တရုတ် လေယာဉ်ပစ် အမြှောက်များမှ အကြမ်းဖက် တပ် ၏ MIG-29 တိုက်လေယာဉ် အား နယ်စပ် အနီးတွင်အောက်တိုဘာ ၁၉ ရက်နေ့တွင် ပစ်ခတ် ခဲ့ရသည်ဟု X, နှင့် တယ်လီဂရမ် တွင် ဗီဒီယို ဖိုင်နှင့် အတူ ထွက်ပေါ်လာသော သတင်းများကို အခြေခံပြီး ဘူဂေးရီယား စစ်တပ် သတင်းဝက်ဆိုဒ် တွင် ဖေါ်ပြလာခဲ့သည်။
ဗီဒီယို ဖိုင်တွင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသော ကျည်သွားလမ်းကြောင်းများ နှင့် နောက်ခံ တရုတ် စစ်သားများ၏ ပြောဆိုသံများ ပါရှိလာခဲ့သည်။
မန္တလေး ရှိ တရုတ် ကောင်စစ်ဝန် ရုံးအား အောက်တိုဘာ ၁၈ ရက် နေ့တွင် လက်ပစ်ဗုံး နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တရက် အကြာ တွင် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထို ဖြစ်ရပ်အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြစ်တင်ရှူတ်ချ ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ၎င်းတို့အား ထောက်ခံသူများ ဖက်က စစ်တပ်၏ အရေးနိမ့်နေမှု များ အပေါ် တုန်လှုပ်လာသောကမူးရှုးထိုး ကြံစည်လာခြင်ပင် ဖြစ်သည်။ အဆိုပါ အဖွဲ့များကပင် မင်းအောင်လှိုင်အား အရပ်ဖက် ပြောင်းပြီး စစ်ဖက်အား ဒု ခေါင်းဆောင် စိုးဝင်းအား လွှဲပေးရန် လူသိရှင်ကြား တောင်းဆိုလာခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ အားကိုး၍ ရမည် ထင်နေသော စိုးဝင်းသည်လည်း စစ်ဆင်ရေးများတွင် သုံးစားမရသည့် အပြင် သွား လေ ရာတွင် ပင် ဒရုန်းဖြင့် အပစ်ခံနေရသည်။ ကြံဖွတ် ခေါင်းဆောင် ခင်ရီ သည်ပင် ရုရှားမှ အကူအညီ ပေးပါရန် မရှက်မရွံ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။ ထို့အတွက် ၎င်းတို့ သက်သာလို သက်သာငြား တရုတ် အား ပြည်တွင်းစစ်ကြီးထဲ ဆွဲသွင်းရန် ဖြတ် လမ်းမှ မိုက်မဲစွာ ကြံစည်လာကြခြင်း ပင် ဖြစ်သည်။
ဘီဂျင်းဖက်ကလည်း အလားတူ ကမူးရှူးထိုး ဖြင့် မင်းအောင်လှိုင်ဖက်က ပုံအော် ထောက်ခံ ပေးလာသည်ကိုပင် အမျိုးသားရေး သမားများက အယုံအကြည် မဲ့နေကြပြီး စစ်တပ်၏ အရေး နိမ့်နေမှု များသည် တရုတ်၏ နောက်ကွယ်မှ တိုင်းရင်းသား အဖွဲ့များ အား ပံ့ပိုးပေးနေမှု ကြောင့်ဟု စွပ်စွဲနေကြ၍ တရုတ်-မြန်မာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာမည့် အရေးကို စိုးရိမ်စရာ ဖြစ်လာရသည်။
