(ယူဗား နိုး ဟာရာရီ သည် ‘Saipens’, ‘Homo Deus’ နှင့် ’21 lessons for the 21st Century’ စာအုပ်ကြီးများကို ရေးသားခဲ့သော ထင်ရှားသည့် တွေးခေါ်ပညာရှင် တဦးဖြစ်သည်။ ၎င်း၏ ဆောင်းပါးအား ဗြိတိန် ရှိ Financial Times သတင်းစာကြီး တွင် မတ်လ ၂၀ ရက်နေ့၌ ဖေါ်ပြထားသည်ကို ပြန်လည် တင်ပြပါသည်။)
ယခုအခါ မနုဝင် မျိုးနွယ်စုတို့သည် အကြပ်အတည်းကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ကျွနုပ်တို့ ရှင်သန်နေထိုင်ခဲ့ရသည့် နှစ်များအတွင်း အပြင်းထန်ဆုံး သော အကြပ်အတည်းကြီးဟု ဆို၍ရပေသည်။ ယခုအခါ လူထု နှင့် အစိုးရများ ဆုံးဖြတ်ဆောင်ရွက်နေကြမှုများသည် နောက် နှစ်ပေါင်းများစွာ မည်သို့သော အနေအထားမျိုး နှင့် ကျွနုပ်တို့ ဤကမ္ဘာ မြေကြီးပေါ်တွင် ဆက်လက် ရှင်သန်နေထိုင်သွားရမည် ကို ပုံဖေါ်ပေးကောင်း ပေးလာနိုင်ပေသည်။
ကျွနုပ်တို့၏ ကျန်းမာရေး စောင့်ရှောက်မှု များသာမက စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု စနစ်များကို အသစ်တဖန် ပုံဖေါ်ပေးလာပေတော့မည်။ ကျွနုပ်တို့ အဖို့ ပြတ်ပြတ်သားသား နှင့် အလျှင်အမြန် ဆောင်ရွက်ကြရဖို့သာ ရှိပေသည်။ မိမိတို့ ဆုံးဖြတ် ဆောင်ရွက်ခဲ့မှုအတွက် ရေရှည်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း ထည့်သွင်းစဉ်းစားကြရပေလိမ့်မည်။ သို့သော် မည်သို့မည်ပုံ ဟု ဆိုသည်များထဲမှ တခုခု ကို ရွေးချယ်ရဖို့ ဖြစ်လာသည့် အခါ လတ်တလော ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုကြီးကို မည်သို့မည်ပုံ ကျော်လွှားကြပေမည်နည်း ဆိုသည်သာ မက အဆိုပါ မုန်တိုင်းကြီး လွန်မြောက်သွားပြီးနောက်ပိုင်းတွင် မည်သို့သော ပုံစံမျိုး ဖြင့် ဆက်လက်နေထိုင်သွားကြမည်နည်း ကိုပါ ရွေးချယ်ကြရပေမည်။
မုန်တိုင်းက သေချာပေါက် ပြီးဆုံးသွားမည်သာ ဖြစ်ပြီး မနုဝင်များလည်း အသက်ရှင်သန် ကျန်ရစ်ခဲ့ကြပေဦးမည်သာ။ ကျွနုပ်တို့ အများစုသည်လည်း ရှိနေကြဦးမည်သာပင်။ သို့သော် ဆက်လက်နေထိုင်သွားကြရမည့် ကမ္ဘာကြီးမှာ ပြောင်းလဲသွားပေတော့မည်။
ရေတိုကာလအတွက်ဟု ဆိုကာ အရေးပေါ် ချမှတ်ထားသော အစီအမံများသည် နေ့တဒူဝ ကိစ္စမျိုး ဖြစ်လာနိုင်သည်။ အရေးပေါ် ဆိုသည့် သဘာဝ ကို မည်သူလွန်ဆန်နိုင်ပေမည်နည်း။ သမိုင်း ၏ တရွေ့ရွေ့ နှင့် ဖြစ်ပေါ်ပြောင်းလဲမှုများအား ဗွီဒီယို ကားများကဲ့သို့ ရှေ့ကို ရစ်ပြီး အမြန် ကျော်ကြည့်သလို မြင်တွေ့ကြရပေတော့မည်။ ပုံမှန် ကာလများတွင် နှစ်ပေါင်းများစွာ ဆွေးနွေးငြင်းခုံပြီးမှ ဆုံးဖြတ်ခဲ့မှုများသည် ယခုအခါ နာရီပိုင်း နှင့်ပင် ပြီးစီးသွားခဲ့ပေသည်။ အညွန့်တလူလူ ထွက်ပေါ်ကာစသာရှိသေးပြီး ပို၍ အန္တရာယ် ပေးနိုင်မည့် နည်းပညာများကိုလည်း အတင်းအကျပ် အကောင်အထည် ဖေါ်လာကြသည်။ ဘာမှ မလုပ်သည့် အန္တရာယ်က ပိုမို ကြီးမားနေသဖြင့် ချေးများနေ၍ မရတော့။ နိုင်ငံများ အားလုံးသည် ယခုလို ကြီးမားသော အတိုင်းအတာ နှင့် စမ်းသပ်မှုများ၏ အစေစားခံများ ဖြစ်လာနေရသည်။
လူတိုင်းသည် အိမ်မှသာ အလုပ်လုပ်ကြပြီး တဦးနှင့်တဦး ခပ်ခွာခွာသာ နေကာ ဆက်သွယ်ကြမည်ဆိုလျှင် ဘာတွေ ဖြစ်လာပေမည်နည်း။ ကျောင်းများနှင့် တက္ကသိုလ်များ အားလုံးကို အွန်လိုင်းမှသာ သင်ခန်းစာများ ပို့ချသွားတော့မည် ဆိုပါက ပုံမှန် အခြေအနေများတွင် အစိုးရများ၊ လုပ်ငန်းရှင်များနှင့် ပညာရေး ဘုတ်အဖွဲ့များသည် ထိုကဲ့သို့ စမ်းသပ်မှုမျိုးကို မည်သည့်နည်းနှင့် မျှ သဘောတူကြမည် မဟုတ်ပေ။ သို့သော် ယခုအခါ သည် ပုံမှန် အချိန်မျိုး မဟုတ်ပေ။
ယခုလို ကမ္ဘာတဝှမ်း အကြပ်အတည်းကြီးနှင့် ရင်ဆိုင်နေရချိန်မျိုးတွင် ကျွန်ုပ်တို့သည် သိသိသာသာ အရေးပါသော အကြောင်းချင်းရာ နှစ်ရပ်ကို ရွေးချယ်ကြဖို့ ဖြစ်လာသည်။ ပထမ အကြောင်းချင်းရာသည် အာဏာရှင်ဆန်လှသည့် စောင့်ကြည့် ထောက်လှမ်းနေမှုများ နှင့် လူထုအား လုပ်ပိုင်ခွင့် အာဏာ လွှဲပြောင်းပေးမှု တွင် မည်သည်ကို ရွေးချယ်ပေမည်နည်း။ ဒုတိယကား မိမိတို့ လူမျိုး ကိုသာ ကွက်ကွက်လေးကြည့်ပြီး တကိုယ်တည်း ရင်ဆိုင်မည်လော၊ သို့မဟုတ် ကမ္ဘာကြီးနှင့် သွေးစည်းညီညွတ်စွာ လက်တွဲ တွန်းလှန်သွားမည်လော ဆိုသည်တို့ ဖြစ်သည်။
အရေပြားအောက်ထောက်လှမ်းမှု
