ယခုအပတ် အတွင်း တရုတ် နှင့် အိန္ဒိယ သည် နှစ်နိုင်ငံ အကြား အငြင်းပွားနေသည့် လက်ဒါ နယ်စပ်ဒေသ တလျောက် ပူးတွဲ ကင်းလှည့်သွားရန် သဘောတူညီမှု ရရှိသွား၍ ဘီဂျင်း အတွက် အတန်ငယ် စိတ်အေး စရာ ဖြစ်ခဲ့ရသော်လည်း ၎င်း၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံများဟု ယူဆထားသော မြောက်ကိုရီယား နှင့် မြန်မာ ခေါင်းဆောင်ပိုင်း၏ လုပ်ရပ်များကြောင့် ရတက် မအေးစရာ ဖြစ်လာရပြီး တရုတ် အရာရှိများ ဒေါသ ထွက်လာစေခဲ့သည်ဟု အမေရိကန် Foreign Policy မဂ္ဂဇင်း မှ ရေးသားလာခဲ့သည်။
ရုရှားဖက်မှ ဝင် ရောက် တိုက်ခိုက် ပေးရန် မြောက်ကိုရီယား တပ်များ ထွက်ခွာသွားပြီ ဆိုသော သတင်း အပေါ် တရုတ်ဖက်မှ တရားဝင် ထင်မြင်ချက် တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးသော်လည်း ၎င်းတို့ အကြား စိုးရိမ်မကင်း ဖြစ်လာနေသည်။
တရုတ်သည် စကားအရာ အရသော်၎င်း၊ ရုပ်ဝတ္ထု ပစ္စည်း ပိုင်းအရပါ ရုရှားအား အတိုင်းအတာ တခုထိသာ ထောက်ပံ့ပေးခဲ့သော်လည်း အနောက်အုပ်စုနှင့် ဆက်ဆံရေး ပျက်ပြားသွားသည် အထိ လုပ်လာခဲ့ခြင်း မရှိသေးသည်ကို တွေ့ရသည်။ သို့သော် မြောက်ကိုရီယား၏ လက်ရှိ အပြုအမူ သည် ထိုအနေအထားကို ပျက်ပြားသွားစေနိုင်သည်။
မြောက်ကိုရီယားသည် ၁၉၆၁ မှစ၍ တရုတ် နှင့် အပြန်အလှန် အကာအကွယ်ပေးရေး စာချုပ်ကို လက်မှတ်ရေးထိုးထားခဲ့သည်။ ဝါဒ ရေးရာ အရလည်း တူညီကြသည့် နိုင်ငံများ ဖြစ်သော်လည်း နှစ်နိုင်ငံ အကြား တင်းမာမှုများက တောက်လျောက် ရှိလာနေခဲ့သည်။ တရုတ်သည် ဆိုဗီယက် ယူနီယံ အပေါ် အစာမကြေ ခဲ့သည့် ပုံစံမျိုး နှင့် ၎င်းတို့ ကဲ့သို့ နိုင်ငံငယ် လေး အားလည်း ကွန်မြူနစ် အကိုကြီး big brother အဖြစ် စောင့်ကြည့် ဆက်ဆံနေသည်ဟု မြောက်ကိုရီယားက ယူဆခဲ့သည်။
နောက်ကွယ် တွင် ဂျပန်သည် ၎င်းတို့၏ "ရာစုနှစ် နှင့် ချီ ရှိနေသော ရန်သူ"၊ တရုတ်သည်ကား "နှစ်ပေါင်း တထောင် ကျော် ကြာ ကတည်းက ရှိနေသည့် ရန်သူ" ဟု မြောက်ကိုရီယား ခေါင်းဆောင်များက က်ိုရီယား ကျွန်းဆွယ်အား တရုတ်တို့ သမိုင်း အဆက်ဆက် အင်ပါယာ ချဲ့ထွင် နယ်ချဲ့ ခဲ့မှု အား ရည်ညွှန်းပြီး ပြောဆိုကြလေ့ ရှိသည်။ မြောက်ကိုရီယား ခေါင်းဆောင် ကင်ဂျောင်အန်း ကိုယ်တိုင်ပင် ထိုသို့ ပါးစပ်မှ ထုတ်ပြောခဲ့သည်ဟု သတင်း ထွက် ပေါ်ခဲ့ဖူးပေသည်။
တရုတ်တွင်တော့ မြောက်ကိုရီယား အသံကြားသည်နှင့် ကိုယ်မင်းကိုယ်ချင်း အာဏာရှင် ပုံစံ ဖိနှိပ်အုပ်ချုပ်နေသည့် နိုင်ငံဟု မျက်စိထဲ မြင်ယောင်လာကြသည်။ ထို့ အတွက် တရုတ် လူငယ် ပိုင်းသည် ၎င်းတို့ အား ဖိနှိပ် အုပ်ချုပ်လိုသည့် တရုတ် ခေါင်းဆောင်ပိုင်းကို ကြည့်၍ နိုင်ငံအား "အနောက် ကိုရီယား" ဟု ခေါ်ဝေါ် သုံးစွဲ လာခဲ့ကြသည်။
တရုတ် သုတေသီများ နှင့် အစိုးရ အရာရှိများကလည်း ၎င်းတို့ကဲ့သို့ ၁၉၈၀ နောက်ပိုင်း တံခါးဖွင့် မူဝါဒကို လိုက်လံ အတုခိုးခဲ့ခြင်း မရှိ၍ ခေါင်းမာယုံမျှမက သံသယစိတ်ဖြင့် အကြောက်လွန်ကဲနေသူများ အဖြစ် ပုံဖေါ် ပြောဆို လေ့ ရှိကြသည်။
