လေယာဉ် ဖြင့် လိုက်မည့် ခရီးသည်များ စာရင်းကို လက်တွင် ကိုင်ကာ အမည်များကို ခေါ်ရင်း ရှေ့သို့ ထွက်လာစေပြီး ဘတ်စ်ကား ပေါ် တက်ခိုင်းလိုက်သည်။ အားလုံးလည်း ကျွန်တော် မှာထားသည့် အတိုင်း လူတကိုယ်စာ အလွယ်တကူ သယ်နိုင်သည့် ခရီးဆောင် အိတ်များ ဆွဲကာ ထွက်လာကြသည်။ ကလေးများ၏ လက်ထဲတွင် စောင်များ၊ အရုပ်များ ပိုက်လာကြသည်။
ဘွန် မိသားစုသည် နောက်ဆုံးမှ တက်ကြသည်၊ ဘွန်သည် ဇနီးဖြစ်သူ လင်း ၏ တတောင်ဆစ်ကို ကိုင်၍ ကပ်လိုက်လာပြီး၊ လင်းက ဒပ် ၏ လက်ကို ဆွဲထားသည်။ ဒပ်သည် သူ့ဖာသာ လမ်းလျှောက်နိုင်သည့် အရွယ်ရောက်နေပြီး လက်ထဲတွင် ကျွန်တော် အမေရိကား မှ အပြန် အမှတ်တရ ပေးထားသည့် ယို-ယို ဘောလုံး အဝါ လေး ကို ကိုင်ထားသည်။ ကျွန်တော်က ကလေးကို အလေးပြုလိုက်သည်။ သူက မျက်မှောင်ကြုပ်လိုက်ပြီး အမေ့လက်မှ ရုန်းထွက်ကာ ကျွန်တော်အား ပြန် အလေးပြု နေပြန်သည်။
ကျွန်တော်က လူစုံပြီဟု ဗိုလ်ချုပ်ကြီးအား ပြောလိုက်သည်။ ဗိုလ်ချုပ်က သောက်လက်စ စီးကရက်ကို ဖိနပ် နှင့် နင်းခြေလိုက်ရင်း ဒါဆို သွားကြတာပေါ့။
ဗိုလ်ချုပ်ကြီးက သူ့နောက်ဆုံး တာဝန် တရပ် အဖြစ် အိမ်တော် ထမင်းချက်၊ ကလေးထိန်းများ နှင့် ဝန်ထမ်းများအား လိုက်လံ နှုတ်ဆက်လိုက်သည်။ အချို့က တပါတည်း ခေါ်သွားရန် တောင်းပန် တိုးလျိုး ခဲ့ကြသေးသော်လည်း မဒမ်က ဗိုလ်ချုပ်ကြီး လက်ထောက် အရာရှိများ အတွက် အကုန်အကျ ခံထားပြီး ဖြစ်၍ ထပ် မခေါ်နိုင်တော့ဟု ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။
ထိုအထဲမှ ဗိုလ်ချုပ် တယောက်က သူ့ အတွက် ရထားသည့် ထိုင်ခုံ နေရာကို ဈေးအမြင့်ဆုံး ပေးသူကို ရောင်းပြီး ကျန် နေရစ်သည်ကို ကျွန်တော် သိထားပြီး ဖြစ်သည်။ ယခုအခါ တွင်တော့ မဒမ်ပါ ဝန်ထမ်းများ နှင့် အတူ ရောကာ မျက်ရည်များ တွေတွေ ကျနေပြီ ဖြစ်သည်။ ထိုအထဲတွင် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ထမင်းချက် ကြီးတော့ မပါ၊ သူသည် သာမန် စစ်သား ဘဝတည်းက အရာခံ ဗိုလ်သာ ရှိသေးသော ဗိုလ်ချုပ်ကြီး ထံတွင် အမှုထမ်းနေသူ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး ပြင်သစ်တို့ ဒိန်ဗင်ဖူး ခံတပ်ကြီး လက်လွှတ်လိုက်ရသည့် အချိန်ကတည်းက စစ်ထဲ ရောက်နေကြပြီ ဖြစ်သည်။
