ပြီးခဲ့သည့် လအတွင်း အီရန် နှင့် အစ္စရေး အကြား တင်းမာမှု မြင့်တက်လာနေခိုက် အီရန် မြို့တော် တီဟီရန် တွင် ပြုလုပ်သော ငါးရက်ကြာ တရုတ် ရုပ်ရှင်ပွဲတော်တွင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ အတွင်း တရုတ် စစ်သားများ ၏ အမေရိကန် တပ်များ အား ရွတ်ရွတ်ချွံချွံ ခုခံ တိုက်ခိုက်ထားပုံ ကို တင်ပြထားသည့် "The Battle at Lake Changin" ရုပ်ရှင်ကြီးလည်း ပါဝင်လာခဲ့သည်။
တရုတ်ပြည်ရှိ အမျိုးသားရေး ဝါဒီ ဘလော့ဂါများကလည်း ရုပ်ရှင်အကြောင်း အုတ်အော်သောင်းနင်း ရေးသားကြရင်း "အမေရိကန်သည် အစ္စရေး နောက်တွင် ရှိနေလျင်ပင် အီရန်သည် ငြိမ်ခံနေမည် မဟုတ်" ဟူသော အရေးအသားမျိုးပင် ပါလာခဲ့သည်။
တရုတ် အရာရှိများသည် အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှု များ ပျံ့နှံ့လာမည့် အရေးကို လိုလိုလားလား မရှိကြ၊ ၊အောက်တိုဘာ ၁ ရက်နေ့တွင် အီရန်သည် အစ္စရေးသို့ ဒုံးကျည်များ အလုံးအရင်း နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ အစ္စရေးသည်လည်း ဂါဇာရှိ အီရန်၏ လက်ခွဲများ နှင့် လက်ဘနွန် ရှိ ပစ်မှတ် များအား ဒလစပ် တိုက်ခိုက်လာခဲ့သည်။ ထိုဖြစ်ရပ်များ ကြောင့် တရုတ်သည် ရတက် မအေး ဖြစ်လာရသည်။
"ဗြောင်းဆန်နေသည့် ဝင်ရိုးတန်း လေးနိုင်ငဲ" ဟု အနောက်ကမ္ဘာတွင် နာမည် ရနေသည့် တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ ရုရှား ဆိုသည့် အင်အားကြီး လေးနိုင်ငံသည် အမေရိကန် ဦးဆောင်နေသည့် ကမ္ဘာ အခင်းအကျင်းကို ရွံရှာ မုန်းတီးနေပြီး ဖျက်လို ဖျက်ဆီး လုပ်ရန် အဆင်သင့် ဖြစ်နေကြသည်။
၎င်းတို့ အချင်းချင်း လုံခြုံရေး ပိုင်း ဆက်ဆံနေမှု များသည် သိုသိုသိပ်သိပ် ပုံစံမျိုး နှင့် ဖြစ်သည်။ တရုတ်သည် တိုင်ဝမ် တဝိုက် ဗလ ပြနေသော်လည်း တကယ်တမ်းတွင် ပဋိပက္ခ ဖြစ်လာမည့် အရေးကို မလိုလားသည်က အမှန်ပင် ဖြစ်သည်။
အီရန် နှင့် ဆက်ဆံရေး ပိုင်းတွင် တရုတ်သည် ကျဉ်းထဲ ကျပ်ထဲ ရောက်နေသလို ယူဆလာသည်။ ဘီဂျင်းရှိ တရုတ် ခေါင်းဆောင်များက အီရန် ၏ ကမ္ဘာအမြင် အပေါ် ကိုယ်ချင်းစာ စိတ် ဖြင့် ရှုမြင်လေ့ ရှိကြသည်။ ပြီးခဲ့သည့် နှစ် အတွင်း တရုတ် နှင့် ရုရှား တို့ ကြီးစိုးနေသည့် ယူရေရှား လုံခြုံ ရေး နှင့် စီးပွားရေး အဖွဲ့ကြီး ဖြစ်သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ထဲသို့ အီရန် အား တင်းပြည့် ကျပ် ပြေ့ အဖွဲ့ဝင် အဖြစ် လက်ခံပေးခဲ့ကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်း ကလည်းအနောက် အုပ်စုကို သံသယ ဖြစ်နေကြသည့် နိုင်ငဲများ ၏ ခံတပ် အဖြစ် တရုတ် နှင့် ရုရှားတို့ ပျိုးထောင်ထားသည့် BRICS အဖွဲ့ဝင်အဖြစ် အီရန်ကို လက်ခံခဲ့ပြန်သည်။