ယခုလို ကပ်ရောဂါဆိုးကြီး ပျံ့နှံ့နေမှုကို ရပ်တန့်နိုင်ရန် အလို့ငှာ လူ့အနွယ်ဝင် အားလုံးသည် သတ်မှတ်ထားသော လမ်းညွှန်ချက်များကို လိုက်နာကြရမည် ဖြစ်သည်။ အောင်မြင်မှုရှိရန် အဓိက နည်းလမ်းကြီး နှစ်ခု ရှိနေပေသည်။ ပထမနည်းလမ်းသည် အစိုးရများမှ မိမိတို့ နိုင်ငံသားများကို စောင့်ကြည့်ပြီး လမ်းညွှန်ချက်များအား ချိုးဖောက်သူများကို အပြစ်ဒဏ် ပေးသည့်နည်း ဖြစ်သည်။ ယခုအခါ လူသားတို့၏ သမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ နိုင်ငံသားတိုင်းအား စောင့်ကြည့်နိုင်မည့် နည်းပညာများ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ငါးဆယ်လောက် က ဆိုမူ ကေဂျီဘီ သည် ဆိုဗီယက် နိုင်ငံသား သန်းပေါင်း ၂၄၀ အားလုံးကို မည်သည့်နည်းနှင့်မျှ နှစ်ဆယ့်လေးနာရီ ပတ်လုံး စောင့်ကြည့်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် နိုင်ငံသား အားလုံး နှင့် ပတ်သက်သော သတင်းအချက်အလက်များ ကိုလည်း စီစစ်နိုင်စွမ်း မရှိပေ။ ထို့အတွက် ကေဂျီဘီသည် လူသား အေးဂျင့်များ နှင့် သတင်းများ စီစစ် စိတ်ဖြာပေးရသည့် ပညာရှင်များ အပေါ် အမှီပြု လှုပ်ရှားခဲ့ရသည်။ သို့သော် နိုင်ငံသားတိုင်း သွားလေရာ ကို လူသား အေးဂျင့် သည် မည်သို့မျှ နောက်မှ တကောက်ကောက် နောက်ယောင်ခံလိုက်၍ မဖြစ်နိုင်ပြန်ပေ။ သို့သော် ယခုအခါ အစိုးရများသည် လူသား အေးဂျင့်များ အစား နေရာတိုင်းတွင် ဆင်ဆာ များ တပ်ဆင်ထားနိုင်ပြီး စွမ်းအား လွန်စွာ မြင့်မားလှသည့် အယ်ဂိုရီသမ်များ ကို အားကိုး လာနိုင်ပြီ ဖြစ်သည်။
ယခု ကော်ရိုနာ ဗိုင်းရပ်စ် စစ်ပွဲကြီးတွင် အစိုးရများသည် ထောက်လှမ်းစောင့်ကြည့်ရေး ကရိယာများကို အသုံးချလာနေပြီ ဖြစ်သည်။ အထင်ရှားဆုံး မှာ တရုတ်နိုင်ငံပင် ဖြစ်သည်။ ၎င်းတို့က လူများ၏ စမတ်ဖုန်းများ ကို နီးနီးကပ်ကပ် စောင့်ကြည့်ခြင်း၊ Face-recognizing ကင်မရာများ သန်းရာချီ၍ အသုံးပြုလာခြင်း ဖြင့် လူများအား မိမိကိုယ်တွင်းရှိ ခန္ဓာကိုယ် အပူချိန်နှင့် ကျန်းမာရေး အခြေအနေကို မဖြစ်မနေ စစ်ဆေး သတင်းပို့ခိုင်းခြင်းမျိုးဖြင့် တရုတ်အာဏာပိုင်များသည် ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်သယ်ဆောင်နေသူဟု သံသယ ရှိနေသူများကို အလျှင်အမြန် ဖေါ်ထုတ်နိုင်ခဲ့ကြသည်။ ထိုမျှသာ မကသေး ၎င်းတို့၏ လှုပ်ရှားမှုများနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ခြေရာခံနိုင်ခဲ့ကြပြန်သည်။ မိုဘိုင်း Apps များဖြင့် ရောဂါ ကူးစက်ခံထားရသူနှင့် အနီးပတ်ဝန်းကျင်ရှိ လူများကို သတိပေးနိုင်ခဲ့သည်။
ထိုကဲ့သို့သော နည်းပညာများသည် အရှေ့အာရှတွင်သာမက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နသန်ယာဟူးသည်ပင် နိုင်ငံတွင်းရှိ ထောက်လှမ်းရေး အေဂျင်စီကို အကြမ်းဖက်သမားများ အား ခြေရာခံရာတွင် သုံးသည့် ထောက်လှမ်းရေး နည်းပညာများကို ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ များအား ရှာဖွေရာတွင် သုံးရန် အမိန့်ပေးလာခဲ့သည်။ သို့သော် ထိုအရေးကို ပါလီမန်ရှိ သက်ဆိုင်ရာ ဆပ်ကော်မီတီမှ ပယ်ချခဲ့သည့် အခါ နသန်ယာဟူးသည် “အရေးပေါ် ဒီဂရီ အမိန့်” ကို သုံး၍ ကျော်လွှားနိုင်ခဲ့သည်။
ထိုသို့ ပြုလုပ်နေမှုများသည် အဆန်းတကြယ် မဟုတ်ဟု ငြင်းချက်ထုတ်ကောင်း ထုတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီ နှစ်များက စပြီး အစိုးရများနှင့် ကော်ပိုရေးရှင်းကြီးများသည် နောက်ဆုံးပေါ် နည်းပညာများဖြင့် လူများကို ထောက်လှမ်းလေ့လာပြီး ကြိုးကိုင် ချယ်လှယ်နေခဲ့ကြပြီး ဖြစ်သည်။ သို့သော် ကျွနုပ်တို့ အမှုမဲ့ အမှတ်မဲ့ နေကြမည်ဆိုလျှင် ကူးစက် ကပ်ရောဂါကြီးသည် ထောက်လှမ်းရေး သမိုင်းတွင် လွန်စွာ အရေးပါသော အလှည့်အပြောင်းကြီး ဖြစ်လာအောင် ပြောင်းလဲ သွားစေနိုင်သည်။
ယခင်က နိုင်ငံပေါင်းများစွာမှ အသုံးပြုရန် လက်မခံခဲ့ကြသည့် လူအသိုက်အဝန်းအား စောင့်ကြည့်သော ထောက်လှမ်းရေး ကရိယာ များအား နောက်ပိုင်းတွင် သမာရိုးကျ အဖြစ် အသုံးချလာနိုင်သည်။ထိုအခါ ယခင်က “အရေပြား အပြင် ထောက်လှမ်းရေး” မှ သည် “အရေပြားအောက် ထောက်လှမ်းရေး” အဖြစ် သိသာစွာ အသွင်ကူးပြောင်း လာပေတော့မည်။
ယခုအချိန်အထိတွင် သင်၏ စမတ်ဖုန်း ကို ဖွင့်၍ လင့်ခ် တခု အား နှိပ်လိုက်သည် ဆိုလျှင် အစိုးရအနေဖြင့် သင်၏ လက်ချောင်းများသည် မည်သည့် အရာကို နှိပ်လိုက်သည်ဆိုသည်အား သိချင်နေကြသည်။ သို့သော် ကော်ရိုနာဗိုင်းရပ်စ် ကြီးနှင့် အတူ အစိုးရ၏ စိတ်ဝင်စားမှုသည်လည်း ပြောင်းလဲလာခဲ့သည်။ အစိုးရသည် သင့်လက်ချောင်းများ အတွင်းရှိ အပူချိန်နှင့် သင်ခန္ဓာကိုယ်အတွင်းရှိ သွေးပေါင်ချိန် မည်မျှ ရှိသည်ကိုပါ သိချင်လာခဲ့ကြပြီ ဖြစ်သည်။
