကျ ခေါက်ကာ အဝတ်အစား ပုံပေါ်တွင် စစ်ခမောက် နှင့် အောက်တွင် စစ်ဖိနပ်ကို ချွတ်ထားခဲ့သည်။ မည်သည့် အရာမှ အလဟဿ ဖြစ်မသွားသော မြို့တော်တွင် ထိုယူနီဖောင်းများကိုတော့ မည်သူမျှ ထိတွေ့လိုပုံ မရပေ။
ကျွန်တော့် ဘတ်စ်ကားပေါ်တွင် အရပ်ဝတ် နှင့် လိုက်လာသော စစ်သား အနည်းငယ် ပါလာခဲ့သည်။ ကျန်လူများကတော့ ဗိုလ်ချုပ်ကြီး ၏ ယောက္ခမများ နှင့် ဝမ်းကွဲ တော်စပ်သူများ ဖြစ်ပြီး အမျိုးသမီး များ နှင့် ကလေးများ ဖြစ်သည်။ ၎င်းတို့အားလုံးက တီးတိုး တီးတိုး နှင့် မကျေမနပ် ပြောသံများ ထွက်လာသော်လည်း ကျွန်တော်က မကြားဟန် ပြုနေခဲ့သည်။ ကျွန်တော် နိုင်ငံသားများက နတ်ပြည်သို့ ရောက်နေမည် ဆိုလျှင်ပင် ငရဲလောက် နွေးနွေးထွေးထွေး မရှိဟု ပြောကြမည့် လူ များ ဖြစ်သည်။
ဘာလို့ ဒီလမ်းက သွားနေရတာလဲဟု ဒရိုင်ဘာက ကျွန်တော်အား လှမ်းမေးလိုက်ပြန်သည်။ ကာဖြူး ရှိနေတယ်၊ ဆက်သွားလို့ကတော့ အပစ်ခံရရင် ခံရ၊ ဒါမှ မဟုတ် ရင် အဖမ်းခံရဖို့ ရှိနေတယ်၊ သူ့စကားကို ကြား၍ ဘွန်က သက်ပြင်း တချက် ချလိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။ သူက ဗိုလ်ချုပ်ကြီးပဲလေ၊ အကြောင်းရှိလို့ ဖြစ်မပေါ့ဟု ပြောလိုက်သည်။
ဒရိုင်ဘာကတော့ ပွစိပွစိ နှင့် ဆက်ပြောနေရင်း ကားသည် ဗဟိုဈေးကို ဖြတ်ကာ လီလွိုင် ဖက် ရောက် လာခဲ့သည်။ လမ် ဆွန် ရင်ပြင် အရောက်တွင် ဗိုလ်ချုပ်ကြီးသည် ကား ကို ထိုးရပ်လိုက်သည်။
ကျွန်တော်တို့ ရှေ့တူရှုတွင် ယခင် ပြဇာတ်ရုံကြီး တဖြစ်လဲ အမျိုးသား လွှတ်တော် အဆောက်အအုံ ကြီးကို လှမ်းမြင်နေရသည်။ ထိုအဆောက်အအုံ ကြီးထဲမှ နေ၍ နိုင်ငံရေး သမားများသည် ပြဇာတ်မျိုးစုံကို ခင်ကျင်းပြသခဲ့ကြပြီး ဖြစ်သည်။
ကားထဲမှ အပြင်သို့ ခေါင်းပြူကြည့်လိုက် မိသည့် အခါတွင် ကာရာဗယ် ဟိုတယ် ခေါင်မိုး ရှိ ဘား မှ မီးရောင်များ ကို မြင်လိုက်ရသည်။ ထိုဟိုတယ်သို့ ဗိုလ်ချုပ်ကြီး တခွက် တဖလား ချခြင်သည့် အခါမျိုး နှင့် သတင်းစာ ဆရာများ နှင့် တွေ့ရန် ရှိသည့် အခါများ တွင် အစောင့် အရှောက် အဖြစ် ကျွန်တော် အတူ လိုက်ခဲ့ဖူးသည်။
ဆိုင်းဂုံ တမြို့လုံးကို လှမ်းမြင်နိုင်သည့် ဟိုတယ် ဝရန်တာ မှ နေ၍ ရယ်သံများ ခပ်အုပ်အုပ် လွင့်ပျံ့လာသည်။ သတင်းသမား များ ရှိ နေပုံ ရပြီး အသက်ငင်နေပြီ ဖြစ်သော မြို့တော်၏ ကိုယ်အပူချိန်ကို တိုင်းတာနေကြတော့မည် ဖြစ်သည်။ ဘက်မလိုက်ဆိုသော နိုင်ငံများမှ သံမှုးများလည်း ရှိ နေမည် ဖြစ်ပြီး လောင်ဘင်း လက်နက်တိုက်ကြီး ပေါက်ကွဲနေသည့် မီးကျည် မီးပန်းများကို စောင့်ကြည့် နေကြမည်လည်း ဖြစ်သည်။
