အဆုံးသည် နီးချင်မှ နီးဦးမည် ဖြစ်သော်လည်း မည်သိူ တွေ့ရမည့် ဆိုသည်က ရှင်းလင်းပြတ်သားစွာ ရှိနေပြီ ဟု မြန်မာ ပြည်တွင်းစစ် ကို အနီးကပ် လေ့လာစောင့်ကြည့် နေသူများက သုံးသပ်ခဲ့ကြပြီး ဖြစ်သည်ဟု အစချီကာ တိုင်းမ်မဂ္ဂဇင်း တွင် ယခုလို ရေးသားလာခဲ့သည်။
တော်လှန်ရေး၏ ပထမ နှစ် နှစ် အတွင်း ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသော်လည်း တတိယ နှစ် တွင်တော့ စစ်တပ် နောက် ပြန် ဆုပ် လာရပြီ ဖြစ်သည်။
လူ ပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး သုံးသန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် စစ်တပ်၏ အာဏာ သိမ်းမှု မှ စတင်ခဲ့သော အကြမ်းဖက်မှု များ သည် ဆက်၍ ရေရှည် သွားနိုင်သည့် အလားအလာများ တွေ့လာနေရချိန်တွင် ကမ္ဘာ၏ အာရုံစိုက်မှု သည် အရှေ့အလယ်ပိုင်း နှင့် ယူကရိန်း တွင် ဖြစ်ပွားလာသော စစ်ပွဲများဖက် ရွေ့လျားသွားပြီ ဖြစ်သည်။
သို့သော် လည်း တော်လှန်ရေး အင်အားစုများ ဆက်တိုက်ဆိုသလို အောင်ပွဲများ ရလာသည် နှင့်အမျှ စစ်တပ်၏ သံမဏိ လက်ချောင်းကြီးများ ဖြင့် ဆုပ်ကိုင်ထားသည့် အလား တင်းကျပ်စွာ ကိုင်စွဲထားသော အာဏာသည် လှုပ်ခါ ယိမ်းယိုင်လာနေပြီး အလှည့်အ ပြောင်းကြီး ဖြစ်လာရန် အခြေအနေများ ပေးလာနေပြီ ဖြစ်သည်။
စစ်ပွဲ ၏ အဆုံးသတ် ရလဒ် အငြင်းပွားဖွယ် မရှိအောင် ရှင်းလင်း ပြတ်သားနေပြီး၊ မရှင်းလင်းသည်က ထိုရလဒ်သည် မည်သည့် အချိန် နှင့် မည်သို့ မည်ပုံ ထွက်ပေါ်လာမည် လဲ ဆိုသည်ပင် ဖြစ်သည်ဟု မြန်မာရေးရာ အကြံပေးကောင်စီ အဖွဲ့ မှ ခရစ် ဆီဒိုတီ က တိုင်းမ် သို့ ပြောပြခဲ့သည်။ တချိန်ချိန် တွင် စစ်တပ်သည် သေချာပေါက် ပြိုလဲသွားမည်သာ ဖြစ်သည်ဟုလည်း ဆိုသည်။
တိုင်းမ်မဂ္ဂဇင်းသည် ၎င်းတယောက်တည်းသာ မဟုတ်၊ အခြား မြန်မာရေးရာ ကျွမ်းကျင်သူ ရှစ်ဦး အားလည်း မေးမြန်းခဲ့ရာ ပဋိပက္ခ ၏ နိဂုံး နှင့် ပတ်သက်ပြီး ၎င်းတို့ သုံးသပ်ချက်သည် ကွဲပြားခြားနားခြင်း မရှိသည်ကို တွေ့ရသည်ဟု ရေးသားထားပြီး ၂၀၂၁ အာဏာသိမ်း ပြီး နောက် ဖြစ်စဉ်များကို လ အလိုက် ရေးသားထားသည်။ ထိုအကြောင်းအရာများကို အားလုံး သိပြီး ဖြစ်၍ ချန်လှပ်ထားပြီး လက်ရှိ သုံးသပ်ချက် များကို တင်ပြသွားပါမည်။
စက်တင်ဘာ၊ ၂၀၂၄
အကျပ်ရိုက်လာနေသော စစ်တပ်သည် နိုင်ငံရေး ပြဿနာ ကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တိုက်တွန်းလာသည်၊ သို့သော် ၎င်းတို့ ကျုးလွန်ထားသည့် လူမဆန်သည့် ရက်စက်မှု များ အတွက် တာဝန်ခံ ရေး နှင့်၊ နိုင်ငံရေး တွင် ဆက်၍ ပါဝင်ခွင့် မပြုရေး ကိုသာ လိုလားသော NUG နှင့် တိုင်းရင်းသား တပ်များ အားလုံးက စဉ်းစားစရာပင် မလိုသည့် သဘောနှင့် ပယ်ချပစ်ခဲ့ကြသည်။