အရေးပေါ်ကာလ ပူတင်းဖုတ်နည်း အမိန့်
ထောက်လှမ်း စောင့်ကြည့်ခြင်း အပေါ် ကျွနုပ်တို့ အနေဖြင့် မည်သို့ သဘောထားကြရမည်နည်း ဆိုသည်မှာ ကျွနုပ်တို့ ရင်ဆိုင်နေရသော ပြဿနာ များထဲမှ တခုပင်ဖြစ်သည်။ ကျွနုပ်တို့ အား မည်သို့ မည်ပုံ စောင့်ကြည့်နေကြပေသနည်း၊ လာမည့်နှစ်များ အတွင်း ဘာတွေ ဖြစ်လာနိုင်ပေသနည်း ၊ ဆိုသည်တို့ကို မည်သူမျှ တိတိကျကျ ရေရေရာရာ သိရှိကြခြင်း မရှိပေ။
အဆိုပါ နည်းပညာသည် တရှိန်ထိုး တိုးတက်နေသည်။ လွန်ခဲ့သည့် ဆယ်နှစ်က စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းများသည် ယခုအခါ ခေတ်နှင့် အကျုံးမဝင်သော အကြောင်းအရာများ ဖြစ်ကုန်ကြလေပြီ။ အတွေးအမြင် ကို စမ်းသပ်မှု တခု အနေဖြင့် စိတ်ကူးကြည့်ကြပါစို့။ အကယ်၍ အစိုးရသည် လူတဦးချင်းစီ၏ ခန္ဓာကိုယ် အပူချိန်၊ နှလုံးခုန်နှုန်းကို ၂၄ နာရီ ပတ်လုံး စောင့်ကြည့်နေနိုင်ရန် ဇီဝဗေဒ အချက်အလက်များ တိုင်းတာ နိုင်သည့် လက်ပတ်တခု biometric bracelet ကို ဝတ်ထားရမည်ဟု တောင်းဆိုလာသည် ဆိုကြပါစို့။ ထွက်ပေါ်လာသော အချက်အလက်များကို စုဆောင်းပြီး အစိုးရ၏ အယ်ဂိုရီသမ်က သုတေသန ပြု ဆန်းစစ်လာကြမည်။ ထိုအခါ အယ်ဂိုရီသမ် သည် သင်ကိုယ်တိုင်ပင် မရိပ်စားမှိခင် မှာ သင်သည် ဖျားနာနေကြောင်း တွက်ချက် ထုတ်ပြလာပေမည်။ ထိုမျှသာမကသေး သင် ဘယ်ကိုသွားသည်။ ဘယ်သူနှင့်တွေ့သည် ကိုပါ သိနေပြီး ဖြစ်သည်။ ထိုအခါ ကူးစက်မှု ဆင့်ပွားဖြစ်စဉ်သည် သိသိသာသာ တိုတောင်းသွားနိုင်သည်သာမက ဖြတ်တောက်၍ရသည် အထိ ဖြစ်သွားပေမည်။ မည်သို့ဆိုစေ ထိုသို့သော စီမံလုပ်ဆောင်မှု သည် ကပ်ရောဂါ ကြီး၏ သွားရာ လမ်းကြောင်းကို ရပ်တန့်သွားစေနိုင်လောက်သည် ဟု အနည်းဆုံး ပြောဆိုနိုင်၍ သဘောကျစရာပင် မဟုတ်ပါလော။
ပြဿနာ ရှိလာရသည်မှာ ထိုသို့ ကျောချမ်းစရာ ကောင်းလှသည့် စောင့်ကြည့်ထောက်လှမ်းမှုကို တရားဝင် အဖြစ် အသိအမှတ် ပြုလာကြမည့် အရေးပင်။ ဥပမာ ပြောရမည်ဆိုလျှင် မိမိသည် CNN ၏ လင့်ခ် ကို မနှိပ်ပဲ Fox News ကို နှိပ်ကြည့်မည် ဆိုက မိမိ၏ နိုင်ငံရေး အမြင်၊ ပင်ကို စရိုက် သည် မည်သို့မည်ပုံရှိသည် ဆိုသည်ကို ရိပ်စားမိနိုင်သည်။ သို့သော် ကျွနုပ်၏ ခန္ဓာကိုယ် အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း ကို သင် စောင့်ကြည့် နေမည် ဆိုလျှင် ဗီဒီယို ကလစ် ကို နှိပ်၍ ကျွနုပ် ဘာကို သဘောကျ၍ ရယ်သည်၊ ဘာကို ဝမ်းနည်းသည်၊ ဘာတွေကို ဒေါသ ဖြစ်နေသည်ကို သင် သိရှိသွားနိုင်သည်။
ဒေါသဖြစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပျင်းရိခြင်း၊ နှစ်သက်ခြင်း များသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများလို ဇီဝဖြစ်စဉ်များပင် ဖြစ်သည်ကို သတိပြုမိဖို့ အရေးကြီးပေသည်။ ထို့အတွက် ချောင်းဆိုးခြင်းကို သိရှိနိုင်သည့် နည်းပညာသည် သင် ရယ်မောနေသည်ကိုလည်း သိရှိနိုင်ပေသည်။
အကယ်၍ ကော်ပိုရေးရှင်းကြီးများ နှင့် အစိုးရများသည် နိုင်ငံသားများ၏ ဇီဝအချက်အလက်များကို အုံနှင့်ကျင်းနှင့် ကောက်သင်းကောက်သလို လုပ်လာမည်ဆိုလျှင် ၎င်းတို့သည် ကိုယ့်အကြောင်းကို ကိုယ်သိထားသည်ထက်ပင် ပို၍ ပြည့်စုံကောင်းမွန်စွာ သိရှိလာနိုင်သည်။ ကျွနုပ်တို့၏ စိတ်ခံစားမှုကို တွက်ချက် ခန့်မှန်းနိုင်ကြသည့်အပြင် ယင်းခံစားမှုများကိုပင် လိမ္မာပါးနပ်စွာ ကိုင်တွယ်ပြီး သူတို့၏ ပစ္စည်းများကို ကျွနုပ်တို့အား အလိုရှိသလို ရောင်းချလာကြပေမည်။ ပစ္စည်းသာမက သူတို့လိုလားသည့် နိုင်ငံရေးသမား ကိုပင် ကျွနုပ်တို့ စိတ်ညွတ်နူးလာအောင် လုပ်လာကြပေမည်။
ကျွနုပ်တို့ သိရှိလာခဲ့ရသည့် Cambridge Analytica ၏ အချက်အလက်များ ထိုးဖေါက် မွှေနှောက်ခဲ့သည့် နည်းဗျူဟာမျိုးသည် ဇီဝဖြစ်စဉ် စောင့်ကြည့်လေ့လာမှုနှင့် နှိုင်းယှဉ်မည်ဆိုက ကျောက်ခေတ် အဆင့်အတန်းလောက် ထိုးဆင်းသွားပေတော့မည်။ ၂၀၃၀ တွင် မြောက်ကိုရီယား၏ အနေအထားကို စိတ်ကူးကြည့်မည်ဆိုလျှင် ထိုအချိန်မျိုးတွင် နိုင်ငံသားတိုင်း biometric လက်ပတ်အား ၂၄ နာရီ လုံးလုံး မချွတ်တမ်း ဝတ်ဆင်ထားရမည် ဆိုပါစို့။ မဟာ ခေါင်းဆောင်ကြီး၏ မိန့်ခွန်းအား နားထောင်ရမည့်အခြေအနေ ဖြစ်လာသည့်အခါ လက်တွင် ဝတ်ထားသော လက်ပတ်သည် သင်၏ စိတ်ခံစားမှုများကို ပြောပြပေတော့မည်။ ထိုအချိန်တွင် သင်သည် ဒေါသထွက်နေမိက သင့်ဘဝ အဆုံးသတ်သွားရပေတော့မည်သာ ဖြစ်သည်။
