တရုတ်၏ တဖက်ပိတ် မူဝါဒ ကျဆုံးခန်း ၏ အစ

by Hla Soewai - Nov 04 2024

ယခုအခါ တရုတ် အစိုးရ မှ ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ရန် ငြိမ်းချမ်းရေး အကြောင်းပြပြီး ထဲထဲဝင်ဝင် ဝင်ရောက် စွက်ဖက်လာနေပြီ ဖြစ်၍ တော်လှန်ရေး ၏ အရှိန်အဟုန်ကို အနည်းနှင့် အများ ဆိုသလို ရိုက်ခတ်ခံလာရသည်။

 

လတ်တလော တွင် မန္တလေး ရှိ တရုတ် ကောင်စစ်ဝန် ရုံးအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရမှု အတွက် လွန်စွာ တုန်လှုပ်မိပြီး ပြစ်တင်ရှုတ်ချကြောင်း၊ ကျုးလွန်သူများ အား မဖြစ်မနေ ဖေါ်ထုတ် ဖမ်းဆီးပေးရန် နှင့် ထိုကဲ့သို့ နောက်တကြိမ် မဖြစ်ပွားဖို့ ကာကွယ်ပေးရန် သတိပေးထားသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆိုသွားခဲ့သည်။

 

တရုတ်၏ အပြောအဆိုသည် လက်အောက်ခံ နိုင်ငံ တနိုင်ငံအား အမိန့်ပေးသည့် လေသံမျိုး အတိုင်းသား ပေါ်လွင်နေပေသည်။ 

 

ကချင် လွတ်လပ်ရေး တပ်တော်မှ ပန်းဝါ မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး နောက်‌ နယ်ခြား ဖြတ်ကျော်ရေး ဂိတ်များ အားလုံးကိုလည်း တရုတ်ဖက်မှပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

တရုတ်သည် ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ နှင့် နယ်နမိတ် ထိစပ်နေ၍ ပြဿနာများ ကူးစက်မလာရန် နှင့် အကျိုးစီးပွား ကာကွယ်ရန် အထူးသတိထားနေသော်လည်း တကယ်တမ်း သေရေးရှင်ရေး ဖြစ်လာနေသည့် မြန်မာ အရေးအား ကိုင်တွယ်ရာတွင် အလွဲလွဲ အချော်ချော် ဖြစ်လာနေပြီး ၎င်းတို့ အကျိုးစီးပွားလည်း ထိခိုက်လာခဲ့ရသည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ က ထောက်ပြ ရေးသားလာခဲ့သည်။

 

တရုတ်သည် အဓိက အားဖြင့် ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်း၊ ဝမ်ပေါင်ကြေးနီ တွင်း၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုံတို့အား ကာကွယ်ရန် ဖြစ်သည်။ ၎င်းတို့ ၏ နယ်ခြား နှင့် မီးရထား၊ ကားလမ်းများဖြင့် ဆက်သွယ်ပေးမည့် စီမံကိန်းများသည်လည်း သံတမန်ရေး အရ အထီးကျန် ဖြစ်နေသည့် စစ်ကောင်စီ ထံမှ မည်မျှပင် နှိုက်ထုတ် နိုင်ခဲ့စေကာမူ ယခု အခါ ရပ်တန့်နေပြီ ဖြစ်သည်။

 

၎င်းတို့ ကာလ ကြာမြင့်စွာ ကတည်းက ပုံစံအမျိုးမျိုး နှင့် ပံ့ပိုးပေးလာခဲ့သော ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ဖြင့် ရှမ်းမြောက်‌ဒေသမှ စစ်ကောင်စီ တပ်များအား မောင်းထုတ် နိုင်ခဲ့မှု နှင့် အတူ မူဆယ် ဂိတ်မှ လွဲ၍ ကျန် နယ်ခြား ဂိတ်များ အားလုံး ထိန်းချုပ် နိုင်ခဲ့ကြသည်။

 

ဒေါ်လာ ၉ ဘီလီယံ ခန့် ရှိ နယ်ခြားကုန်သွယ်ရေးသည် ရပ်တန့်သွားခဲ့ရသည်၊ တရုတ်၏ စီးပွားရေး တခုလုံး အတွက် ထိခိုက်မှု မရှိလှသော်လည်း နယ်စပ်ခြင်း ထိစပ်နေသည့် ယူနန် ပြည်နယ်၏ စီးပွားရေးသည် တိုးတက်မှု နှေးကွေးလာခဲ့ရပြီ ဖြစ်သည်။ ယူနန် အစိုးရသည် MNDAA အား ဖိအားပေးသည့် အနေဖြင့် လျပ်စစ်ဓါတ်အားနှင့် အင်တာနက်ကို ဖြတ်တောက်ပစ်ခဲ့ကြသည်။

