တရုတ်၏ တဖက်ပိတ် မူဝါဒ ကျဆုံးခန်း ၏ အစ (၂)

by Hla Soewai - Nov 04 2024

တရုတ် ကွန်မြူနစ် ပါတီ အစိုးရသည် မြန်မာ နှင့် ပတ်သက်၍ မီးစတဖက် ရေမှုတ် တဖက် သံခင်း တမန်ခင်းကို ကျင့်သုံးလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်‌လာခဲ့ပြီ ဖြစ်သည်။

 

နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းတို့၏ ထားရာနေ စေရာသွား ဘဝ ရောက်အောင် ကြိုးပမ်းခဲ့သလို တဖက်တွင်လည်း ထို အနေအထားကို အခွင့် အရေး တရပ် အဖြစ် အသုံးချကာ နိုင်ငံတကာ ၏ ဝိုင်းပယ်ထားခြင်း ခံနေရစစ်အာဏာရှင်များ ထံ မှ အခွင့်အရေး များကို လက်ကုန်နှိုက် ယူခဲ့ကြသည်။ ၎င်းတို့၏ ရေနံ ပိုက်လိုင်းကြီးသည် နိုင်ငံ အလယ် ဗဟို ကို ဖြတ်ကာ ရုတ်ဆိုးလှစွာ ပေါ်ထွက်လာခဲ့ရသည်။

 

သို့သော် ယခုအခါ မန္တလေး ရှိ ကောင်စစ်ဝန် ရုံးအား တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်ရပ်ကြောင့် ၎င်းတို့၏ မူဝါဒ သည် ရေရှည် အလုပ်မဖြစ်တော့ကြောင်း ထင်ရှားစွာ ထွက်ပေါ်လာခဲ့ရသည်ဟု Bloomberg သတင်းတွင် ရေးသားလာခဲ့သည်။

 

ထိုသို့ ဖြစ်လာရခြင်းသည် ရှီ ကျင့်ပင်၏ လုပ်ရပ် အပေါ် နှစ်ဖက်စလုံးက မခံရပ် နိုင်အောင် ဒေါသ အမျက်ချောင်းချောင်း ထွက်လာခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။

 

ပြည်သူများ အပေါ် စစ်ပွဲ ဆင်နွှဲနေသော မင်းအောင်လှိုင် နှစ် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ ကြက်သေ သေ သွား လောက်အောင် ညီနောင်သုံးဖေါ်၏ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်တို့ ၏ နောက်ကွယ်မှ ထောက်ခံခဲ့၍သာ ဖြစ်သည်ဟု တပ်အပ်မတ်ချ စွပ်စွဲလာခဲ့ကြသည်။

 

တရုတ် အစိုးရသည်လည်း ထိုမျှ အထိ ဖြစ်သွား လိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခြင်း မရှိခဲ့ ပေ။၁၀၂၇ စစ်ဆင်ရေးအား ဇက်သတ် နိုင်ခြင်း မရှိက မင်းအောင်လှိုင် နှင့် အဖွဲ့ ပြုတ်ကျသွားနိုင်သည့် အနေအထားကို ရှင်းလင်းစွာ မြင်တွေ့လာရပြီးနောက်၊ ၎င်းတို့အတွက် တနေ့ ရွေဥ တလုံး ဥပေးနေသော ငန်းကို တချက်တည်းနှင့် ရိုက်စားပစ်၍ မဖြစ်တော့ဟု ဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ၎င်းတို့ အတွက် လိုအပ်သည့် နယ်မြေများကို ရလျင် ကျေနပ်တော့ဟု ဆိုကာ အပြင်းအထန် ဖိအား ပေးလာခဲ့သည်။

 

စစ်ကောင်စီ နေပြည်တော်တွင် မရှိက ၎င်းတို့ အကျိုးစီးပွားများ ဘယ်အခြေ ဆိုက်မည် ဆိုသည်ကို မခန့်မှန်းနိုင်ဖြစ်လာနေ၍ ၎င်းတို့အား မည်သူမျှ သ‌ဘောမကျ မှန်း သိသိကြီးနှင့် ထောက်ခံ နေရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မှ ရစ်ချတ် ဟိုစေးက ဆိုသည်။

 

သို့သော်လည်း စစ်တပ်သည် နိုင်ငံ အနောက်ပိုင်းတွင် ရှူံးမြဲတိုင်း ဆက်ရှုံးလာနေသည်။ နိုင်ငံ၏ နယ်မြေ စုစုပေါင်း၏ ၈၆ ရာနှုန်းအားလည်း ၎င်းတို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်စွမ်း မရှိ ဖြစ်လာသည်။ 

 

လားရှိူး ရှိ ဒုတိယ အကြီးဆုံး တိုင်းစစ်ဌာနချုပ်ကြီးကို လက်လွှတ်ခဲ့ရမှု အတူ နေပြည်တော်သို့ သွားရာလမ်း ပွင့်သွားနိုင်ခဲ့ပြီး နောက်တွင်တော့ စစ်ဗိုလ်ချုပ်များ နောက်ထပ် မည်မျှ ကြာကြာ အာဏာ ကို ဆုပ်ကိုင်ထားနိုင်ဦးမည်နည်းဟု မဖြစ်မနေ မေးရမည့် မေးခွန်း ထွက်ပေါ်လာခဲ့သည်၊ တိုင်းပြည်ကို အာဏာ မသိမ်းမှီ အနေအထား ကို မည်သို့ မျှ ပြန်ရောက်အောင် လုပ် နိုင်စွမ်း မရှိတော့သည့် အဖြစ်ကို ၎င်းတို့မှ လွဲ၍ အားလုံးက သဘောပေါက် နေကြပြီး ဖြစ်သည်။

