မင်းအောင်လှိုင်၏ တရုတ် ခရီးစဉ် အတွက် နှစ်ဖက်စလုံးက ပြင်ဆင်နေကြပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ ခရီးစဉ် အတွက် တရုတ်၏ တောင်းဆိုထားချက် ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား မှတ်ပုံတင်ခွင့် ပြုရန် စစ်ကောင်စီ၏ ရုပ်သေး ရွေးကော် ကို လျို့ဝှက် ညွှန်ကြား လိုက်သည်ဟု ဘီဘီစီ သတင်း တွင် ပါရှိလာသည်။
တရုတ် ဖက်မှ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့် ရမရ ကိုမူ စောင့်ကြည့်ရမည် ဖြစ်သည်။ ထိုအချက် နှစ်ချက်သည် မင်းအောင်လှိုင်အား တရုတ်ပြည်သို့ လာရောက်ခွင့် ပြုရေး အတွက် တရုတ်ဖက်မှ အဓိက တောင်းဆိုထားချက် ဖြစ်သည်။
ထိုသတင်း သည် အမှန်ဟု ယူဆရမည် ဆိုက မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အား NLD မပါပဲ နှင့် လုပ်သွားမည် ဆိုက နိုင်ငံတကာ၏ ယုံကြည် လက်ခံမှုသည် သုံည အောက်သို့ပင် ထိုးကျသွားမည်ကို တရုတ်က သဘောပေါက်ထားပြီး ဖြစ်သည်။ ထိုရွေးကောက်ပွဲ အတွက် ဒေါ်အောင်ဆန်းစုကြည်၏ blessings ရလေမလားဟု တရုတ်က ကြားဝင်လို၍ ဖြစ်သည်။
တရုတ်ပြည်သို့ လာခွင့်ရမည် ဆိုလျင် မိခင်အရင်းကိုပင် ရောင်းစားရန် ဝန်မလေးသည့် မင်းအောင်လှိုင် အဖို့က ဝန်လေးမည် မဟုတ်၊ ထိုအချက် နှစ်ချက် ကိုပင် ၎င်း လူရာဝင်ဖို့ အလဲအလှယ် လုပ်ရန် ကုတ်ကပ် ဖက်တွယ်ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ရွေးကောက်ပွဲ ဝင်ရန် NLD က ဆုံးဖြတ်သည် ဆိုစေဦး လူထု ဖယ်ကျဉ် ခြင်း ခံထားရသည့် ပေါက်ပန်းဈေး renegade များသာ ဖြစ်၍ မည်သို့မျှ ထိခိုက်လိမ့်မည် မဟုတ်ဆိုသည်ကိုလည်း သိထားပြီး ဖြစ်သည်။
မင်းအောင်လှိုင်သည် ရှမ်းမြောက်ဒေသ၏ တစိတ်တပိုင်းကို ပြန်ရနိုင်မည် ဆိုလျင် တရုတ်ပြည်သို့ ခေါင်းမော့ရင်ကော့ပြီး သွားနိုင်မည်ဟု တွက်ဆထားသူ ဖြစ်သည်။ ယခုအခါ လားရှိုး၊ နမ်ဆန်၊ နောင်ချို မြို့များကို ဒလစပ် ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။
မင်းအောင်လှိုင် အတွက် မျက်နှာပျက်စရာ ဖြစ်လာရသည် က တရုတ်ပြည် ခရီးစဉ် မတိုင်မီ နှင့် ရောက်နေစဉ် အတွင်း နောက်ထပ် စစ်တိုင်းဌာနချုပ် တခု လက်လွှတ်ရတော့မည့် အရေး နှင့် ကြုံလာရဖို့ ရှိနေခြင်းပင် ဖြစ်သည်။