 

ယခုအခါ ကျောက်စိမ်း၊ ရှားပါး မြေသား သတ္တုများ အပါအဝင် မြန်မာ့ တွင်းထွက် သယံဇာတများ၏ ၉၀ ရာနှုန်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ နှင့် တိုက်ပွဲ များ ဖြစ်ပွားနေသည့် ဒေသများ အတွင်း ကျရောက်သွားပြီ ဖြစ်သည်။

 

၎င်းတို့၏ ရေအားလျပ်စစ် ဓါတ်အားပေး ဆည်များသည်လည်း ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားပြီး ကချင်တပ်များသည်လည်း ၎င်းတို့နယ်မြေ များ အတွင်းရှိ ဆည်များကို သိမ်းပိုက်ရန် တာစူနေပြီ ဖြစ်သည်။

 

ရက္ခိတ တပ်တော် AA သည် ကျောက်ဖြူကို သိမ်းယူခြင်း မရှိသေးသော်လည်း ပတ်ဝန်းကျင် နယ်မြေများ အားလုံး ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ အထူးစီးပွားရေး ဇုံ နှင့် ပတ်သက်သည့် လုပ်ငန်းမှန်သမျှ AA နှင့် ဆွေးနွေးရတော့မည် ဖြစ်ပြီး အမ်းကို သိမ်းနိုင်မည်ဆိုက ရေနံဓါတ်ငွေ့ ပို့လွှတ်ရာ စခန်းကို ပါ ရရှိသွားတော့မည် ဖြစ်သည်။

 

စစ်တွေ ဆိပ်ကမ်း ပတ်ပတ်လည် ကို ထိန်းချုပ်လာနိုင်ခဲ့မှု ကြောင့် အိန္ဒိယ အစိုးရ အဖို့ မြန်မာနှင့် ပတ်သက်သည့် မူဝါဒကို ပြန်၍ သုံးသပ်ရဖို့ရှိလာပြီး AA နှင့် ဆွေးနွေးရဖို့ ဖြစ်လာသည်။ တရုတ်ကတော့ တင်းခံနေဆဲပင် ဖြစ်သည်။

 

၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း တရုတ်သည် စစ်ကောင်စီ အား လက်နက်များ လွှဲပြောင်းပေးလာသည်။ ဩဂုတ်လ အတွင်း FTC-2000G လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ် ၆ စီးကို ရရှိလာခဲ့သည်။

 

စစ်ကောင်စီ သည် လေကြောင်း ဖြင့်သာ ပြည်သူများ အား တိုက်ခိုက်နိုင်သော်လည်း နယ်မြေ များ ပြန်၍ ရရှိဖို့ မစွမ်းဆောင်နိုင်ပဲ ဖြစ်နေသည်၊ ၎င်းတို့ အတင်းအကျပ် စစ်ထဲ ဆွဲသွင်းလာသည်မှာ ၆ သုပ် ရှိလာပြီး လူ ၃၀,၀၀၀ ခန့် ရလာသော်လည်း ဖြစ်သလို လေ့ကျင့်ပေးခဲ့မှု နှင့် အတူ လက်နက် အပြည့်အစုံ တပ်ဆင်မပေးနိုင်သည့်အပြင် စိတ်ဓါတ်ပိုင်းတွင်လည်း ချို့ယွင်းနေပြန်၍ ထိရောက်မှု မရှိ ဖြစ်လာရသည်။

 

ပင်လယ်ဘူး မြို့ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၃၀၀ ခန့် လက်နက်ချခဲ့ကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း တလကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများ အတွင်း စစ်ကူ မပေးနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။

 

ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်များနှင့် တိုင်းရင်းသား တပ်များသည် ရေကြောင်းလမ်းကို ပိတ်ဆို့ တိုက်ခိုက်လာနေပြီ ဖြစ်၍ ထွက်ပြေးသူများ၊ လက်နက်ချသူများ များပြားလာသည်။

 

စစ်ကောင်စီ ဖက်မှ တန်ပြန် ထိုးစစ် စတင်လာခဲ့သော်လည်း ထိရောက်မှု မရှိ ဖြစ်လာနေ၍ တရုတ် ဖက်မှ ၎င်းတို့ ပြိုလဲ သွားမည့်အရေး ကို စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ဇူလိုင်လ အတွင်း တရုတ် အထူး သံတမန် တိန်ရှီချွန်း နှင့် ဝ အဖွဲ့ ဆွေးနွေးပွဲမှ ပေါက်ကြားလာသည့် မှတ်တမ်းများတွင် သိသာထင်ရှားစွာ တွေ့လာခဲ့ရသည်။

