မင်းအောင်လှိုင်၏ ရန်စလာမှု

by Hla Soewai - Nov 04 2024

ဘီဂျင်းမှ မင်းအောင်လှိုင်အား ထောက်ခံမှု ပေးခဲ့ခြင်းသည် ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်စဲပြီး နိုင်ငံ တည်ငြိမ် အောင် လုပ်ရန် ဖြစ်သော်လည်း ယခုအခါ ရည်ရွယ်သလို ဖြစ်မလာပဲ မင်းအောင်လှိုင်သည် ထိုအခွင့်အရေးအား အသုံးချ၍ တပ်တွင်း ခေါင်းထောင်လာနိုင်သူ များ ကို စတင် ဖယ်ရှားလာခဲ့ပြီ ဖြစ်သည်။

 

တရုတ်မှ ဗြောင်ကျကျ ပင် ၎င်းအား ဘီဂျင်း သို့ ဆင့်ခေါ်လိုက်သည့် အတွက် ၎င်း၏ ဦးဆောင်မှု အပေါ် မကျေမနပ် ဖြစ်လာနေ‌သော စစ်ဗိုလ်ချုပ်များ အမြီးကုပ် သွားပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နောက်ထပ် စိတ်မချ ဖြစ်လာသည်က ခြောက်လုံးတန်းပင် ဖြစ်သည်။ တရုတ်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ ရောက်လာတိုင်း ခေါင်းဆောင်ဟောင်းကြီး ကို မပျက်မကွက် သွား တွေ့ နေသည်ကိုလည်း စိတ်ထဲ က သံသယ ဖြစ်လာနေသည်၊ ဗိုလ်သန်းရွှေသည် နောက်ကွယ်မှ ကြိုးကိုင် နေနိုင်ဆဲ ဟု ယူဆ၍သာ ယခုလို သွားတွေ့နေခြင်းဟု ယူဆလာသည်။

 

 "ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး" အား နှောက်ယှက် ထိပါးသည် ဆိုကာ ဗိုလ်သန်းရွှေ၏ သားမက် ဖြစ်သူ ဦးနေ‌စိုးမောင်ကို ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။ ၎င်း၏ ဖေ့စ်ဘုတ် ပေါ်မှ အရေးအသား များ ကြောင့် အောက်တိုဘာ ၂၃ ရက်နေ့ မန္တလေး တွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

 

တရုတ် ၏ ကျောထောက်နောက်ခံ ဖြင့် အာဏာကို တည်ဆောက် နိုင်ပြီဟု ယုံကြည်လာသည့် အတွက် ခြောက်လုံးတန်း ကို တောချောက်ပြီး ၎င်းအား ဆန့်ကျင်မည့် အတိုင်းအတာ မည်မျှ ထိ ရှိနေနိုင်သည်ကို flush out လုပ်ကာ သွေးတိုး စမ်းလိုက်ခြင်း ဖြစ်မည်ဟု ယူဆလာသည်။

 

ဦးနေစိုးမောင်သည် ကွယ်လွန်သူ မန္တလေး တိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင် အတွက် "လူ ကို လူလို ဆက်ဆံတတ်တဲ့ နိုင်ငံမျိုး မှာ လူ ပြန်ဖြစ်ခွင့် ရပါ‌ စေ လို့ ဆုတောင်းပေးနေပါတယ်" ဟု ဖေ့စ်ဘုတ်တွင် ရေးသားခဲ့သည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင်သည် ဦးနေစိုးမောင် ကို ဖမ်းပြလိုက်ခြင်းဖြင့် ၎င်းသည် ခြောက်လုံးတန်းကိုပင် ဂရုစိုက်စရာ မလိုတော့သည့် အနေအထားဟု လက်သီးလက်မောင်း တန်းလိုက်ခြင်းလည်း ဖြစ်သည်။

 

အာဏာရှင် ဟူသမျှ သည် ပတ်ဝန်းကျင် ကို အမြဲလိုမယုံသင်္ကာ ဖြစ်နေမှသာ ရှင်သန်နိုင်စမြဲ ဖြစ်သည်။ဗိုလ်သန်းရွှေသည်လည်း အာဏာရှင်ဟောင်း ဦးနေဝင်း၏ သားမက် နှင့် မြေးများကို ဖမ်းဆီးထောင်ချခဲ့ဖူးသူလည်း ဖြစ်သည်။

 

မင်းအောင်လှိုင်၏ သွေးနားထင် ရောက်လာမှု ကြောင့် ဘီဂျင်း အဖို့ ၎င်း ဖြစ်စေချင်သလို ဖြစ်မလာပဲ အခြေအနေများ ပို၍ ရှုပ်ထွေးလာနိုင်သည့်ဖက် ဦးတည်လာမည့် အရေး စိုးရိမ်ရဖို့ ဖြစ်လာနေသည်။

 

ဘီဂျင်းမှ တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးကာ တိုက်ပွဲများ ရပ်ပေးထားခဲ့သော်လည်း မင်းအောင်လှိုင် သည် ထိုးစစ်အတွက် စနစ်တကျ စုစည်းရမည့် အစား ၎င်းစိတ်မချရသူ များ နေရာတွင် သစ္စာရှိသူများ နှင့် အစားထိုး ရင်း အလုပ်များလျက် ရှိနေကြောင်း သိရသည်။

 