၎င်းတို့ အနေဖြင့် တရုတ်ဖက်မှ စစ်ဆင်ရေး အား ရပ်ဆိုရပ်၊ တိုက်ဆိုတိုက် ဟု လိုက်နာ နေရသော တိုင်းရင်းသား တပ်များအား ကြည့်၍ မည်မျှ အတိုင်းအတာ အထိ ပံ့ပိုး ပေးထားသည်ကို ခန့်မှန်း နိုင်ကြ၍လည်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ တရုတ် ကောင်စစ်ဝန် ရုံး တိုက်ခိုက်ခံခဲ့ရမှု သတင်းသည် နိင်ငံတကာ သတင်းစာမျက်နှာ များတွင် ဟိုး လေး တကျော်ကျော် ပါလာ နေ၍ တရုတ်သည် မြန်မာအရေး တွင် လုံးဝ အတိမ်းအစောင်း မခံတော့သည့် အနေအထား ရောက်လာနေပြီ ဖြစ်သည်ကို ထပ်၍ မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်သည် ပစ္စတို ခါးချိတ်၍ ပင်လယ်ဘူး တွင် ပြည်သူများ အား လှည့်လည် နှုတ်ဆက်နေချိန်တွင် မင်းအောင်လှိုင်သည် အိမ်မက် များကို တရှိုက်မက်မက် ဖြင့် အရည်မရ အဖတ်မရ မက်လို့ ကောင်းနေဆဲပင် ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် ၉ နှစ်ပြည့် နှစ်ပတ်လည်အတွက် အထိမ်းအမှတ် အဖြစ် ပြောဆိုသည့် စကားများထဲတွင် ပြည်ပရောက် မြန်မာများက မြှောက်ထိုးပံ့ပိုး၍ နိုင်ငံကို ဖျက်ဆီးနေပြီး ၎င်းအ နေဖြင့် လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိဘဲ နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဟု ပြောဆိုလာပြီး စေ့ဆပ် ဆွေး နွေးခြင်း ဖြင်ု အဖြေရှာ ကြရေး၊ အကြမ်းမဖက် နည်းလမ်း ကျင့်သုံးရေး အစရှိသဖြင့် ဘူးလုံးနားမထွင်း ပြောနေသူများအား ၎င်း၏ သဘောထားကို ရှင်းလင်းစွာ အသိပေး လိုက်ပြီ ဖြစ်သည်။
ထိုစကားရပ်များသည် အာဆီယံ အစည်းအဝေး အပြီး ထွက်ပေါ်လာခြင်း ဖြစ်၍ နိုင်ငံတကာ အသိုက်အဝန်းက ၎င်းတို့ ထင်သလို လက်မခံတော့မှန်း သိသွား၍လည်း ဖြစ်သည်။
တရုတ်သည် အကြမ်းဖက် စစ်တပ် မှ နိုင်ငံ အလယ်ပိုင်းရှိ ပြည်သူ့ လွတ် မြောက်ရေး တပ်ဖွဲ့များအား အလုံး အရင်း နှင့် စိတ်ကြိုက် ထိုးစစ် ဆင် ချေမှုန်း နိုင်ရေး အတွက် တိုင်းရင်းသား တပ်ဖွဲ့များအား စစ်တပ် နှင့် ငြိမ်းချမ်းရေး ရယူ ရန် အတင်းအကျပ် ဖိအားပေး ရမည့် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပေးနေပြီ ဖြစ်သည်။ သို့မှသာ တပ်များ ကို ထုတ်နှုတ် ရွှေ့ပြောင်းပေး၍ ရမည် မဟုတ်ပါလား။
ငြိမ်းချမ်းရေး ဆိုသည်က ကွက်ကျားယူ၍ ဖြစ်နိုင်ကောင်းပါ၏ လော။ တရုတ်မှ ငြိမ်းချမ်းရေး အား အမှန်တကယ် လိုလားသည် ဆိုက အဘယ်ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ အား ငြိမ်းချမ်း ရေး အတွက် ချန်လှပ်ထားရပေသနည်း။
စစ်ကောင်စီ နှင့် တရုတ် တို့မှ MNDAA နှင့် ဝ တပ်ဖွဲ့များ ပေါင်းသွားမည့် အရေးကို အထူး စိုးရိမ်နေသူများ ဖြစ်သည်။