ယခုလို အရေးပေါ် အခြေအနေမျိုးတွင်သာ ဇီဝဖြစ်စဉ် စောင့်ကြည့်မှုမျိုး ပြုလုပ်ခြင်း ဖြစ်ပါသည်ဟု ဆိုနိုင်ပြီး အရေးပေါ် အနေအထား ပြီးဆုံးသည်နှင့် ပျောက်ကွယ်သွားပေမည်ဟု ပြောဆိုကောင်း ပြောဆိုနိုင်သည်။ သို့သော် ယာယီ အစီအစဉ်သည် အရေးပေါ် အစီအစဉ်များထက်ပင် သက်ဆိုးရှည်နိုင်သော မကောင်းသည့် အကျင့်စရိုက်သည် ဒွန်တွဲပါလာတတ်စမြဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရေးပေါ် ဆိုသည်မျိုးမှာ တနေရာ မဟုတ် တနေရာ အမြဲလို ပေါ်လာစမြဲ ဖြစ်နေသော ကြောင့်ပင်။
ကျွနုပ်၏ မိခင်နိုင်ငံ ဖြစ်သော အစ္စရေး သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး စစ်ပွဲကြီး အတွင်း နိုင်ငံအတွင်း တွင် အရေးပေါ် အခြေအနေ ကြေငြာခဲ့သည်။ ထိုအထဲတွင် သတင်း ဆင်ဆာ လုပ်ခြင်း၊ မြေယာသိမ်းယူခြင်း မှသည် ပူတင်း ဖုတ်ခြင်း အထိပင် စည်းမျဉ်း စည်းကမ်းများ ပါလာခဲ့သည်။ လွတ်လပ်ရေး စစ်ပွဲကြီးသည် အောင်မြင်မှု ရခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အစ္စရေးသည် အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီဟု မည်သည့် အခါမျှ ကြေငြာခဲ့ခြင်း မရှိပေ။ ထိုမျှသာ မကသေး အရေးပေါ် အခြေအနေ ကြေငြာခဲ့စဉ်က ဒွန်တွဲ ပါလာခဲ့သည့် “ယာယီ” ဆိုသော အစီအမံ အတော်များများကို ဖျက်သိမ်းပေးခဲ့ခြင်း မရှိပေ။ (အရေးပေါ် ပူတင်း အမိန့်သည်ပင် ၂၀၁၁ တွင်မှ ဂရုဏာသက်လာသဖြင့် ဖျက်သိမ်းပေးခဲ့သည်။ ထိုအမိန့်သည် အိုက်စကရင် ဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် ပြဠာန်းခဲ့ခြင်း ဖြစ်သည်)
ကော်ရိုနာ ဗိုင်းရပ်စ် ကူးစက်မှုသည် သုံည အဆင့်အထိ ကျဆင်းသွားခဲ့လျှင်တောင်မှ သတင်းအချက်အလက်များ ရရှိရန် အာသာငမ်းငမ်း ဖြစ်နေသော အစိုးရများသည် ဗိုင်းရပ်၏ ဒုတိယ လှိုင်း ထပ်ဖြစ်လာမည်ကို စိုးရိမ်၍ဟု ဆိုကာ ဇီဝဖြစ်စဉ် လေ့လာစောင့်ကြည့်မှုကို ဆက်လက်ထားရှိရန် အကြောင်းပြ ပြောဆိုလာနိုင်ဖွယ် ရှိနေသည်။ အာဖရိက တွင် အီဘိုလာ အသစ် ထပ်မံပေါ်လာနေသည်ဟူ၍၎င်း၊ သို့မဟုတ် အခြား အကြောင်းတခုခု ကြောင့်သော်၎င်းဟူ၍ ပြောဆိုလာနိုင်သည်။
မကြာသေးမီ နှစ်များ အတွင်း လူတဦးချင်စီ၏ ကိုယ်ရေးကိုယ်တာ အတွင်းရေး သီးသန့်တည်ရှိနေမှု နှင့် ပတ်သက်ပြီး တိုက်ပွဲကြီး တခု ဆင်နွှဲ လာနေခဲ့သည်။ ကော်ရိုနာဗိုင်းရပ်စ် အကြပ်အတည်း သည် အဆိုပါ တိုက်ပွဲကို အဆုံးအဖြတ်ပေးမည့် အရေးပါသော အနေအထားသို့ ရောက်လာနိုင်သည်။ လူတယောက်အား သင်၏ ကိုယ်ရေး ကိုယ်တာ အတွင်းရေး ထိန်းသိမ်းလိုမှု နှင့် ကျန်းမာရေး မည်သည်ကို ရွေးမည်နည်းဟု မေးလာခဲ့လျှင် လူတိုင်းအဖို့ ကျန်းမာရေးကိုသာ ရွေးချယ်ကြပေလိမ့်မည်။
တကယ်တမ်းတွင် လူတယောက်အား သင်၏ ကိုယ်ရေး ကိုယ်တာ အတွင်းရေး ထိန်းသိမ်းလိုမှု နှင့် ကျန်းမာရေး မည်သည်ကို ရွေးမည်နည်းဟု မေးလာခဲ့ခြင်းသည်ပင် ပြဿနာ၏ အရင်းအမြစ် ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းစွာ ရွေးချယ်ခိုင်းမှု တခု ဖြစ်သောကြောင့်ပင်။ လူသား တယောက် အနေနှင့် ထိုနှစ်မျိုးစလုံး ကို တပြိုင်တည်း ခံစားသင့်သည်။ မိမိ၏ ကျန်းမာရေး အား ကာကွယ်ရန် လိုအပ်သလို တဖက်ကလည်း ကော်ရိုနာ ဗိုင်းရပ် ကပ်ရောဂါကြီးအား ရပ်တန့်အောင် ကြိုးပမ်းမှုတွင် အကြွင်းမဲ့ အာဏာရှင်စနစ် ကျင့်သုံးကာ စောင့်ကြည့်ခံရမည့် ပုံစံမျိုးဖြင့် မဟုတ်ပဲ လူထုအား လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းခြင်း ဖြင့်သာ ရပ်တန့်အောင် လုပ်သင့်ပေသည်။
ပြီးခဲ့သည့် အပတ်များ အတွင်း ဗိုင်းရပ်စ်အား ထိန်းချုပ်ရန် အအောင်မြင်ဆုံး ကြိုးပမ်းမှုများ ကို တောင်ကိုရီယား၊ တိုင်ဝမ် နှင့် စင်္ကာပူ နိုင်ငံများမှ ပြုလုပ်လာနိုင်သည်ကို တွေ့ခဲ့ရပေသည်။ အဆိုပါ နိုင်ငံများသည် တဖက်က ရောဂါ နှင့် ထိတွေ့ခံရသည်ဟု သံသယ ရှိသူများအား ခြေရာခံ သည့် နည်းပညာများ သုံးစွဲခဲ့ကြသလို တဖက်ကလည်း စမ်းသပ်မှုများကို ဒလဟော ပြုလုပ်ခြင်း၊ မထိမ်မချန်ပဲ သတင်းထုတ်ပြန်ခြင်း နှင့် အတူ မျက်စိကြီး နားကြီး ဖြစ်လာနေသော လူထု၏ လိုလိုလားလား ပူးပေါင်း ဆောင်ရွက်မှု များ ရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ပေသည်။