ယင်းနှင့် ပတ်သက်၍ အမေရိကန်ရှိ ကိုလံဘီယာ တက္ကသိုလ် သုတေသန စစ်တမ်း တွင် ၂၀၁၇ မှ ၂၀၂၁ အတွင်း တိုင်း စစ်ဌာနချုပ် ၁၄ ခု အတွက် စစ်တိုင်းမှုး ၃၆ ဦး အား အရွှေ့အပြောင်း လုပ်ခဲ့သော်လည်း အာဏာသိမ်း ပြီး ၄၄ လ အတွင်း ၄၉ ဦး အထိ ‌‌အပြောင်းအလဲ လုပ်ခဲ့၍ အကြိမ် အရည်အတွက် အားဖြင့် ၃၆ ရာနှုန်း မြင့်တက်လာခဲ့သည်ဟု ပါရှိကြောင်း စင်္ကာပူ စထရိတ်တိုင်း သတင်းစာက ရေးသားထားသည်။

 

တိုင်းမှုး များသည် ယခင် က တခါဖူးမျှ စစ်တိုင်း ဌာနချုပ် ကို အုပ်ချုပ်ဖူးသည့် အတွေ့အကြုံ မရှိသူများ ဖြစ်သည်ဟု ကိုလံဘီယာ သုတေသန အဖွဲ့ ဒါရိုက်ဝာာ တိုနီ ဝီလ်ဆင်က မှတ်ချက်ချခဲ့သည်။

 

ဤသည်ကို ကြည့်မည်ဆိုက မင်းအောင်လှိုင်သည် စစ်အောင်နိုင်ရေး မဟာဗျူဟာထက် လတ်တလော နောက်ကြောက ဝင်လာမည့် ကျည်ဆံကို ပို၍ စိုးရိမ်နေရသည်မှာ ထင်ရှားနေသည်။

 

ယခု ခရီးစဉ် သည်လည်း ၎င်းအား နိုင်ငံ ပြင်ပသို တမင် ပထုတ်လို၍ ဖြစ်မည်လောဟု ခန့်မှန်းပြောဆိုနေမှု များလည်း ထွက်ပေါ်လာနေသည်။

 

တရုတ် မှ ကချင် လွတ်လပ်ရေး တပ်တော် အား ထိုးစစ် ဆင်နေမှု များ ရပ်တန့်ပေးရန် ဖိအား ပေးနေသော်လည်း ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ လက်ရှိ ဆင်နွှဲနေသော လွန်စွာ အရေးပါလှသည့်တော်လှန်ရေး ကြီး အမြန် အဆုံးသတ်ရန် လူငယ် မှန်သမျှ တော်လှန်ရေးကြီးထဲ ပူးပေါင်းပါဝင်ကြရန် နှင့် တိုင်းရင်းသား အဖွဲ့များ စည်းလုံးကြရန် ကေအိုင်အို တည်ထောင်သည့် ၆၄ နှစ် မြောက် နှစ် ပတ်လည် အခမ်းအနား တွင် တိုက်တွန်း သွားခဲ့သည်။

 

တိုင်းရင်းသား အဖွဲ့များ အနေဖြင့် ၎င်းတို့ တသက်နှင့်တကိုယ် ရတောင့်ရခဲ လှသည့် အောင်မြင်မှု များ ရလာ‌နေချိန်၊ ပန်းတိုင်ကို လှမ်းမြင်နေရချိန်တွင် ရှိရင်းစွဲ သံသယ များ၊ ပြည်ပမှ ဖိအားများ ကြောင့် ရေစုံ မျော ခံကြမည်လော ဆိုသည်ကို အလေးအနက် စဉ်းစားရဖို့ ဖြစ်လာနေသည်။

 

အလားတူပင် တော်လှန်‌ ရေး ကြီးအား သုံးနှစ်ကျော် ပံ့ပိုး ပေးလာသည့် ပြည်သူများလည်း ထိုသို့ မဖြစ်အောင် ဆက်၍ အားတင်းထားဖို့ လိုပေသည်၊ သို့မဟုတ်ပါက တနိုင်ငံလုံး မင်းအောင်လှိုင် မိသားစု ၏ ကျွန်ဘဝ ရောက်ရပေတော့မည်။ တနိုင်ငံလုံး ဟု ပြောရခြင်းမှာ ၎င်းတို့ လက်အောက် အမှုထမ်းနေကြသူများကို ပါ ဆိုလိုခြင်း ဖြစ်သည်။

 

ပြင်ဦးလွင် နှင့် မူဆယ်သို့ ဆက်သွယ်ထားသည့် မိုင် ၃၀၀ ခန့် ရှည်လျားသည့် အမှတ် (၃) အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်း အတော်များများကို မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ အဆင်ပြေစွာ စားသောက်နေထိုင် နိုင်ဖို့ ဆီဝေ၊ ဆန်‌ ဝေ လုပ်‌ နေသည်မှအပ ၎င်းတို့ကိုယ်တိုင် ယခုထိ တစက်ကလေးမျှ ဖန်တီးပေးနိုင်ခြင်း မရှိသော်လည်း "ငါတို့ မစားရလျင် မင်းတို့လည်း မစားစေရ" ဟူသော သဘောဖြင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာ‌ သော ကုန်စည် မှန်သမျှ ကို "တရားမဝင် တင်သွင်းမှု" ဟု အမည်တပ်ကာ ‌မန္တ‌ လေး ဈေးချို ရှိ ဆိုင်များသို့ ဝင်ရောက်ရှာ‌ဖွေ နေကြပြီ ဖြစ်သည်၊ ထို့ အတွက် ၎င်းတို့အား လဒ်ထိုးရ ဖို့ ဖြစ်လာနေသည်။ ပြည်သူများအဖို့က သွား ကိုပင် ဆား၊ မီးသွေးခဲ တို့ နှင့် တိုက်ရတော့မည့် အခြေ ဆိုက်လာတော့မည် ဖြစ်သည်။

 

ယခုအခါ အာရက္ခတပ်တော်သည် အမ်းမြို့ ရှိအနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် မီတာ ၃၀၀ ခန့် အကွာ သို့ ချဉ်းကပ်လာနေပြီဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!