စစ်ကောင်စီသည် ပြိုကွဲသွားမည့် ဖက် ဦးတည်လာနေပြီ ဖြစ်သည်။ အတွင်း တွင် အက်ကြောင်း ထလာနေပြီ ဆိုသော ကောလဟသ များ၊ နယ်မြေများ လက်လွှတ်နေရမှု များ နှင့် နိုင်ငံတွင်း စားဝတ်နေရေး အကျပ်အတည်းကြီးများ ဖြစ်လာမည့် အလား အလာများ အစရှိသည့် ဘက် ပေါင်းစုံ မှ ဖိအားများ နှင့် ရင်ဆိုင်နေရသည်။
စစ်တပ်သည် နိုင်ငံကို လွတ်လပ်ရေး ရပြီး နောက်ပိုင်း တွင် အမိန့်အာဏာ၊ နိုင်ငံရေး လှည့်ကွက်များ၊ ဖွဲ့စည်းပုံ အပိုဒ်များ အစရှိသည့် နည်းလမ်းပေါင်းစုံ ဖြင့် အုပ်ချုပ်လာရ၍ ခိုင်မာ တောင့် တင်းသည့် အင်စတီကျုးရှင်း ကြီး ဖြစ်လာခဲ့သော်လည်း စစ်ခေါင်းဆောင် များသည် ထိုအနေအထားကို နည်း အမျိုးမျိုး နှင့် ဖျက်လိုဖျက်စီး လုပ်တတ်ကြသည့် ရာဇဝင် ရှိခဲ့သူများ ဖြစ်သည်ဟု သုတေသီများက မှတ်ချက်ချခဲ့ကြသည်။ (ယင်းသည်က စစ်ခေါင်းဆောင်များ မည်သို့မျှ ပြန်လည် ဖျောက်၍ မရတော့သည် သမိုင်း၏ အမည်းစက်များ အဖြစ် ထင်ကျန်သွားခဲ့ပြီ ဖြစ်သည်။)
စစ်ခေါင်းဆောင် များသည် လုံးဝ အရည်အချင်း မရှိသူများ ဖြစ်ပြီး တိုင်းပြည် စီးပွားရေး ကို ဖျက်ဆီးခဲ့ကြသည်။ နိုင်ငံရေး အရလည်း တိုင်းပြည် အား လေးဘက်သွား ကလေးဘဝ သာသာ ဖြစ်အောင် လုပ်ခဲ့ကြသည်။ ပြည်တွင်းစစ်မီး အားလည်း ဆိုးဝါးသည်ထက် ဆိုးဝါးအောင် မီးမွှေး ခဲ့ကြပြီး တိုင်းရင်းသား များ နှင့် နှစ်ပေါင်း ၆၅-၇၀ ခန့် တိုက်လာခဲ့သော် လည်း စစ်ပွဲ တပွဲ တလေကိုမျှ အနိုင်ရ အောင် စွမ်းဆောင် နိုင်ခဲ့ကြသူ များ မဟုတ်ကြ ဟု ခရစ် ဆီဒိုတီက ဆိုသည်။
ယခုအခါ စစ်တပ်သည် နယ်မြေများ ဆုံးရှုံးလိုက်လာ နေသည်၊ အထူးသဖြင့် ရှမ်းမြောက်ဒေသတွင် ၎င်းတို့ တပ်ဖွဲ့ဝင် ၂,၅၀၀ ခန့် လက်နက်ချ အညံ့ခံ ခဲ့ရမှု နှင့် အတူ လောက်ကိုင်ကို လက်လွှတ်ခဲ့ရသည်။ ဩဂုတ်လ တွင် ဒုတိယ အကြီးဆုံး တိုင်းစစ်ဌာနချုပ် ကြီး နှင့် အတူ လားရှိုး အား ဆုံးရှူံးသွားခဲ့ရပြန်သည်။ ဆုံး ရှုံး သွားခဲ့သော နယ်မြေများ ပြန်ရအောင် ထိုးစစ် ဆင်ခဲ့သော်လည်း ခြေချ နိုင်ဖို့ပင် မနည်း ရုန်းကန်နေရသည်။
စစ်တပ်သည် ယခုအခါ အရပ်သားများကို အတင်းအကျပ် စစ်ထဲဆွဲသွင်းပြီး တိုက်ခိုင်းနေသော်လည်း မိမိတို့ ကြမ္မာ မိမိတို့ ဖာသာ ဖန်တီးနိုင်ရေး အတွက် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေး အဖွဲ့များ နှင့် ယှဉ်လျင် စိတ်ဓါတ်ရေးရာအရ မည်သို့မျှ ယှဉ် နိုင်စွမ်း မရှိပေ။ ထိုသို့ စိတ်ဓါတ်ရေးရာ အသာစီး နှင့် ဆက်ပြီး တိုက်သွားမည်ဆိုက အောင်မြင်ဖို့ အလားအလာ ကောင်းနေသည်၊ စစ်ကောင်စီ တပ်သားများကမူ ၎င်းတို့ ဘာအတွက် တိုက်နေရမှန်းပင် မသိနိုင်အောင် ဖြစ်နေသည်ဟု ၂၀၂၁ မှစ၍ အာဏာသိမ်းပြီး ဖြစ်စဉ်များကို မှတ်တမ်းတင်နေသည့် Myanmar Film Collective အဖွဲ့ဝင် တဦးက ပြောသည်။