အစိုးရမှ ဦးစီးချုပ်ကိုင်ကာ စောင့်ကြည့်ခြင်း နှင့် ပြင်းထန်သော အပြစ်ပေးမှုများ သည် ချမှတ်ထားသော လမ်းညွှန်မှုများ လိုက်နာစေမည့် တခုတည်းသော နည်းလမ်း တော့ မဟုတ်ပေ။ သိပ္ပံနည်းကျ အချက်အလက်များကို လူထုအား ချပြသည့်အခါမျိုး၊ လူထုအနေဖြင့် အာဏာပိုင်များက မိမိတို့ အား အမှန်အတိုင်း ပြောသည်ဟု ယုံကြည်လာသည့် အခါမျိုး တွင် နိုင်ငံသားများ အနေဖြင့် လုပ်သင့်သည်များကို Big Brother လို အစိုးရမျိုးမှ ၎င်းတို့၏ ပုခုံးပေါ်မှ ကျော်၍ စောင့်ကြည့်နေစရာ မလိုပဲ လုပ်လာကြမည်သာ ဖြစ်သည်။ ကိုယ်ပိုင် အသိတရား နိုးကြားလာပြီး မျက်စိကြီး နားကြီး ဖြစ်လာသော လူထုသည် စောင့်ကြည့်ခံ ဗဟုသုတ နုံနည်းသော လူထု မျိုးထက် ပို၍ ခွန်အားကြီးပြီး ရောဂါတိုက်ဖျက်ရေး တွင် ပို၍လည်း ထိထိရောက်ရောက် ပါဝင်လာနိုင်ပေသည်။
ဒီနေရာတွင် လက်ကို ဆပ်ပြာနှင့် သန့်စင်သည့် ဥပမာ ပေးလိုပါသည်။ ထိုနည်းလမ်းသည် လူသားတို့၏ တကိုယ်ရည် ကျန်းမာရေး စောင့်ရှောက်မှုတွင် အကြီးမားဆုံးသော ခြေလှမ်းကြီး ဖြစ်ခဲ့သည်။ ထိုသို့ မိမိလက်ကို ဆေးကြောရသည့် လွယ်ကူရိုးရှင်းသော နည်းလမ်းဖြင့် နှစ်စဉ်လို လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ပြီးလည်း ဖြစ်သည်။ လူသားတို့ အနေဖြင့် လုပ်ရိုးလုပ်စဉ် ကိစ္စတခု ဟု ယူဆခဲ့ကြသော်လည်း ၁၉ ရာစုနှစ် သိပ္ပံပညာရှင်ကြီးများက လွန်စွာ အရေးပါသော လုပ်ရပ်ဖြစ်ကြောင်း လေ့လာသိရှိလာခဲ့ကြသည်။
ယခင်အချိန်များက ဆရာဝန်များ နှင့် သူနာပြုများပင်လျှင် ခွဲစိတ် ကုတင် တခုမှ တခု အကူးတွင်ပင် လက်ကို သန့်စင်ခြင်း မရှိပဲ သွားခဲ့ကြဘူးသည်။ ယခုအခါတွင်မူ နေ့စဉ်လို လက်များ သန့်စင်ဆေးကြောနေသည့် လူများ ဘီလီယံ ပေါင်း များစွာ ရှိနေပြီ ဖြစ်သည်။ ထိုလူများသည် ၎င်းတို့အား စောင့်ကြည့် ပြောဆိုနေမည့် soap police များကို ကြောက်ရွံ့၍ လုပ်နေကြချင်းမျိုး မဟုတ်ပဲ သိပ္ပံနည်းကျ အချက်အလက်များကို နားလည်လာကြသောကြောင့် လုပ်လာကြခြင်းပင် မဟုတ်ပါလော။ ကျွနုပ်အနေဖြင့် လက်ကို ဆေးကြောခြင်းမှာ ဗိုင်းရပ်စ်နှင့် ဘက်တီရီယားများ ကပ်ညိ ပါလာတတ်သည်ကို ကြားဖူးနားဝရှိသောကြောင့်ပင် ဖြစ်သည်။ အဆိုပါ ဇီဝရုပ်များသည် ရောဂါကို ဖြစ်စေနိုင်ပြီး ၎င်းတို့ကို ဖယ်ရှားပြစ်နိုင်သည့် အရာမှာလည်း ဆပ်ပြာသာ ဖြစ်သည်ကိုလည်း နားလည်ခဲ့ပြီး ဖြစ်သည်။
ထိုသို့ အဆင့်အထိ လူသားများ လိုလိုလားလား လုပ်လာအောင် ဆိုသည်မှာ ယုံကြည်မှု လိုအပ်နေသည်။ လူများအနေဖြင့် သိပ္ပံဆိုသည့် ဓမ္မတရား၊ အာဏာပိုင်များ နှင့် မီဒီယာများ ကို ယုံကြည်မှ ဖြစ်ပေမည်။ ပြီးခဲ့သည့် နှစ်များ စွာ အတွင်းက တာဝန်မဲ့လှသော နိုင်ငံရေး သမားများသည် သိပ္ပံ နည်းကျ တင်ပြလာမှုများ၊ အုပ်ချုပ်သူများ နှင့် မီဒီယာများကို လူထု အနေဖြင့် အယုံအကြည်မဲ့အောင် တမင်တကာ ပြုလုပ်ခဲ့ကြသည်။ ထိုသို့သော နိုင်ငံရေးသမားများသည်ပင် ယခုအခါ လူထုကြီး အနေဖြင့် လုပ်သင့်သည်များကို လုပ်ကြလိမ့်မည်ဟု ယုံကြည်၍ မရ ဆိုသော အကြောင်းပြချက် မျိုးဖြင့် အာဏာရှင် လမ်းကြောင်းကို ဦးတည်ချင်စိတ် ပေါက်လာကြသည်။
ပုံမှန်အတိုင်းဆိုလျှင် နှစ်ပေါင်းများစွာ တတိတိ တိုက်စားခံခဲ့ရသော ယုံကြည်မှု မျိုးသည် ညတွင်းချင်း ပြန်လည် တည်ဆောက်၍ ရနိုင်ကောင်းသည့် အရာ မဟုတ်ပေ။ ယခုအခါ ကား ပုံမှန် အချိန်ဟူ၍ ပြော၍ မရတော့ပေ။ အကြပ်အတည်း ကြီး နှင့် ကြုံနေရချိန် ဖြစ်၍ လူ၏ စိတ်များသည် လျှင်မြန်စွာ ပြောင်းလဲလာနိုင်သည်။ မွေးချင်းများနှင့် ကတောက်ကဆ ဖြစ်ပြီး နှစ်ပေါင်းများစွာ မခေါ်နိုင် မပြောနိုင် ရှိခဲ့လျှင်ပင် အရေးအကြောင်းနှင့် ကြုံလာရသည့် အခါ မိမိတို့ ၏စိတ်တွင် ပုန်းလျှိုးနေခဲ့သော ယုံကြည်မှု နှင့် မေတ္တာ ရေလှောင်ကန်ကြီး သည် ရုတ်တရက် ပွင့်အန် ထွက်လာသည်ကို သိရှိလာခဲ့ရသည်မျိုး ရှိနေသည် မဟုတ်လော။ အရေးကြီးလျှင် သွေးနီးကြသည့် စကားအတိုင်း အပြေးရောက်ရှိသွားတတ်ကြသည်။
လူထုကို စောင့်ကြည့်မှရမည်ဆိုသည့် အစိုးရမျိုး အဖြစ် ခံယူမည့်အစား သိပ္ပံ အချက်အလက်များ၊ အုပ်ချုပ်သူများ နှင့် မီဒီယာများကို လူထု အနေဖြင့် ယုံကြည်မှု ရှိလာအောင် ပြန်လည် တည်ဆောက်ဖို့ အချိန် မနှောင်းသေးပေ။ နည်းပညာ အသစ်များကိုလည်း သေချာပေါက် သုံးရမည် ဖြစ်သလို ထိုနည်းပညာ လက်နက်များဖြင့် လူထုအား စီမံခန့်ခွဲလာနိုင်အောင် တပ်ဆင်ပေးကြရမည်လည်း ဖြစ်သည်။ ကျွနုပ်သည် မိမိ၏ ကိုယ်အပူချိန်နှင့် သွေးပေါင် ကို စောင့်ကြည့်နေမှုကို သဘောကျမည်ကား အသေအချာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အချက်အလက်များဖြင့် တန်ခိုးထွားလာအောင် လုပ်မည့် အစိုးရမျိုး ဖြစ်လာမည်ကိုတော့ မလိုလားသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအစား အစိုးရမှ ၎င်းတို့ သိရှိလာသည့် အချက်အလက်များဖြင့် မိမိအား အသိပညာ ပြည့်ဝသည့် ရွေးချယ်မှုမျိုး ပြုလုပ်လာနိုင်ရန် ဖန်တီးပေးခြင်း၊ ထိုသို့ ဆုံးဖြတ်မှုအတွက် အစိုးရများ အနေဖြင့်လည်းတာဝန်ခံသည် ကို လိုလားမိသည်။