ကျွန်တော့် စိတ်ထဲတွင် ၎င်းတို့ရှိရာဖက်သို့ သေနတ် နှင့် လှမ်းပစ်ချင်သည့် စိတ်ကို မနည်း ချိုးနှိမ်ထားရသည်။ ဗိုလ်ချုပ်ကြီးသည် ကားပေါ်မှ ဆင်းလာသည်။ သူလည်း ကျွန်တော်လို တွေးမိမည်ထင်သည်၊ ရယ်သံများ ရှိရာဖက် တချက် လှမ်းကြည့်သည်ကို ကျွန် တော် သတိထားမိသည်။ ထို့နောက် မျက်နှာ လွှဲကာ လီလွိုင် လမ်းမကြီး ယာဉ်ကြော တဖက် တချက် ကို ပိုင်းခြား ထားသည့် မြက်ခင်းများ ဖုံးလွှမ်းနေသော ပလက်ဖေါင်း ပေါ်ရှိ ရုပ်ထု ကြီး ဖက် လျှောက်သွားသည်။
ကျွန်တော်၏ ကိုဒက် ကင်မရာ ကို လူနှင့် တပါတည်း ယူမလာပဲ ကျောပိုးအိတ်ထဲ့ ထည့်ခဲ့မိသည်ကို နောင်တရနေမိသည်။ ရှေ့သို့ စစ်ချီနေဟန် ပြုနေသော မရိမ်းတပ်သား နှစ်ဦး ရုပ်ထုအား ဗိုလ်ချုပ်ကြီး အလေးပြုနေသည်ကို ဓါတ်ပုံ ရိုက်ထားခြင်၍ ဖြစ်သည်။ နောက်က မရိမ်း တပ်သားသည် ရှေ့ရှိ သူ့ရဲဘော်၏ ကိုယ်ဟန် အနေအထားကို အတော် စိတ်ဝင်စားနေပုံ ပေါ် နေသည်။
ဘွန်သည်လည်း ဘတ်စ်ကား ပေါ်ရှိ လူများ နှင့် အတူရုပ်ထုအား အလေးပြုလိုက်သည်။ ကျွန်တော် စိတ်ထဲ အတွေး ပေါက်လာမိသည်က ထိုမရိမ်း တပ်သားများသည် သူတို့ လက်ထဲရှိ စက်သေနတ်များဖြင့် နေသာသော နေ့တနေ့တွင် အောက်တွင် လမ်းသလားနေကြသော အရပ်သူ အရပ်သားများကို ကာကွယ်ပေးနေသလား၊ သို့ တည်း မဟုတ် အမျိုးသား ညီလာခံရှိရာဖက်သို့ ချိန်ရွယ်ပစ်ခတ်နေသလား ဟူ၍ ဖြစ်သည်။
ကားပေါ်မှ လူတယောက်ထံမှ ငိုရှိုက်သံ ကြားလိုက်ရသည်။ ကျွန်တော်လည်း အလေးပြုခဲ့သည်။ ငိုရှိုက် လိုက်သံ၏ အဓိပ္ပါယ်က ကျွန်တော် အား ဒွိဟ ဖြစ်မလာစေခဲ့။ ကျွန်တော်တို့ လေတပ်သည် သမ္မတ နန်းတော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။ ကျွန်တော် တို့ စစ်တပ်သည်လည်း နိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာသူ နှင့် ညီ ဖြစ်သူအား သေနတ်နှင့် ပစ်၍ ဓါး နှင့် ထိုးသတ်ခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်ချုပ်များသည်လည်း အချင်းချင်း ဘာမဟုတ်တာလေး နှင့် စကား များ နေကြရင်းက ကျွန်တော်ပင် လက်ချိုး မရေ နိုင်လောက်အောင် အာဏာသိမ်း ပွဲ တခုပြီး တခု ကျုးလွန်နေကြသည်။
အာဏာသိမ်းပွဲ အရည် အတွက် လက်ဆယ်ချောင်း ပြည့်သွားခဲ့ပြီး နောက်တွင် တော့ ကျွန်တော်တို့ နိုင်ငံ၏ ကိုးရိုးကားယား နိုင်လှသည့် အဖြစ်ကို စိတ်ပျက် ဒေါသ ဖြစ်ခြင်း တဝက် ရယ်စရာ တဝက် နှင့် လက်ခံလိုက်ရသည်။ ကျွန်တော်၏ တော်လှန်ရေး အဓိဋ္ဌာန်သည်လည်း ထို အတွက် ကြောင့်၊ သို့မဟုတ်ကလည်း သောက်ထားသည့် ကော့တေး အရှိန်ကြောင့် လားမသိ တကျော့ပြန် ရေရွတ် နေခဲ့ရသည်ချည်း ဖြစ်သည်။