မန္တလေး မြိုပြင် ရှိ စစ်ဆေးရေး ဂိတ်များ တွင် ၎င်းတို့ အနီးသို့ ချဉ်းကပ်လာ နေကြသော ပြည်သူ့ ကာကွယ် ရေး တပ်များ ကြောင့် စစ်ကောင်စီ တပ်သားများ ကျီးလန့်စာစား နှင့် အထိတ်တလန့် နှင့် ဖြစ်နေကြဟန် ရှိသည် ဟု အစချီကာ AFP မှ ၁၀၂၇ စစ်ဆင်ရေး ကြီး နှစ်ပတ်လည် နေ့ အတွက် ယခုလို ရေးသားလာခဲ့သည်။
တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် တိုင်းပြည် အာဏာကို လုယူခဲ့ကြသည့် စစ်တပ်အား ပြီးခဲ့သည့် နှစ် ယခုလို အချိန်တွင် စတင်၍ ထိုးစစ်ကြီး ဆင်နွှဲ ခဲ့ရာမှ ယခုအခါ ကြီးမားလှသော အရှိန်အဟုန်ဖြင့် ဆက်လက် တိုက်ပွဲ ဝင်နေကြပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း မန္တလေး မြို့သူ မြို့သားများသည် မြို့အထွက် လမ်းများ ပေါ် မှ ထွက် ပေါ်လာ သော သေနတ်သံများကို စတင် ကြားလာခဲ့ကြရသည်။
ထိုးစစ်ကြီး စတင်သည့် နေ့ ကို အမည်ယူထားသော ၁၀၂၇ စစ်ဆင်ရေး ကြီးဖြင့် အာဏာသိမ်း တပ်များအား အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၅၀,၀၀၀ ဝန်းကျင် ဧရိယာ အပြင်ဖက်သို့ မောင်းထုတ်ပစ်နိုင်ခဲ့ကြသည်။ ယင်းသည် ဘော့စနီးယား နိုင်ငံ တနိုင်ငံစာ အကျယ်အဝန်း ရှိသည်ဟု AFP က ဆိုသည်။
ထိုဧရိယာ ထဲတွင် အချက်အခြာ ကျသော တရုတ်နှင့် ကုန်သွယ်ရာ လမ်းမကြီးများ၊ နိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း တရုတ်၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် အဖြစ် အသုံးပြုမည့် ပင်လယ်နက် ဆိပ်ကမ်း ရှိရာ တဝိုက်ရှိ ဒေသများ ပါဝင်နေသည်။
မြန်မာဘုရင် နောက်ဆုံး ထီးနန်း စိုက်ခဲ့ရာလည်း ဖြစ်၊ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော်ကြီးလည်း ဖြစ်သည့် မန္တလေး အား လက်လွှတ်ရတော့မည် ဆိုက စစ်ကောင်စီအတွက် အကြီးမားဆုံး ထိုးနှက်မှု ကြီးလည်း ဖြစ်လာပေလိမ့်မည်။
မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွင် ကျောင်းသားများ၊ ကျောင်းဆရာများ၊ နည်းပညာ တတ်ကျွမ်းသူများ ပါဝင်နေပြီး ၎င်းတို့ အားလုံးသည် ယခုအခါ မန္တလေး နှင့် ငါးကီလိုမီတာ ခန့်သာ ဝေးတော့သည့် ပုသိမ်ကြီး မြို့နယ် အတွင်း ရောက်ရှိနေကြပြီ ဖြစ်သည်ဟု အဖွဲ့၏ ပြောခွင့်ရ အော်စမွန်က ဆိုသည်။ အော်စမွန်က "မန္တလေးကိုသာ ကျွန်တော်တို့ သိမ်းနိုင်ခဲ့ရင် တော်လှန်ရေး အတွက် ကြီးမားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာလိမ့်မယ်" ဟု ပြောပြခဲ့သည်။
ပြီးခဲ့သည့်လ အတွင်း အဖွဲ့တဖွဲ့မှ မြို့တော်အား ရှော့တိုက် ဒုံးများ နှင့် ပစ်ခတ်ခဲ့၍ အဆောက်အဦးများ ထိခိုက်ပျက်စီး သွားခဲ့သည်။ တရုတ် ကောင်စစ်ဝန် ရုံးသည်လည်း ပစ်ခတ် ဖေါက်ခွဲခံခဲ့ရ၍ ဘီဂျင်းမှ ဒေါသတကြီး ကန့်ကွက် ပြောဆိုလာခဲ့သည်။