ကျွနုပ် အနေဖြင့် မိမိ၏ ကျန်းမာရေး အခြေအနေကို ၂၄ နာရီ ပတ်လုံး စောင့်ကြည့်နေမည်ဆိုလျှင် မိမိသည် အခြားလူများ အန္တရာယ် ဖြစ်လောက်သည့် အနေအထား ရောက်နေ မနေကို သိရှိလာနိုင်မည်သာမက၊ ထိုသို့ ဖြစ်စေခဲ့သည့် မိမိ၏ အမူအကျင့် များကို လည်း သိလာနိုင်မည် ဖြစ်သည်။ ကော်ရိုနာဗိုင်းရပ်စ် ပျံ့ပွားပုံနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော အချက်အလက်များကို ကြည့်ရှု ဆန်းစစ်နိုင်မည်ဆိုလျှင် အစိုးရသည် အမှန်အတိုင်း ပြောနေချင်း ဟုတ်မဟုတ် နှင့် ရောဂါပိုးကို တိုက်ဖျက်ရန် မှန်ကန်သည့် မူဝါဒများ ချမှတ် ကျင့်သုံးနေခြင်း ရှိမရှိကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။ စောင့်ကြည့်ထောက်လှမ်းနေမှု နှင့် ပတ်သက်၍ လူများ ပြောဆိုလာကြရာတွင် သတိမူသင့်သည့် အချက် မှာ အစိုးရများက လူတဦးချင်းစီ အပေါ် စောင့်ကြည့်ထောက်လှမ်းသည့် နည်းပညာမျိုးကို လူတဦးချင်းစီကလည်း အစိုးရအပေါ် တဖန် ပြန်လည် စောင့်ကြည့်ရန် သုံးနိုင်ပေသည် ဆိုသည်ပင် ဖြစ်သည်။
ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးသည် နိုင်ငံသားတယောက် အဖြစ် ရပ်တည်မှုကို အဓိက စမ်းသပ်သည့် အကြောင်းခြင်းရာလည်း ဖြစ်လာပေသည်။ ရှေ့လျှောက် မိမိတို့ တဦးချင်းစီ အနေဖြင့် အခြေအမြစ် မရှိသည့် လျို့ဝှက်စွာ ပူးပေါင်းကြံစည်နေကြသည် ဆိုသော သီအိုရီ များ၊ မိမိ အကျိုး ရှိရာ ရှိကြောင်း ပြောဆို လုပ်ကိုင်နေကြသည့် နိုင်ငံရေး သမား များနှင့် သိပ္ပံအချက်အလက်များ၊ ကျန်းမာရေး ကဏ္ဍရှိ ကျွမ်းကျင် ပညာရှင်များ တွင် မည်သည်ကို ယုံကြည်ရမည်နည်း ဆိုသည်အပေါ် ရွေးချယ် ဆုံးဖြတ်ကြရဖို့ ဖြစ်လာပေတော့မည်။ ကျွနုပ်တို့ အနေဖြင့် မှားယွင်းစွာ ဆုံးဖြတ်ခဲ့မည် ဆိုလျှင် မိမိတို့၏ တန်ဖိုး ရှိလှသော လွတ်လပ်ခွင့် များကို အလှူပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ ကျန်းမာရေး ကို စောင့်ရှောက်ကာကွယ်ရန် ထိုနည်းလမ်းသာ ရှိတော့သည်ဟု တွေးထင်လာကြ၍လည်း ဖြစ်ပေသည်။
We need a global plan
ကျွနုပ်တို့ ဒုတိယ အနေနှင့် အရေးကြီးဆုံး ရွေးချယ်ရဖို့ ဖြစ်လာရသည်မှာ မိမိတို့ လူမျိုး ကိုသာ ကွက်ကွက်လေးကြည့်ပြီး တကိုယ်တည်း ရင်ဆိုင်မည်လော၊ သို့မဟုတ် ကမ္ဘာကြီးနှင့် သွေးစည်းညီညွတ်စွာ လက်တွဲ တွန်းလှန်သွားမည်လော ဆိုသည်တို့ ဖြစ်သည်။ သို့သော် လက်ရှိ ကပ်ရောဂါ ကြီး နှင့် ထွက်ပေါ်လာသော စီးပွားရေး အကြပ်အတည်း ကြီး ကို ကြည့်မည်ဆိုလျှင် တကမ္ဘာလုံး ပြဿနာ ကြီး ဖြစ်လာရသည်။ ဤသည်ကို တကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်မှု ဖြင့်သာ ဖြေရှင်းနိုင်သည်။
ဗိုင်းရပ်စ် ကို နှိမ်နှင်းနိုင်ရန် ပထမဆုံး နှင့် ထိပ်တန်း ဦးစားပေး အဖြစ် အရေးတကြီး လုပ်ရမည်မှာ သတင်းများကို ကမ္ဘာအနှံ့ ဝေမျှ ရန်ပင် ဖြစ်သည်။ ဤသည်က လူသားတို့ အနေနှင့် ဗိုင်းရပ်စ် ကို အောင်မြင်ရေး အတွက် ကြီးမားသော အခွင့်သာမှုကြီးပင် ဖြစ်သည်။ လူသားတို့ အပေါ် မည်သို့မည်ပုံ ကူးစက် ခဲ့သည် ဆိုသည့် လက်တွေ့ အသုံးကျ အကြံပေး သတင်းများ ကို တရုတ်ပြည်ရှိ ကော်ရိုနာဗိုင်းရပ်စ် နှင့် အမေရိကန်ရှိ ကော်ရိုနာဗိုင်းရပ်စ် တို့အကြား ဖလှယ်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း တရုတ်သည် ကော်ရိုနာဗိုင်းရပ်စ် နှင့် ယင်းအား မည်သို့မည်ပုံ ကိုင်တွယ်ရမည် ဆိုသည်အပေါ် အမေရိကန်တို့ အား လွန်စွာ အဖိုးတန်သည့် သင်ခန်းစာများ ပေးနိုင်သည်။ မနက်စောစော ပိုင်း တွင် မီလန်ရှိ အီတလီဆရာဝန်များ ရှာဖွေတွေ့ရှိခဲ့မှုသည် ညနေပိုင်းတွင် တီဟီရန် ရှိ လူနာများကို ကယ်ဆယ် နိုင်သည်။ ယူကေ အစိုးရ အဖို့ မည်သို့ တိုက်ခိုက်ရမည် ဆိုသည်အပေါ် မူဝါဒများအကြား ဝေခွဲမရ ဖြစ်နေချိန် လွန်ခဲ့သော တလ က ထိုသို့သော အခြေအနေမျိုး ရင်ဆိုင်နေခဲ့ရသည့် ကိုရီယားတို့ထံမှ အကြံဉာဏ်များ ရနိုင်သည်။ ထိုသို့ ဖြစ်ပေါ်လာရေးအတွက် တကမ္ဘာလုံး အတိုင်းအတာ နှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှု တို့ ရှိရန် လိုသည်။