တရုတ်သည် အီရန် ထံမှ ရေနံ အမြောက်အမြား ဝယ်၍ ရနေသဖြင့် အကျိုး ဖြစ်ထွန်းလျက် ရှိသည်။ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ထားမှု ကို ရှောင်နိင်ရန် နည်းလမ်းပေါင်းစုံ သုံးနေ၍ မည်ရွေ့မည်မျှ ပမာဏ အထိ ဝယ်ယူနေသည်ကို အတိအကျ မသိနိုင် ဖြစ်နေသော်လည်း တရုတ် ရေနံစိမ်း တင်ပို့မှု စုစုပေါင်း ၏ ၁၀-၁၅ ရာနှုန်း ခန့် ရှိမည်ဟု ခန့်မှန်းနေကြသည်။
တရုတ်သည် ပြည်ပမှ ရေနံ များကို အများဆုံး ဝယ်ယူ နေသဖြင့် အရှေ့အလယ်ပိုင်း တွင် စစ်ပွဲ ကျယ့်ပြန့် လာမည် ဆိုက ရေနံများ စီးဆင်းနေမှု ရပ်တန့်သွားမည့် အရေး နှင့် ကုန်ကျစရိတ် များ မြင့်တက်လာမည့် အရေး များ အတွက် ရတက်မအေး ဖြစ်လာရသည်။ အီရန်သည် တရုတ် သို့ ရေနံကို ဈေးပေါပေါ နှင့် ရောင်းပေးနေသည့် နိုင်ငံ ဖြစ်သည်။ အကယ်၍ အီရန်၏ ရေနံချက်စက်ရုံ များကို အစ္စရေး တို့ တိုက်ခိုက်လာမည် ဆိုက ဆော်ဒီ အာရေဗီယား ကဲ့သို့ ဈေးကြီးသည့် နိုင်ငံများဖက် လှည့်ရတော့မည် ဖြစ်သည်။ ပင်လယ်နီ နှင့် ဟော်မုဒ် ရေလက်ကြားကို ဖြတ်သန်းရမည့် ဆော်ဒီ၏ ရေနံ တင်ပို့မှု လမ်းကြောင်းအား အီရန် နှင့် အီရန် ထောက်ခံသည့် ဟူသီ သူပုန်များက ဖျက်လို ဖျက်ဆီး လုပ်ခံရမည့် အရေး ကိုလည်း စိုးရိမ်ရတော့မည် ဖြစ်သည်။
တရုတ် အဖို့ အဓိက စိုးရိမ်ရမည့် အရေး တော့ မဟုတ်ပေ။ ၎င်းတို့၏ရေနံ အရံပမာဏသည် သုံးလေးလခန့် အထိ ဖူလုံအောင် သိုလှောင်ထားပြီး သား ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် စစ်ပွဲကြီး ဖြစ်လာက ၎င်းတို့၏ ရင်းနှီးမြုပ်နှံ ထားမှုများ ခြိမ်းခြောက်ခံလာရတော့မည့် အရေးက ပို၍ စိုးရိမ်စရာ ဖြစ် နေသည်။ ဆော်ဒီ နှင့် ယူအေအီး တို့တွင် ဘီလီယံ ပေါင်း များစွာ ရင်းနှီး မြုပ်နှံထားသည့် ပရိုဂျက်ပေါင်းများစွာ ရှိထားပြီး ဖြစ်သည်။ တရုတ်သည့် ပါလက်စတိုင်း အရေးအား ထောက်ခံနေသော်လည်း အစ္စရေး တွင် လည်း ရင်းနှီးမြုပ်နှံထားမှု များ ရှိနေပြန်သည်။
တရုတ်သည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အရှိန်အဝါ ကျဆင်းလာနေပြီကို သိမြင်ထားပြီးလည်း ဖြစ်၍ အီရန် အပြင် ဆော်ဒီ ကဲ့သို့ ပြိုင်ဖက် နိုင်ငံများ နှင့်ပါ ဆက်ဆံရေး ထူထောင်ထားသည်။
သို့သော် အရှေ့ အလယ်ပိုင်း ပြဿနာ သည် အီရန် နှင့် ဆက်စပ်ပြီး ပဋိပက္ခကြီး ဖြစ်လာပါက တရုတ်၏ သံခင်းတမန်ခင်း ဖက်တွင် ပန်းသေပန်းညိုး ဖြစ်နေမှု သည် ဗူးပေါ်သလို ပေါ်လာ တော့မည် ဖြစ်သည်။ တရုတ်သည် ထိုသို့ အထင်မခံရအောင် ကြိုးစားလာခဲ့သည်။ ပြီးခဲ့သည့် နှစ် မတ်လ အတွင်းက ဆော်ဒီ နှင့် အီရန် အကြား သံတမန် ဆက်ဆံရေး ထူထောင်နိုင်ရန် ကြားဝင်ပေးခဲ့သည်။ ဇူလိုင်လ တွင် ဘီဂျင်း တွင် ဟားမာစ် နှင့် ဖာတာ ပါလက်စတိုင်း အဖွဲ့များ အကြား ဂါဇာ စစ်ပွံ ပြီးဆုံးပါက အစိုးရ အသစ် ဖွဲ့စည်း နိုင်ရေး အတွက် သဘောတူညီချက် ရရှိအောင် မျက်နှာခြင်းဆိုင် တွေ့ဆုံပေးခဲ့သော်လည်း မရေမရာ သဘောတူညီချက်မျိုး နှင့် သာ ပြီးစီးသွားခဲ့သည်။