ဘတ်စ်ကား လှေကားထစ်များပေါ်တွင် ရပ်နေသော ဗိုလ်ချုပ်ကြီးသည် လည်ပင်း တွင် မာဖလာ ပတ်ထား သော ထမင်းချက်ကြီး နှင့် မျက်လုံးခြင်း မဆုံမိအောင် ခေါင်းကို ငုံ့ထားရင်းက ဦးထုပ်ကို လက်က ကိုင်ပြီး I am sorry ဟု ပြောလိုက်သည်။ ဤသည်က သူ့မိန်းမမှ လွဲ၍ ဗိုလ်ချုပ်ကြီးသည် အခြား လူတဦး ကို တောင်းပန်သည်ကို ကျွန်တော် ပထမဦးဆုံး အကြိမ် ကြားဖူးခြင်းလည်း ဖြစ်သည်။
မင်းဖက်က ငါတို့ အပေါ် တာဝန်ကျေခဲ့သလောက် ငါတို့ဖက်က တာဝန် မကျေခဲ့ဖူးကွာ၊ မင်းတို့ အတွက် ဘာ အန္တရာယ်မှ ရှိမလာနိုင်ဖူး၊ အိမ်ထဲက ကြိုက်တာသာ ယူသွားကြ၊ တယောက်ယောက်က မေးလားမြန်းလား လုပ်လာရင် ငါ့ကို မသိဖူး၊ ငါ့ဆီမှာလည်း မလုပ်ခဲ့ဖူးဘူး လို့သာပြော၊ ငါ့ အနေနဲ့ ကတိပေးနိုင်တာ ဆိုလို တိုင်းပြည်အတွက် ငါ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်၊ ဒါကို ဘယ်တော့မှ လက်မလျော့ဘူး ဆိုဝာာပဲ။
ထိုသို့ ပြောရင်း ဗိုလ်ချုပ်ကြီးသည် မျက်ရည်များ တတွေတွေ စီးကျလာ၍ ကျွန်တော်က လက်ကိုင်ပုဝါကို ထုတ်ပေးလိုက်ရသည်။ ထို့နောက် ဗိုလ်ချုပ်ကြီးလည်း ဘာစကားမှ ဆက်မပြောနိုင်တော့၊ ထမင်းချက်ကြီးက ကျွန်တော် အနေနဲ့ တခုပဲ တောင်းဆိုချင်ပါတယ်၊ ဘာများလဲ ဟု ဗိုလ်ချုပ်ကြီးက မေးလိုက်သည့်အခါ ဗိုလ်ချုပ်ကြီးရဲ့ ပစ္စတို ပါ၊ ဒါမှ ကျွန်တော်ကို ကျွန်တော် ပစ်လို့ရမှာ။
ဗိုလ်ချုပ်ကြီးက ခေါင်းကို ခါရမ်းပြီး ကျွန်တော့် လက်ကိုင်ပုဝါ နှင့် မျက်ရည်များ သုတ်လိုက်ရင်းက မောင်ရင် ဒီလို မလုပ်နဲ့လေ၊ ကိုယ့်အိမ် ကိုယ် ပြန်နေပြီး ငါ ပြန်လာတာကို သာ စောင့်နေစမ်းပါ၊ အဲ့ကျရင် ငါ မင်းကို ပစ္စတို ပေးမယ် ဟုတ်ပြီလား။
ထမင်းချက်ကြီးက ဗိုလ်ချုပ်ကြီးအား အလေးပြုလိုက်သည်။ ဗိုလ်ချုပ်ကြီးက လက်နှင့်သာ အသိအမှတ် ပြုကြောင်း ပြန်ပြခဲ့သည်။