နိုင်ငံများအကြား သတင်းအချက်အလက်များကို ပွင့်ပွင့်လင်းလင်း ဝေမျှ ရန် ၊ တဦး၏ အကြံကို တဦးက တလေးတစား တောင်းခံသင့်သည်။ ရရှိသည့် အချက်အလက် များ နှင့် အကြံဉာဏ်ကိုလည်း ယုံယုံကြည်ကြည် ရှိသင့်သည်။ ဆေးဝါးကုသရေး ကရိယာ များ ထုတ်လုပ် ဖြန့်ဖြူးရေး တွင် တကမ္ဘာလုံး အတိုင်းအတာ နှင့် ကြိုးပမ်းသင့်သည်။ အထူးသဖြင့် စမ်းသပ်ရေး နှင့် အသက်ရှူလမ်းကြောင်း ထောက်ပံ့ရေး ဆိုင်ရာ ပစ္စည်းများတွင် ဖြစ်သည်။ ထိုအရေးကို နိုင်ငံတိုင်း မိမိတို့ဖာသာ ကြိုးစားပြီး ရနိုင်သမျှ စုဆောင်း သိုလှောင်နေကြမည့်အစား နိုင်ငံအားလုံး ညှိနှိုင်း တိုင်ပင်ခြင်းဖြင့် အလျှင်အမြန် ထုတ်လုပ်နိုင်အောင် ပြုလုပ်သင့်ပြီး ရရှိသော အသက်ကယ် ဆေးပစ္စည်း ကရိယာများ ကိုလည်း ညီတူမျှတူ ဖြန့်ဝေပေးရမည်။
နိုင်ငံများသည် စစ်ပွဲကာလအတွင်းက အဓိက စက်မှုလုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခဲ့ကြသလို ကော်ရိုနာဗိုင်းရပ်စ် အား တိုက်ခိုက်နေသည့် စစ်ပွဲကြီး အတွင်း အရေးပါသော ထုတ်လုပ်ရေး လိုင်း များကို “လူသားဆန်စွာ” ပြုလုပ်သင့်သည်။ အထူးသဖြင့် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှု အနည်းဆုံး ဖြစ်ပွားနေဆဲ ဖြစ်သော ချမ်းသာသည့် နိုင်ငံများသည် ကူးစက်မှု အများဆုံး ဖြစ်ပွားနေသော ဆင်းရဲသည့် နိုင်ငံများသို့ ရောဂါတိုက်ဖျက်ရေး အထောက်အကူ ပြု ကရိယာ များ ပေးပို့ခြင်းဖြင့် ကူညီသင့်သည်။ လောလောဆယ်တွင် ကူးစက်မှု နည်းနေသေး၍ အခြားနိုင်ငံများသို့ ကူညီပေးနေသည့် နိုင်ငံများ အနေဖြင့် မိမိတို့ တွင် ဖြစ်လာပါက လည်း ပြန်လည် ကူညီကြမည်သာ ဖြစ်သည်ဟု ယုံကြည်မှု လည်း ရှိထားရပေမည်။
အလားတူ ပင် ဆေးပစ္စည်းကရိယာများ သာမက ကျန်းမာရေးဝန်ထမ်းများဖြင့်လည်း ကူညီသင့်သည်။ ကူးစက်မှု အနည်းဆုံး သာ ရှိနေသော နိုင်ငံများသာ သည် အဖြစ်များဆုံး နိုင်ငံများသို့ စေလွှတ်သင့်သည်။ လိုအပ်နေချိန်တွင် ကူညီကြောင်း ပြသနိုင်သလို မိမိနိုင်ငံအတွက်လည်း လွန်စွာ တန်ဖိုးရှိမည့် အတွေ့အကြုံများလည်း ရရှိနိုင်ပြန်သည်။ နောက်ပိုင်းတွင် ကူးစက် ပျံနှံ့ရာ လမ်းကြောင်းကို အာရုံစိုက်လာကြသည့်အခါ တွင်လည်း မိမိနိုင်ငံနှင့် ဆန့်ကျင်ဖက်ဆီသို့ ရွေလျားသွားရန် အထောက်အကူ ပေးနိုင်ပြန်သည်။
တကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်မှု သည် စီးပွားရေး မျက်နှာစာ အတွက်လည်း လွန်စွာ လိုအပ်နေပြန်သည်။ စီးပွားရေး နှင့် ကုန်စည် ထောက်ပို့ မှု ပိုင်းတွင် တကမ္ဘာလုံး ဆက်စပ်နေသည့် အနေအထားများ ရှိနေသော်လည်း အစိုးရများသည် အခြားနိုင်ငံများကို ဂရုမစိုက်ပဲ မိမိတို့ အရေးသာ အာရုံစိုက် လုပ်နေမည် ဆိုလျှင် ကသောင်းကနင်း အခြေအနေများ ပေါ်ပေါက်လာနိုင်ပြီး အကြပ်အတည်းကို ပိုပြီး နက်ရှိုင်းလာနိုင်သည်။ ထို့အတွက် တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ လိုအပ်နေပြီး အမြန်ဆောင်ရွက် မှ ဖြစ်ပေမည်။
နောက်ထပ်လိုအပ်ချက်တခုသည် နိုင်ငံများ အကြား ခရီးသွားလာမှု နှင့် ပတ်သက်ပြီး သဘောတူညီချက်များ ရရှိထားရန် ပင် ဖြစ်သည်။ နိုင်ငံတကာ ခရီးသွားလာမှုကို လပေါင်းများစွာ ကြာအောင် ရပ်ဆိုင်းထားခြင်းသည် လွန်စွာ ကြီးမားသော အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပေသည်။ ကော်ရိုနာဗိုင်းရပ်စ် စစ်ပွဲကြီးတွင်လည်း အဟန့်အတားများ ဖြစ်ပေါ်လာနိုင်သည်။ အနည်းဆုံးတော့ နိုင်ငံများ အနေဖြင့် မရှိမဖြစ် သွားလာရန် လိုအပ်နေသော ခရီးသွားများ နယ်ခြား ဖြတ်ကျော် သွားလာနိုင်ရေး ကို တဖြေးဖြး နှင့် စတင်ခွင့်ပြုသင့်သည်။ အထူးသဖြင့် သိပ္ပံပညာရှင်များ၊ ဆရာဝန်များ၊ သတင်းစာဆရာများ၊ နိုင်ငံရေးသမားများ နှင့် စီးပွားရေး သမားများ ကို ဖြစ်သည်။ ထိုအရေးကို ၎င်းတို့၏ မိခင်နိုင်ငံများက ခရီးသွားမည့်လူများကို ကြိုတင် စစ်ဆေးပေးမည် ဆိုသည့် ကမ္ဘာလုံး ဆိုင်ရာ သဘောတူညီချက် ရယူထားခြင်းဖြင့် ပြုလုပ်နိုင်သည်။ စနစ်တကျ အသေအချာ စစ်ဆေးထားသော ခရီးသွားများ ကိုသာ လေယာဉ်ပေါ် တက်ခွင့်ပြုသည် ဆိုသည်ကို သိလျှင် ၎င်းတို့အား မိမိနိုင်ငံသို့ လိုလိုလားလား ဝင်ခွင့်ပြုကြမည်သာ ဖြစ်သည်။