MNDAA သည် တရုတ်၏ ဖိအားကြောင့် လားရှိုးကို သိမ်းပိုက် ပြီးနောက် ထိုးစစ်ကို ဗြုန်းစားကြီး ရပ်တန့်ပေးလိုက်ရသည်။ ထိုမျှသာမကသေး NUG နှင့် မပူးပေါင်းရေး၊ ၎င်း၏ တပ်ဖွဲ့ဝင်များအား အမေရိကန် နှင့် ဥရောပသို့ ခရီးမထွက်ရ၊ သတင်းသမားများ နှင့် မတွေ့ဆုံရ ဆိုသော တားမြစ်ချက် များပါ ထုတ်ပြန်ခဲ့သည်။
ဩဂုတ်လ အတွင်း အမေရိကန် အစိုးရ အထက်တန်း အရာရှိ များ သည်အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ နှင့်ဘဏ္ဍာရေး အကူအညီ ပေးရေး ကိစ္စများ ကို စတင် ဆွေးနွေးလာကြသည်။ အမေရိကန် အစိုးရသည် တရုတ်၏ မြန်မာ နှင့် ပတ်သက်သော နိုင်ငံရေး ရည်မှန်းချက် ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပရေး ဆိုသည်ကို ပြတ်ပြတ်သားသား ပယ်ချ ထားပြီ ဖြစ်သည်။ သို့သော် ၎င်းတို့ အဓိက စိုးရိမ် နေသည့် အချက်မှာ မင်းအောင်လှိုင် အဖွဲ့ အလွန် နိုင်ငံအတွင်း လုံခြုံရေးကို ထိထိရောက်ရောက် တာဝန်ယူနိုင်မှု ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု သည် အာဆီယံ၏ ဘက်မလိုက်ရေး ဆိုသည့် မူကို ကိုင်စွဲထားသည့် အာဆီယံ အပေါ် အရိပ်မိုးလာပြီ ဖြစ်သည်ဟု လည်း နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။
အင်ဒိုနီရှားသည် အောက်တိုဘာ ၄-၅ တွင် NUG နှင့် အနောက်အုပ်စု ကိုယ်စားလှယ်များ အား ဂျကာတာတွင် ဖိတ်ခေါ်၍ အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့သည်။
ထိုင်း၊ လာအို နှင့် ကမ္ဘောဒီယား တို့က စစ်တပ် နှင့် ဆက်ဆံ သွားရေး ကို လိုလားသည့် နိုင်ငံများ ဖြစ်သည်။
ထိုင်း၏ အဆိုပြုချက် ဖြင့် မြန်မာ အရေး အပေါ် ဝန်ကြီး အဆင့် ဆွေးနွေးပွဲ ကျင်းပသွားရန် သဘောတူကြပြီး နေပြည်တော်မှ "အရပ်သား ကိုယ်စားလှယ်" တဦးဦး အား ဖိတ်ကြားမည်ဟု သတင်း ထွက်ပေါ် နေသည်။ ထိုအစည်းအဝေးတွင် NUG ၏ သဘောထား မည်မျှ အတိုင်းအတာ အထိ ထင်ဟပ်မည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်ဟု ဆိုသည်။
စင်္ကာပူ သည် ယခုထိ မြန်မာ သံအမတ်ကြီး ခန့်အပ်ခြင်းကို လက်ခံခြင်း မရှိသေးပဲ သံရုံး ယာယီ တာဝန်ခံ အဆင့်ဖြင့်သာ ထားရှိနေဆဲ ဖြစ်သည်။ မကြာသေးမီက ရန်ကုန်တွင် ပြီးစီးသွားသည့် အာဆီယံ ရေတပ် စစ်ဦးချုပ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နှစ်ရက်တာ ကျင်းပမည့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး(GMS) တက်ရောက်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်အစိုးရက ဖိတ်ကြားထားပြီး ၎င်းအား ဝန်ကြီးချုပ် လီချန် မှ လက်ခံ တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!