ယခုအခါ အာရက္ခ တပ်တော်သည် အမ်း မြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အဝင်အထွက် လုပ်နိုင်သည့် အဝေးပြေး လမ်းများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ အပြီးအပိုင် သိမ်းယူ နိုင်ဖို့သည် နေ့လားညလား နီးကပ်လာနေပြီ ဖြစ်သည်။
တရုတ်ဖက်က ကိုယ့် တာဝန် ကိုယ် ကျေပြွန်စွာ ထမ်းရွက်ပေးသည့် အနေဖြင့် နောက်ဆုံး လက်ကျန် မူဆယ်၊ မိုင်းလား ဂိတ်များကို ပိတ်ဆို့လိုက်ပြီ ဖြစ်၍ နယ်စပ် ကုန်သွယ်ရေး လုံးဝ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။
စစ်ကောင်စီ ဒု ခေါင်းဆောင် စိုးဝင်းကလည်း တိုင်းရင်းသား အဖွဲ့များ အခွန် အကောက် ရနေသည့် ၎င်း အခေါ် "တရားမဝင်ကုန်သွယ်နေမှု များ" ကို ပိတ်ပစ်ရမည်ဟု မကြာခင်က ပြောခဲ့ပြီး ဖြစ်သည်။
ဗိုလ်နေဝင်းသည်လည်း တချိန်က နယ်စပ် မှောင်ခို ဈေးကွက် ဖြင့် ကေအင်ယူ တို့ ရရှိနေသော ဘီလီယံ နှင့် ချီ၍ ရှိနေသော ကျပ် ငွေ များကို စက္ကူစုပ်များ ဖြစ်သွားရန် တရားမဝင် တော့ဟု ကြေညာလိုက်ခြင်းဖြင့် လူထု အုံကြွမှု ကြီး ဖြစ်လာခဲ့ရသည် မဟုတ်ပါလော။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် တရုတ်တို့၏ မြန်မာ စစ်အာဏာပိုင်များ နှင့် ဆက်ဆံရေး တွင် လိုအပ်လျှင် ထိုးကြွေးရန် လက်သပ်မွေးထားသော expendable အဆင့် နယ်ရုပ်ကလေး များ ထက် မပိုသည်ကို ရှင်းလင်းစွာ သဘောပေါက် လောက်ပြီ ဖြစ်သည်။
တရုတ်၏ လုပ်ရပ်ကြောင့် ပြည်တွင်း လူသုံးကုန် ပစ္စည်းများ ရှားပါးလာကာ အဆမတန် ဈေး နှုန်းမြင့်တက်လာတော့မည် ဖြစ်သည်။
လာအို နိုင်ငံသို့ပင် အလုပ်သမား များ စေလွှတ် နိုင်ရန် စစ်ကောင်စီ နှင့် လာအို အကြား စာချွန်လွှာလက်မှတ် ရေးထိုး ရသည့် အဆင့် ထိ ထိုးကျလာနေပြီ ဖြစ်သည်။
မြို့ကြီးများကို သာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တော့သည့် မင်းအောင်လှိုင်မှ လေတပ် အားကိုးဖြင့် နိုင်ငံ ၇၅ ရာနှုန်းကို ပြန်လည် ထိန်းချုပ် နိုင်ရန် နိုင်ဖို့ မျှော်လင့်ချက် မရှိသော စစ်ပွဲကို ပေကပ် တိုက်ခိုက်နေမှု ကြောင့် နိုင်ငံသည် တဖြေးဖြေး နှင့် လုံး ပါး ပါးလာနေပြီ ဖြစ်သည်။
ရှူံးမဲ မဲကာ နိုင်ငံ အနှံ့ အကြမ်းဖက်လာမှု များကြောင့် ဇူလိုင်လ မှစ၍ သုံးလ အတွင်း အရပ်သား ပြည်သူ ၁,၀၄၄ ဦး သေဆုံးခဲ့ပြီး ၁,၃၈၃ ဦး ဒဏ်ရာရရှိခဲ့ရသည်ဟု ဉာဏ်လင်းသစ် သုတေသန အဖွဲ့၏ ထုတ်ပြန်ချက် အား ကိုးကား၍ ဒီဗီဘီ သတင်းတွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!