မြို့ထဲရှိ လမ်းများပေါ်တွင် စစ်သား အနည်းငယ်သာ တွေ့ရပြီး၊ ရဲများသည်လည်း ကွန်ကရိတုံးများ၊ ဘန်ကာများ ကာရံထားသော ၎င်းတို့ စခန်းများထဲတွင်သာ ခိုအောင်းနေကြရသည်။ ဤသည်ကို ကြည့်၍ ဒေသခံ နိုင်ငံ ရေး သမား တဦး မှ မန္တလေးအား ကောင်းစွာ ကာကွယ်နိုင်ခြင်း ရှိမည် မဟုတ်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဖြင့် ဆက်တိုက် အောင်ပွဲ ခံလာခဲ့မှု ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်များ စိတ်အား တက်ကြွလာခဲ့ကြသည်။ စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကြီးသည်လည်း ပို၍ အရှိန်မြင့်တက်လာခဲ့သည်။
ထိုအောင်မြင်ခဲ့မှု များကို နိုင်ငံ အလယ်ပိုင်း မြေပြန့် ဒေသများ တွင် ပြန်လည် ပုံဖေါ် နိုင်ရေး တွင် မူ အခက်အခဲ များ တွေ့လာခဲ့ရသည်ဟု မြန်မာအရေး လေ့လာနေသူ ဒေးဗစ် မက်သီဆန် က ဆိုသည်။
မြေ အနေအထား ကြောင့် စစ်ကောင်စီ အတွက် လေကြောင်းမှ၎င်း၊ လက်နက်ကြီးများဖြင့်၎င်း ပစ်ခတ်နိုင်သည့် အချက်အခြာ နေရာများ ဖြစ်လာသည်။ မြို့ပြဒေသများ ပြန်ကျဲနေမှု ကြောင့်လည်း အခြေအနေသည် ပို၍ ခေါင်းခဲစရာ ဖြစ်လာသည်။
၁၀၂၇ စစ်ဆင်ရေး ကို စတင်ခဲ့သော ညီနောင်သုံးဖေါ်သည် ၎င်းတို့ နယ်မြေများမှ ဆင်းလာပြီး မန္တလေး တိုက်ပွဲ တွင် ပါဝင်လာကြမည်လား ဆိုသည်က သဲသဲ ကွဲကွဲ မသိရသေးပဲ ဖြစ်နေသည်။
၎င်းတို့ ထိုသို့ ဆုံးဖြတ်နိုင်ဖို့ အဓိက ထည့်သွင်း စဉ်းစားရမည်က တရုတ် အစိုးရ ဖြစ်နေသည်။
ဘီဂျင်းသည် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များ နှင့် ဆက်ဆံသွားနိုင်ရေး အတွက် တိုင်းရင်းသား အဖွဲ့များကို လက်ကိုင်တုတ် အဖြစ် အသုံးချ နေသည်။ မူလ က ၁၀၂၇ စစ်ဆင်ရေးအား ရှမ်း ပြည်နယ် အတွင်း အခြေချနေသော အွန်လိုင်း ငွေလိမ်များအား ဖြိုဖျက်နိုင်ရန် မီးစိမ်းပြခဲ့ခြင်း ဖြစ်သည်။
ယခုအခါ တွင် တော့ စစ်တပ်သည် မထင်မှတ်လောက်အောင် မရှု မလှ အရေးနိမ့် လာနေသည်ကို တွေ့လာရသည့် အခါ တွင်တော့ ရှေ့ဆက်မတိုးရန် ဇက်သပ် ဖို့ ကြိုးစားလာခဲ့သည်။
စစ်တပ် ပြုတ်ကျသွားမည့် အရေးအား ဘီဂျင်း အဖို့ ရှေ့ဆက် ခွင့်ပြု၍ မရသည့် red line အဖြစ် ခံယူလာခဲ့သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင်တာဝါ က ဆိုသည်။
ဘီဂျင်း သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွက် အခွန်ငွေများ ရနေသည့် နယ်စပ်ဂိတ်များ ကို ပိတ်ပစ်ခဲ့သည်။ အင်တာနက်၊ ရေ မီးများကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်လ ထဲတွင် တရုတ် ပြည်ဖို့ သွားဖို့ ရှိနေသည်။ တရုတ် ခေါင်းဆောင်များက စစ်ကို အနိုင်တိုက်ရန် ၎င်းအား မာန်မဲ ပြောဆိုကြတော့မည် ဖြစ်သည်။
မင်းအောင်လှိုင်လိုပင် မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း စစ်ကို အနိုင်တိုက်ရန် ရည်မှန်းချက် ချထားပြီး ဖြစ်သည်။
"မန္တလေးကို သိမ်းယူ နိုင်ရေးဟာ ကျွန်တော်တို့ အတွက် မဟာဗျုဟာ အရ အရေးပါဆုံး ရည်မှန်းချက် ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒီစစ်ဆင်ရေး အတွက် ဘာတွေ စီစဉ်ထားတယ်ဆိုတာ တော့ ထုတ်ပြောလို့ မဖြစ်ပါဘူး" ဟု အော်စမွန်က ဆိုသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!