 

ထို့အတွက် တရုတ်သည် ရွေးကောက်ပွဲ လမ်းကြောင်းဖြင့် ပြန် ဆွဲတင်၍ ရလိုရငြား ကြိုးစား ကြည့်နေခြင်းသာ ဖြစ်သည်။

 

ယခုအခါ မန္တလေး ဒေသကြီး တဝိုက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များမှ ကွက်ကျား ကွက်ကျား အောင်ပွဲ ခံလာနေပြီ ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြလာကြသည်။

 

စစ်တပ် မွေးထားသော အမျိုးသားရေး သမားများ သည် တရုတ်၏ ထောက်ခံမှု ပေးနေသည်ဟု ယူဆလာကြပြီး လမ်းပေါ် ထွက်လာခဲ့ကြသည်။ မင်းအောင်လှိုင် ကိုယ်တိုင်ပင် စကားထဲ ထည့်ပြောလာရသည်၊ ပြောချင်လွန်း၍တော့ ဟုတ်မည် မထင်၊ ထိုသို မပြောကလည်း ၎င်းတပ်များ အရှုံး နှင့် ရင်ဆိုင်နေရ၍ အရှက် ဗြန်းဗြန်းကွဲနေမှု အတွက် အကြောင်းပြချက် ကုန်ခမ်းလာ၍လည်း ဖြစ်သည်။

 

တရုတ်အဖို့လည်း ပြည်တွင်းရေး ဝင်မစွက် ဟု ကမ္ဘာတောင်ခြမ်း နိုင်ငံများ အကြား မျက်နှာပျက်စရာ ဖြစ်သွားခဲ့ရသည်။

 

သို့သော် တရုတ် အဖို့က အခြားနည်းလမ်း မရှိတော့၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှေ့ဆက်မတိုးရန် စီးပွားရေး၊ စစ်ရေး နည်း ပေါင်းစုံ သုံး၍ ခြိမ်းခြောက်လာရသည်။ ထိုလုပ်ရပ်အား နိုင်ငံတွင်း အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းပေးနေသည်ဟု ခေါင်းစဉ် တပ်လာခဲ့ရသည်။

 

သို့သော် အာဆီယံ နိုင်ငံများက အခြေအနေများ တိုးတက်မလာသည့် အပေါ် စိတ်ပျက်လာကြပြီး စင်္ကာပူ ဝန်ကြီးချုပ် လော့ရင့်စ် ဝေါင်းမှ လာအို အစည်း အဝေးတွင် အကြမ်းဖက်မှု များ ရပ်တန့်ရန်တရုတ်ကဲ့သို့ အကျိူးတူ နိုင်ငံများ မှ ယခုထက်ပို၍ ရှေ့ထွက်ပြီး စစ်ကောင်စီ အား ဖိအားပေးရန် တောင်းဆိုလာခဲ့သည်။

 

တရုတ်သည်လည်း စစ်ကောင်စီ နှင့် ယခင်ကလို မဟုတ်တော့ပဲ လူသိရှင်ကြား ဆက်ဆံလာကြသည်။ လာမည့်လ အတွင်း မင်းအောင်လှိုင်သည် ၎င်း သုံးနှစ်ကျော် မျှော်လင့် တောင့်တနေသည့် တရုတ်ပြည်သို့ သွားရောက်နိုင်ရေး အကောင်အထည် ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုခရီးစဉ် သည် မဲခေါင် မြစ်ဝှမ်း‌ ဒေသ ခေါင်းဆောင်များ အစည်းအဝေး ပုံစံမျိုး ဖြစ်သော်လည်း ရှီကျင့်ပင်သည်သာ မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံမည် ဆိုက ၎င်းတို့အဖွဲ့အား ပစ်ပယ်ထားခဲ့သမျှ ကို ပြန်၍ အဖတ်ဆယ်နိုင်မည့် မူဝါဒ ရေးရာ ပိုင်း သိသာထင်ရှားစွာ ပြောင်းလဲလာခြင်းသာ ဖြစ်မည်ဟု ရစ်ချတ် ဟိုဆေးက ဆိုသည်။

 

လက်ရှိတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် လေးကေကော်ရှိ စစ်‌ ကောင်စီ လက်နက်ကြီး များ ချထားသည့် ဆွာတော် စခန်းကုန်းအား သိမ်းယူနိုင်မှု နှင့် အတူ မြဝတီ မြို့အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး စစ်တပ်မှလည်း ၎င်းတို့၏ ခမရ ၂၇၅ အား လေကြောင်းမှ ရိက္ခာ နှင့် လူအင်အား ဖြည့်တင်းနေသည်ဟု သတင်းများက ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!