ယခုအခါ ယူကရိန်း စစ်ပွဲကြောင့် မြောက်ကိုရီယားသည်လည်း တောင်ကိုရီယား အပေါ် ကျုးကျော် တိုက်ခိုက်လိုစိတ် ပြင်းပြလာနေသည်ကို တရုတ်တို့ ရိပ်စားမိလာ၍ စိုးရိမ်မကင်း ဖြစ်လာကြသည်။ အထူးသဖြင့် ထိုသို့ လုပ်ရန် မော်စကို ကို အားကိုးလာနိုင်ပြီး ၎င်းတို့၏ ဩဇာ အရှိန်အဝါ ကျဆင်းလာမည့် အရေးပင် ဖြစ်သည်။
မြန်မာ တွင်လည်း ပြီးခဲ့သည့် အပတ်အတွင်း ၎င်းတို့၏ ကောင်စစ်ဝန်ရုံးအား ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့သည်။ ယခုထိလည်း လက်သည် မပေါ်သေးသည့် အဖြစ်ကြောင့် မြန်မာ စစ်ခေါင်းဆောင်များသည် ယုံကြည် ကိုးစား၍ မရသည့် အပြင် စစ်ပွဲကိုလည်း နိုင်အောင် တိုက်နိုင်စွမ်း ရှိမည် မဟုတ်ဟု ဆိုကာ စိုးရိမ်စိတ်များ မြင့်တက်လာခဲ့ရပြန်သည်။
တရုတ်သည် နှစ်နိုင်ငံ စစ်တပ်များ အကြား အပြန်အလှန် အကျင့်ပျက် ခြစားမှု များဖြင့် နီးကပ်သော ဆက်ဆံရေးများ ရှိထားခဲ့သည်။ အစပိုင်းတွင် စစ်တပ်၏ အာဏာသိမ်းခဲ့မှု ကြောင့် ၎င်းတို့၏ စီမံကိန်းများ မြန်ဆန် သွက်လက်လာတော့မည်ဟု ယူဆခဲ့သော်လည်း ဖြစ်ပွားလာသော ပြည်တွင်းစစ်ကြီးကြောင့် မည်သည့် တိုးတက်မှု မှ ရမလာပဲ ပို၍ပင် နှောင့်နှေးသွားခဲ့ရသည်။
ထို့ပြင် တရုတ်သည် ၎င်းတို့ နိုင်ငံသားများ အပေါ် ကျူးလွန်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အား ထိထိရောက်ရောက် အရေးမယူ နိုင်ခဲ့မှု အတွက် ဒေါသ အမျက်ခြောင်းခြောင်း ထွက်လာကြပြီး တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပို၍ နီးကပ်စွာ ပူးပေါင်းလာခဲ့ကြသည်။
တရုတ်၏ အဓိက စိုးရိမ်နေသည်က မြန်မာ နယ်ခြား တလျောက် ပင် ဖြစ်သည်။ တိုက်ပွဲများ ၎င်းတို့ဖက် ရောက်မလာစေရန် နှင့် နယ်ခြား ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်ပွင့်လာ စေရန် အတွက် အပစ်အခတ်များ ရပ်စဲ နိုင်ဖို့ စိတ်ရင်းအမှန်နှင့် ကြိုးစားပေးခဲ့သော်လည်း အောင်မြင်မှု မရပဲ ဖြစ်လာသည်။ တိုင်းရင်းသား လက်နက်ကိုင်များ ဖက်က အောင်ပွဲ များ ရလာသည် နှင့် အမျှ ယခုအပတ်အတွင်း နယ်ခြား ကုန်သွယ်ရေးသည် လုံးဝ ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။
မြောက်ကိုရီယား ကဲ့သို့ပင် တရုတ်သည် မြန်မာရှိ ပတ်သက်နေသူ အားလုံး အော်ဟစ် ဆဲဆို နေမှု များ ရပ်တန့်ပြီး အနည်းဆုံး တဲ့နေဟန် ဆောင်ကာ ငြိမ်ငြိမ်သက်သက် နေစေလိုကြသည်။ သို့သော် နှစ်နိုင်ငံ စလုံးတွင် ၎င်းတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့။
ဘီဂျင်း အဖို့က ဆူပါ ပါဝါ များပင် ၎င်းတို့ ဖြစ်စေချင်သလို ဖြစ်လာအောင် စေစား၍ မရ ဆိုသည်ကို သဘောပေါက်လာနေပြီ ဖြစ်သည်။
(၂၀၂၄ အောက်တိုဘာ ၂၆ ရက်နေ့ထုတ် Foreign Policy မဂ္ဂဇင်းပါ "North Korea and Myanmar Cause Headaches in Beijing" ကို ပြန်လည် တင်ပြသည်။)