လက်ရှိ မြန်မာ အကျပ်အတည်းကို ဖြေရှင်းရန် စိတ်အားထက်သန်နေသည်ဟူ၍ တရုတ် နှင့် အာဆီယံ အဖွဲ့သာ ရှိပေသည်။
အနောက်အုပ်စု မှ မင်းအောင်လှိုင် နှင့် အဖွဲ့ ဆက်၍ အာဏာ တည်မြဲနေသရွေ့ မြန်မာ အရေးသည် မည်သို့မျှ ဖြေရှင်း၍ ရနိုင်မည် မဟုတ်ဟု ယူဆထားကြ၍ အာဆီယံ၏ အားလုံ ပါဝင်ရမည် ဆိုသောချဉ်းကပ်မှု ကို လက်ရှောင်နေကြသည်။
တရုတ်သညိ စစ်ဗိုလ်ချုပ်များ မောက်မာလာသည်၊ ၎င်းတို့ကို ကျော်ကာ ရုရှားဖက် ကပ်လာသည်ဟု ယူဆက တဖက်ကို မြှောက်ပေးသည်၊ မြှောက်ပေး၍ တဖက်က နိုင်ခြေ ရှိလာက ပြန်၍ ဖိနှိပ်ပြီး စစ်ခေါင်းဆောင်များ နှင့် ပြန် လုံးပြန်သည်၊ ထို မူဝါဒ နှင့်ပင် မော်စီတုံး ကွယ်လွန် အပြီး မြန်မာအား ကြိုးကိုင်ခဲ့ကြသည်။
မင်းအောင်လှိုင် နှင့် အဖွဲ့သည် လက်ရှိ တော်လှန်ရေး အား လုံးဝ အောင်ပွဲ ခံနိုင်ရေးအား ၎င်းတို့ အတွက် သေရေးရှင်ရေး ဟု ယူဆထားပြီး ဖြစ်သည်။
ထိုလမ်းကြောင်းမှ သွေဖီသွားနိုင်မည့် မည်သည့် ပုံစံနှင့်မျှ ဆွေးနွေးရေး၊ ယာယီ အပစ်ရပ်စဲရေး၊ လူသားချင်းစာနာမှု အကူအညီ ပေးရေး စသည်တို့အား လက်ခံမည် မဟုတ်၊ ၎င်းတို့ စစ်ပွဲ အား အခြားနည်းလမ်း ဖြင့် ဆက်၍ ဆင်နွှဲနိုင်မှသာ လက်ခံမည် ဖြစ်သည်ဟု မြန်မာ အရေး လေ့လာသူ အီဂေါ ဗလာစီဗစ်က ဧရာဝတီ တွင် ဆောင်းပါး ရေးသားလာခဲ့သည်။
လက်ရှိတွင် မင်းအောင်လှိုင် အတွက် အချိန်သည် ရှားပါးကုန် ဖြစ်လာနေသည်။ ၎င်း၏ အကြမ်းဖက် လုပ်ရပ် များအတွက် နောက်က ငွေ လိုက်ဖို့ လိုနေသည်၊ ဒရုန်းများ၊ လေယာဉ်များ ပြုပြင် မွမ်းမံစရိတ်၊ အသစ်ထပ်ဝယ်ရေးများ လိုအပ်လာနေသည်။ ၎င်းတို့ အတွက် ငွေရ ရာ ရကြောင်းလမ်းများ တဖြေးဖြေး ကျဉ်းမြောင်းလာနေပြီ ဖြစ်သည်။
စစ်ကိုင်း၊ မကွေး နှင့် မန္တလေး တွင် ပြည်သူ့ကာကွယ်ရေး တပ်များ ကို ၎င်းစိတ်အထင် အပြီးအပိုင် ချေမှုန်း နိုင်ရန် လောလောဆယ် တိုင်းရင်းသား တပ်များ နှစ် အပစ်ရပ်ဖို့ ကြားဝင်ပေးရန် တရုတ် နှင့် လက်ဝါးချင်း ရိုက်နေသည်၊ ရွေးကောက်ပွဲ မတိုင်ခင် ထိုသို့ လုပ်နိုင်လျင် တိုင်းပြည် အား ပုံမှန် အနေအထား နီးပါး ပြန်ရောက်နိုင်အောင် လုပ်နိုင်မည်ဟု တရုတ်အား မက်လုံးပေးထားသည်။ ယခင် ပဲခူး ရိုးမ တကျော အခိုင်အမာ ခြေကုပ်ယူထားသည့် ဗမာပြည် ကွန်မြူနစ် ပါတီ ကိုပင် မောင်းထုတ် နိုင်ခဲ့သည်ကို စိတ်ကူးယဉ် နေသူ ဖြစ်သည်။
ရွေးကောက်ပွဲ ဆိုသည်က ၎င်းအတွက် အချိန်ထပ်ရဖို့ နှင့် နိုင်ငံတကာ၏ အသိအမှတ်ပြု ခံရလို ခံရငြား လုံးပမ်းနေခြင်းမျိုးသာ ဖြစ်သည်။
လောလောဆယ် တွင် အာဆီယံ သည် အချက် ငါးချက်ကို မဆိုထားဘိ ဆွေးနွေးပွဲ ဖြစ်မြောက်အောင်ပင် အချင်းချင်း ဆွေးနွေးနေရဆဲ ဖြစ်သည်။ တရုတ်မှ မင်းအောင်လှိုင်ဖက်မှ ဗြောင်ကျကျ ရပ်တည် ပေးလာသည့် အတွက် မင်းအောင်လှိုင် အဖို့ အာဆီယံ အား အဘယ်သို့များ အရေးစိုက်ဖို့ လိုပေမည်နည်း။