 

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် နေပြည်တော်သို့ ရောက်ခဲ့စဉ် အတွင်း စစ်ကောင်စီအား ဘဏ္ဍာရေးအရ ကူညီမည်ဟု ပြောခဲ့သည့် အတွက် NUG မှ တရားမဝင် အစိုးရအား ချေးငှားမှုများအား မိမိတို့ တာဝန်မယူဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ဘီဂျင်းသည် ထိုသို့သော အကြောင်းများ ရှိလာ၍ ရွေးကောက်ပွဲ ဖြင့် စစ်ဗိုလ်ချုပ်များ အာဏာဆက်ရှိနေစေရန် တွန်းအားပေးလာခဲ့သည်။

 

တိန်ရှီချွန်း နှင့် သံအမတ်အသစ် မာကျား တို့ နှစ်ဦးစလုံးသည် စစ်အာဏာရှင်များ အား တရုတ်မှ ပံ့ပိုးကူညီနေမှု ကို မြန်မာပြည်သူများ မည်မျှအထိ ရွံရှာ မုန်းတီးနေသည်ကို သိနားလည် နိုင်စွမ်း မရှိ ဖြစ်နေကြပြီး သမိုင်း၏ မှားယွင်းသော ဘက်ခြမ်းတွင် ရပ်တည်နေကြဆဲ ဖြစ်သည်။

 

တရုတ် သံတမန်များ နှင့် ထောက်လှန်းရေး အဖွဲ့များသည် ထုံအနေကြသူများ မဟုတ်၊ သို့ပါလျက် အဘယ်ကြောင့် ထိုသို့ ယူဆနေကြရသနည်း၊ ထိုအဖြေ၏ တစိတ်တပိုင်းသည် ၎င်းတို့၏ အိုင်ဒီယို လိုဂျီ နှင့် မြင်းများလို ပတ်ဝန်းကျင် ကို မမြင်နိုင်အောင် မျက်လုံး တဖက်တချက် ကာရံထားခြင်း ခံနေရခြင်းကြောင့်သာ ဖြစ်ပေမည်။ ၎င်းတို့ကိုယ်တိုင်က အာဏာရှင် များ ဖြစ်နေ၍ အယူအဆ တူ အာဏာရှင် များ ကျဆုံးရမည့် အရေးကို လက်မခံနိုင် ဖြစ်နေကြသည်။ ထို့အပြင် ၎င်းတို့ နယ်ခြား တဖက်တွင် ရှုပ်ထွေးလာနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းလာမည့် အရေးကို စိုးရိမ်နေကြသော ကြောင့်လည်း ဖြစ်သည်။

 

လက်ရှိတွင် အရင်းအမြစ် ပိုင်းအရရော၊ စစ်ရေး စွမ်းဆောင်ရည် ပိုင်းအရပါ အသာစီး ရအောင် ပံ့ပိုးပေးထားပါလျက်နှင့် စစ်ကောင်စီ၏ အရည်အချင်း မရှိမှုများ၊ မတော်လောဘစိတ်များ နှင့် ယုံမှားလွန်ကဲမှု များ အောက်တွင် တဖြေးဖြေး ဝန်ပိလာနေရပြီ ဖြစ်သည်။

 

အကျင့်ပျက် ခြစား ပြီး ၎င်းတို့ အလိုကို လိုက်လျောရန် ဝန်မလေးသည့် စစ်ခေါင်းဆောင်များ ပါဝင်သည့် အစိုးရ မျိုးသာ အကျိုးစီးပွားကို ကာကွယ် ပေးနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

 

ယခုလို အနေအထား တွင် စစ်ခေါင်းဆောင်များကိုသာ စားပွဲ ဝိုင်းတွင် နေရာပေးမိက ဖက်ဒရယ် နှင့် ဒီမိုကရေစီ အင်အားစုများ အတွက် ကြီးစွာသော အနှောက်အယှက်များ ပေးလာမည် ဖြစ်သည်။ 

 

၎င်းတို့ကြောင့် ပြောမကုန် နိုင်သည့် ဒုက္ခသုက္ခ မျိုးစုံ ကို ကြံ့ကြံ့ခံ ရပ်တည်လာခဲ့ရပြီး အလူးအလဲ ခုခံ တွန်းလှန်နေကြသည့် မြန်မာပြည်သူများ အဖို့ မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသည့် ဖြေရှင်းချက်မျိုးပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!