ကျွန်တော်အဖို့က ထို နေ့မှစ၍ ဗိုလ်ချုပ်ကြီး အကြောင်း ဘယ်သူတွေ ဘာပဲ ပြောနေကြစေကာမူ သူ့ ပြောခဲ့သည် မှန်သမျှ ကို စိတ်ထဲက တကယ်ယုံကြည်၍ ပြောသည့် ရိုးသားသူ တဦး ဖြစ်သည် ဆိုသည်ကို ကျွန်တော် ကျမ်းကျိမ် ပြောနိုင်သည်ဟု မှတ်ယူ လိုက်ပြီ ဖြစ်သည်။ အကယ်၍ သူ ပြောခဲ့သည်များ သည် အမှန်တရား နှင့် ကင်းဝေး နေသည့်တိုင် လုပ်ကြံ ပြောချင်း မျိုး မဟုတ်ဘဲ သူလိုငါလို စိတ်ထဲ ယုံကြည်ထားသမျှ ပြောခဲ့ခြင်းမျိုး သာ ဖြစ်သည်။
မဒမ်သည် ဒေါ်လာ များကို စာအိတ်နှင့် ထည့်၍ ဝန်ထမ်းများကို လိုက်လံဝေငှ ပေးနေသည်၊ လုပ်ရသည့် အလုပ် အပေါ် မူတည်၍ စာအိတ် အထူအပါး တော့ ကွဲပြားသည်။ ဗိုလ်ချုပ်ကြီးက ကျွန် တော့် လက်ကိုင်ပုဝါကို ပြန်ပေးပြီး မဒမ်အား စီထရန် ကား ရှိရာသို့ ခေါ်သွားသည်။
ကားကို နောက်ဆုံးအကြိမ် မောင်းခွင့် ရတော့မည် ဖြစ်၍ ဗိုလ်ချုပ်ကြီးက သူကိုယ် တိုင် ဒရိုင်ဘာခုံတွင် ဝင်ထိုင်လိုက်ပြီး သားရေဖုံး စွပ်ထားသော စတီယာရင် ကို လှည့်ကာ ဘတ်စ်ကား နှစ်စီး ရှေ့မှာ ဦးဆောင်ပြီး မောင်းထွက်လာခဲ့သည်။
ကျွန်တော်က ဗိုလ်ချုပ်ကြီး နောက်က ဘတ်စ်ကားဖြင့် လိုက်လာခဲ့သည်၊ ဤသည်ကလည်း ဒရိုင်ဘာ လေဆိပ်သို့ အသွား ကြားတွင် လမ်းပျောက်မသွားစေရန် လိုက်သွားဟု ကလော့ဒ်က ပြောထားခဲ့၍ ဖြစ်သည်။
ကားပေါ်သို့ မတက်မီ ကျွန်တော်သည် ဂိတ်ဝ မှနေ၍ အိမ်တော်ကြီးရှိရာသို့ နောက်ဆုံး အနေဖြင့် လှည့်ကြည့် လိုက်သည်။ ကိုယ့်ကို ကိုယ်လည်း ရာဘာ စိုက်ခင်း ပိုင်ရှင် ကော်ဆီကာ ကျွန်းသားတဦးလို ထင်လိုက်မိသည်။
အိမ်၏ ရေတံလျောက်ပေါ်မှ ထီးထီးကြီး ထိုးထွက်နေသော သက်တမ်းရင့်လျော်လှပြီ ဖြစ်သည့် မကျည်းပင်ကြီးကို လှမ်းမြင်နေရသည်။ ရှည်မျောမျော မကျည်း တောင့် များက လူသေတဦး၏ လက်ချောင်းများလို တွဲလွဲကျနေသည်။ ဝန်ထမ်းများကတော့ အိမ်တော် လှေကားထစ်တွင် ရပ်ကြည့်နေကြဆဲပင် ဖြစ်သည်။
ကျွန်တော်က လက်ပြ နှုတ်ဆက်လိုက်သည့် အခါ သူတို့လည်း ဘာရယ်မဟုတ် လက်တဖက်က မဒမ် ပေးထားသည့် စာအိပ်များကို ကိုင်ရင်း ကျန်တဖက် နှင့် လက်ပြန်ပြကြသည်။ လရောင်အောက်တွင် ဘယ်ဆီသွားရမယ်မှန်း မသိသည့် လက်မှတ်များ ကိုင်ထားသည့် အလား ကျွန်တော့်စိတ်တွင် ထင်မြင်လာမိသည်။