အာဆီယံ နှင့် ကုလ သမဂ္ဂသည် ယခုထိ အားလုံး ပါဝင် သော ဆွေးနွေးပွဲ ဖြစ် မြောက်သွားလျင် တိုင်းပြည်သည် ငြိမ်းချမ်းသွားမည်ဟု ထင် ယောင် ထင်မှား ဖြစ် နေဆဲပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် စစ်ကောင်စီ မပါဘဲ အားလုံး တွေ့ဆုံ ဆွေးနွေးနိုင်ရေးကို ဖြစ်မြောက်အောင် လုပ်ပေးဖို့သာ လိုသည်ဟု အီဂေါ ဗလာစီဗစ်က ထောက်ပြထားသည်။
ထိုင်း၊ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဓိယ နှင့် ဩစတေးလျှ တို့မှ စစ်ဗိုလ်ချုပ်များထံ ငွေများ စီးဝင်မလာအောင်နှင့် လေယာဉ်ဆီများ ရောက်မလာအောင် ဟန့်တားပေးရမည်၊ အိန္ဒိယ အနေဖြင့် လက်နက်များ နှင့် စစ်ဖက်-အရပ်ဖက် တွဲသုံးနိုင်သည့် ပစ္စည်းများ ရောင်းချ ပေးနေခြင်းကို ရပ်ဆိုင်းရမည့် အပြင် ရွေးကောက်ပွဲ အား အသိအမှတ် ပြုမည် ဟု အရိပ်အယောင်ပြ ပြောဆိုနေခြင်းကို ရှောင်ရှားရမည်။ ဘင်္ဂလားဒက်ရှ်၊ ထိုင်း တို့ နှင့် ပူးတွဲ၍ နယ်စပ် ဒေသများ အား ဖြတ်၍ လွတ်မြောက်နယ်မြေ များ အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးဖို့ လိုအပ်နေသည်။
ခြောက်လ အတွင်း ထိုသို့ လုပ်နိုင်မည် ဆိုက မင်းအောင်လှိုင်သည် ၎င်း အပေါ် မကျေမနပ် ဖြစ်လာသော ဗိုလ်ချုပ်များ၏ ဖယ်ရှားခြင်း ခံရတော့မည် ဖြစ်သည်။ ၎င်းအဖို့ ပြည်ပသို့ ထွက်ပြေးရခြင်း၊ ဆူဒန် ခေါင်းဆောင် အိုမာ အယ် ဘာရှီရားကဲ့သို့ ထောင်သွင်း အကျဉ်းချ ခံရခြင်း သို့မဟုတ် အသတ်ခံရသည် အထိ ဖြစ်သွားနိုင်သည်ဟု အီဂေါ ဘလာစီဗစ်က ဆိုသည်။
ထိုအခါမှသာ စစ်တပ် နှင့် တော်လှန်ရေး အင်အားစု များ အကြား ဆွေးနွေးဖို့ ဖြစ်လာနိုင်သည်။
မင်းအောင်လှိုင် နှင့် လက်ရှိ စစ်ကောင်စီ အား နိုင်ငံရေး ဖြေရှင်းချက် တခုခု တွင် ထည့်သွင်းထားမည် ဆိုက လူထု အပေါ် အကြမ်းဖက် တိုက်ခိုက်နေမှုများ မည်သည့် နည်း နှင့် မျှ ဆုံးခန်းတိုင်နိုင်စရာ အကြောင်းမရှိပေ။ မြန်မာပြည်သူများ အဖို့လည်း ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်နိုင်ရန် စစ်ပွဲကို မဖြစ်မနေ ဆက်၍ ဆင်နွှဲသွားရတော့မည် ဖြစ်သည်ဟု အီဂေါ ဘလာစီဗစ်က ရေးသားထားသည်။
ယခုလို မင်းအောင်လှိုင် နှင့် အဖွဲ့ မရှုနိုင် မရှိုက်နိုင် ဖြစ်ကာ တရုတ်ဩဇာခံ ဘဝ လုံးလုံးလျားလျား ရောက်သွားရသည်ကလည်း ပြည်သူများ၏ မဆုပ်မနစ် ခုခံ တွန်းလှန် တိုက်ခိုက်နိုင်သော ကြောင့်ပင် ဖြစ်သည်။
ပြည်သူ ဘက်တော်သားများ ခုခံ တွန်းလှန် တိုက်ခိုက်နေမှုများ အား ဘေးမှ ရပ်ကြည့်ကာ အသံတိတ် နေသူများက အချိန်ကြာလာသည့် အခါ ၎င်းတို့ စီးပွား ၎င်းတို့ အေးအေးလူလူ ရှာစားခွင့် ရရန် စစ်ပွဲ ကို အဆုံးသတ်မှ ဖြစ်မည်ဟု အသံ ထွက်လာကြသည်။ ၎င်းတို့ ဖက်က အဘယ်သို့သော ပုံစံမျိုး ဖြစ်စေချင်သည်ကိုတော့ တဦးတလေမျှ ရဲရဲဝံ့ဝံ့ ပြောဆိုရဲသည်ကို တော့ မတွေ့ရသေးပေ။
ကျဆုံးသွားကြသည့် ပြည်သူ ငါးထောင်ကျော် ၏ မျက်နှာ ထောက်ရကောင်းမှန်း မသိစစ်ကျွန် ဘဝ တွင် နေလာရသည်ကို ထိခိုက်၍ ထိခိုက်မှန်း မသိလောက် အောင်ပင် တမ်းတအသားကျ နေကြသူများသာ ဖြစ်သည်ဟု ဆိုရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!