သို့သော် အစ္စရေးသည် ပါလက်စတိုင်း နယ်မြေများ တွင် ဟားမားစ်တို့ ပြန်လည် ပါဝင်လာမည့် အရေးကို လားလားမျှ မလိုလားသဖြင့် "ဘီဂျင်း ကြေညာချက်" အား ပယ်ချခဲ့သည်။ အီရန်၏ ရေနံ များ ရောင်းချ နိုင်ရေး သည် ဘီဂျင်းကို အမှီပြုနေရသဖြင့် တရုတ်မှ နိုင်ကွက် ရထားသလို ဖြစ်နေသည်။ အမေရိကန်သည် ယူကရိန်း နှင့် အရှေ့အလယ်ပိုင်းတွင် ပတ်သက်ငြိတွယ်နေခြင်းကြောင့် တရုတ်တို့ အတွက် အီရန် ထက် ပို၍ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနေသည်။ အမေရိကန် သည် ထိုဒေသများ တွင် အာရုံ နောက်နေရ၍ တိုင်ဝမ် အရေး နှင့် ပတ်သက်လာလျင် ၎င်းတိုအပေါ် ထစ်ကနဲဆို ရန်လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု ယူဆလာကြသည်။
သို့သော် လက်ရှိ မီးတောက်ကို ပို၍ တောက်လာရန် ယက်ခပ် ပေးလိုသည့် စိတ်တော့မရှိ၊ တရုတ် နှင့် အီရန် အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု သည် ယခုထိ မှုလောက်စရာ မရှိသေးဟု အနောက်အုပ်စု၏ ထောက်လှန်းရေး အဖွဲ့များက ယူဆထားကြသည်။ တရုတ်သည် လာမည့် ၂၅ နှစ် အတွင်း အီရန် တွင် ဒေါ်လာ ၄၀၀ ဘီလီယံ ခန့် ရင်းနှီး မြုပ်နှံမည်ဟု ဟ ပေးထားသော်လည်း ယခုထိ တပြားတချပ်မျှ ထည့်ဝင်လာခြင်း မရှိသေးပေ။
တရုတ် အတွက်က နယ်နမိတ်ခြင်း ထိစပ် နေသော ရုရှားနှင့် မြောက်ကိုရီယား ကိုသာ အလေးထား နေသည်။ ရုရှား၏ ကာကွယ်ရေး စက်ပစ္စည်း ထုတ် လုပ်ငန်းများကို နည်းပညာ ပိုင်းအရ အလုံးအရင်း နှင့် အကူအညီ ပေးနေသော်လည်း ရုရှားဖက်မှ နျူကလီယား သုံးမည်ဟု ခြိမ်းခြောက်လာခြင်းကိုမူ ကန့်ကွက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။
မြောက်ကိုရီယား နှင့် ပတ်သက်၍မူ အမေရိကန် တို့ နှင့် ကြားခံ နယ်မြေ အဖြစ် သဘောထားနေသည်။
တရုတ်သည် အာဏာရှင် နိုင်ငံများအား အမေရိကန် ကို စိတ်အနှောက်အယှက် ဖြစ်ရေး အတွက်သာ မိတ်ဆွေ အဖြစ် သဘောထား ဆက်ဆံနေခြင်း ဖြစ်သည်။ ထိုနိုင်ငံများမှ ပြဿနာ ကြီးထွားလာအောင် လုပ်မည့် အရေးကို မူ သတိကြီးစွာ ထား နေသည်။
အီရန် နှင့် အစ္စရေး ကြား တကယ်တမ်း ပြဿနာ ဖြစ်လာခဲ့လျင်လည်း ၎င်းတို့ အကျိုးစီးပွား များအား ထိခိုက်လေမလားဟူသော စိုးရိမ်စိတ်ဖြင့် ရင်တမမ စောင့်ကြည့်နေမည့် အဆင့်သာ ရှိပေသည်။
၊(၂၀၂၄ အောက်တိုဘာလ ၁၅ ရက် ထုတ် အီကော်နောမစ် မဂ္ဂဇင်း၏ Does China welcome—or dread—an Iran-Israel war? ဆောင်းပါးအား ကောက်နှုတ် တင်ပြသည်။)