ယခုအခါ စစ်ကောင်စီသည် မန္တလေးကို လက်လွှတ်ရမတပ် ဖြစ်လာပြီး၊ ဖြစ်လာခဲ့လျင် စစ်တပ်အဖို့ စိတ်ဓါတ်ရေးရာ အရ အကြီးအကျယ် ထိုးနှက်ခြင်း ခံရတော့မည်ဟု ယန်ဟီလီးက ဆိုသည်။
စစ်တပ်သည် တိုင်းပြည်၏ လေပိုင်နက် တခု တည်းကိုသာ လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်သော်လည်း မြေပြင်တွင်မူ အရေးပါသော အခြေခံ အဆောက်အအုံ ပိုင်း ဆုံးရှုံးနေပြီ ဖြစ်သည်။ ထိုင်း၊ အိန္ဒိယ၊ တရုတ် နိုင်ငံများ နှင့် နယ်နမိတ် ထိစပ်နေသော မြို့များ အားလုံး နီးနီးကို တော်လှန်ရေး တပ်များက ထိန်းချုပ်ထားပြီး ဖြစ်သည်။
နိုင်ငံ လူဦးရေ၏ ၇၀ ရာနှုန်း နေထိုင်နေကြသည့် နယ်မြေများ၏ ၈၀ ရာနှုန်းတွင် အုပ်ချုပ်ရေး ပျက်ပြားသွားပြီ ဖြစ်သည်ဟု မြန်မာ အရေး အကြံပေး ကောင်စီ၏ မေလ အစီရင်ခံစာတွင် ပါရှိလာခဲ့သည်။ ထိုဒေသများရှိ ပညာရေး၊ ကျန်းမာရေး ကိစ္စ အဝဝ ကို NUG မှ စီဒီအမ် ဝန်ထမ်းများ နှင့် စီမံ ခန့်ခွဲ နေပြီ ဖြစ်သည်။
၎င်းတို့ အတွက် သေရေးရှင်ရေး တမျှ အရေးပါလာ နေသည်က ပဋိပက္ခ ရေရှည်သွားမည် ဆိုလျင် စီးပွားရေး ဖက်တွင် ဖိအား များ တိုးမြင့်လာတော့မည့် အရေးပင် ဖြစ်သည်။ လက်ရှိတွင် နိုင်ငံ လူဦးရေ၏ တဝက် ခန့်သည် ဆင်းရဲ ကျပ်တည်းစွာ ရှင်သန်နေကြရသည်။ ငွေကြေး ဖောင်းပွမှုလည်း မြင့်တက်လာနေသည်။ လူလေးဦး လျင် တဦး နှုန်း ဝဝလင်လင် စားသောက် နိုင်ခြင်း မရှိ ဖြစ်လာနေသည်။ နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှု လည်း ခံနေရသည်။
စစ်တပ်သည် ထိုသို့ စီးပွားရေး အကျပ်အတည်းများ တောင်ပုံရာပုံ ဖြစ်လာခြင်းကြောင့်သာ လမ်းကြောင်း ပြောင်းလိုသည့် ပုံစံဖြင့် စားပွဲဝိုင်းသို့ ရောက်လာမည် ဖြစ်သည်၊ သို့သော် လူ သန်းပေါင်းများစွာ ဒုက္ခသုက္ခများ နှင့် ကြုံလာရပြီးမှသာ ဖြစ်လာနိုင်သည်ဟု အော်စလို ငြိမ်းချမ်းရေး အင်စတီကျူ မှ အမရာ သီဟ က ဆိုသည်။
နိုင်ငံ အတွင်း စီးပွားရေး နှင့် လူမှုရေး ကဏ္ဍများ ပြိုလဲလာမှု နှင့်အတူ မတည်မငြိမ် ဖြစ်လာမှုများ ၎င်းတို့နိုင်ငံသို့ ကူးစက်လာမည့် အရေးကြောင့် အိမ်နီးချင်း နိုင်ငံများက အထိတ်တလန့်ဖြင့် စောင့်ကြည်နေကြသည်။ အထူးသဖြင့် တရုတ်သည် ၎င်းတို့အကျိုးစီးပွား ထိခိုက်လာမည့် အရေးကို စိုးရိမ်တကြီး ဖြစ်လာကာ တိုင်းရင်းသား တပ်များကို ဖိအား ပေးလာပြီး တဖက်တွင် အာဏာသိမ်း အဖွဲ့နှင့် သံတမန်ရေး အရ အဆင့် တိုးမြှင့် ဆက်ဆံလာခဲ့သည်။
မည်သို့မည်ပုံ အဆုံးသတ် သွားပေမည်နည်း ဆိုသည်ကို ဆက်၍ တင်ပြသွားပါမည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!