လောလောဆယ်တွင် ထိုအရာများကို နိုင်ငံများက ပြုလုပ်ခြင်း မရှိသလောက် ဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ နိုင်ငံတကာ အသိုက်အဝန်းသည် ယခုအခါ မလှုပ်မရှား တုန့်ဆိုင်းသွားခဲ့ကြပြီ ဖြစ်သည်။ ထိုအရေး အတွက် ဘာလုပ်ရမှန်း မသိသေး ဖြစ်နေကြသည်။ ကမ္ဘာခေါင်းဆောင်များ သည် အရေးပေါ် အစည်းအဝေး ထိုင်ပြီး မည်သို့မည်ပုံ စုပေါင်း ဆောင်ရွက်ကြမည် ဆိုသည့် အစီအမံများ ထွက်ပေါ်လာနိုင်မည်လားဟု လွန်ခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကပင် အားလုံး မျှော်လင့်ထားခဲ့ကြသည်။ သို့သော် အားလုံးမျှော်လင့်ထားကြသည့် G7 နိုင်ငံ ခေါင်းဆောင်များ ၏ ထိပ်သီး အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့် ဖြင့် ပြုလုပ်နိုင်ခဲ့သော်လည်း ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များတော့ ထွက်ပေါ်လာခဲ့ကြခြင်း မရှိပေ။
ယခင်က ကမ္ဘာကြီး အနေဖြင့် အကြပ်အတည်းကြီးများ ကြုံခဲ့ရပြီးလည်း ဖြစ်သည်။ ဥပမာဆိုရက ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းကြီး၊ ၂၀၁၄ ခုနှစ် အီဘိုလာ ကပ်ရောဂါကြီး တို့ပင် ဖြစ်သည်။ ထိုကာလများက အမေရိကန်သည် ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ သို့သော် လက်ရှိ အမေရိကန် အစိုးရကတော့ ကမ္ဘာခေါင်းဆောင် ရာထူးကို စွန့်သွားခဲ့ပြီ ဖြစ်သည်။ အမေရိကား သည် တကမ္ဘာလုံးတွင် ကြီးမြတ်သော နေရာ ရောက်ရှိရေးသည် လူမျိုးစုဝင်တို့၏ အနာဂတ် အရေးထက် ပို၍ အရေးကြီးဟု ခံယူသွားခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။
ထိုအရေး အတွက် မိမိတို့ နှင့် တသက်လုံး နီးကပ်စွာ လက်တွဲခဲ့သော မဟာမိတ်များကိုပင် စွန့်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ မည်သို့ မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက်ရမည်ကို ညှိနှိုင်းတိုင်ပင်ဖို့ ဝေးစွ အီးယူနိုင်ငံများမှ ခရီးသွားများကို ပိတ်ပင်ကြောင်း ကြေငြာခဲ့ရာတွင်ပင် သက်ဆိုင်ရာ နိုင်ငံများအား အရေးတယူလုပ်၍ ကြိုတင် သတိပေး ပြောဆိုခဲ့ခြင်းပင် မရှိပေ။ ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေး တွင် စွန့်ဦးတီထွင်လာနိုင်သည်ဟု သတင်းထွက်လာသော ဂျာမန် ဆေးဝါး ကုမ္ပဏီအား တဦးတည်း မူပိုင် ရရှိရေး အတွက် အမေရိကန် မှ ဒေါ်လာ တစ် ဘီလီယံ ဖြင့် ကမ်းလှမ်းခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာသဖြင့် ဂျာမဏီအဖို့ မျက်နှာပျက်စရာ ဖြစ်လာခဲ့ရသည်။
လက်ရှိ အမေရိကန် အစိုးရသည် လုပ်ပုံလုပ်နည်းများ ပြောင်းပြီး တကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ် ချမှတ်လာနိုင်ခဲ့လျှင်ပင် မည်သူကမျှ ထိုမျှ တာဝန်မဲ့လှသည့်အပြင် မိမိ အမှားကို တခါဖူးမျှ ဝန်ခံခဲ့ဖူးခြင်း မရှိ၊ နာမည်ကောင်း ယူစရာရှိလျှင် မိမိသာ ယူလေ့ရှိပြီး အခြားလူများကို အပြစ်ပုံချလေ့ရှိသော ခေါင်းဆောင်တယောက်၏ ဦးဆောင်မှု နောက်ကို လိုက်ဖို့ မည်သူမျှ လိုလိုလားလား ရှိကြမည် မဟုတ်ပေ။
အမေရိကန်တို့ ခြွင်းချန်ခဲ့သော ကွက်လပ်ကြီးကိုလည်း အခြားနိုင်ငံများက ဝင်ရောက် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိလျှင် လက်ရှိ ကပ်ရောဂါ ကြီး ပျံ့နှံ့နေမှုကို ရပ်တန့်သွားရေးတွင် ပိုမိုခက်ခဲစေမည်သာမက ယင်းအတွက် ဖြစ်ပေါ်လာသော ဆိုးကျိုး အမွေအနှစ်များသည်လည်း နိုင်ငံတကာ ဆက်ဆံရေးအား နှစ်ပေါင်းများစွာ အဆိပ်သင့် ကျန်ခဲ့တော့မည် ဖြစ်သည်။ သို့သော် အကြပ်အတည်းကြီး ကြုံလာတိုင်း အခွင့်အလမ်း ဆိုသည် ပေါ်ပေါက် လာတတ်စမြဲပင် ဖြစ်သည်။ တကမ္ဘာလုံး ညီညွတ်မှု မရှိခဲ့ခြင်းကြောင့် မည်မျှ အထိ အန္တရာယ် ကြီးမား လာရသည်ကို လက်ရှိ ကပ်ရောဂါကြီးက လူအနွယ်ဝင်များ သဘောပေါက်လာအောင် အထောက်အကူ ပြုမည်သာ ဖြစ်သည်။
လူအနွယ်ဝင်များ အနေဖြင့် ရွေးချယ်မှု တခု ပြုလုပ်ရန် လိုအပ်လာသည်။ လက်ရှိ မညီမညွတ်ဖြစ်နေသည့် လမ်းကြောင်းကိုပဲ ဆက်လျှောက်ကြမည်လော။ သွေးစည်းညီညွတ်မှု ကိုပဲ ရွေးချယ်ကြမည်လော ဆိုသည်ပင် ဖြစ်သည်။ ညီညွတ်မှု မရှိခြင်းကို ရွေးချယ်မည်ဆိုက လက်ရှိ အကျပ်အတည်းကို ပိုမို ရှည်ကြာသွားအောင် ပြုလုပ်ရုံသာမက ရှေ့လျှောက် ပို၍ ဆိုးရွားသော ကပ်ဘေးကြီးများပင် ဖြစ်ပေါ်လာနိုင်ပေသည်။ ကျွနုပ်တို့ မှ ကမ္ဘာတဝှမ်း သွေးစည်းညီညွတ်မှုကို ရွေးမည်ဆိုလျှင် ကော်ရိုနာဗိုင်းရပ်စ်ကို အောင်ပွဲခံနိုင်ရုံမကပဲ ၂၁ ရာစုနှစ်အတွင်း လူသားတို့အား တိုက်ခိုက်လာနိုင်သည့် ကပ်ရောဂါကြီးများ၊ အခြားသော အကျပ်အတည်းကြီးများကိုပါ အောင်မြင်ကျော်လွှားနိုင်ကြမည် ဖြစ်သည်။