လူသား ကွန်ယက်(4)

by Hla Soewai - Oct 10 2024

သတင်း အချက်အလက် များ အား ပြောတိုင်းယုံကြည်လွယ် သည့် အမြင်

 

သတင်းကွန်ယက်များ အပေါ် မည်မျှ အတိုင်းအတာအ ထိ ယုံမှားလွယ် သည် ကို နားလည် သဘောပေါက်အောင် လုပ်ဖို့ဆိုသည်က အတော်ကို ခဲယ‌ဉ်းလှသည်။ အကြောင်းကား ယုံမှားလွဲသည် မလွဲသည် အကြောင်းကို အသာထားဘိဦး၊ ထိုသတင်းကွန်ယက်များ၏ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းသည် မည်သို့မည်ပုံ ကြီးမားလာနေသည့် အရှိန်အဟုန် အပေါ်ကိုပင် နားလည်မှု လွဲနေကြသောကြောင့်ပင် ဖြစ်သည်။

 

ထိုသို့နားလည်မှု လွဲနေခြင်း ကို ကျွနုပ် အနေဖြင့် အတိုဆုံး နှင့် အရှင်းဆုံး ဖေါ်ပြနိုင်ဖို့ "သတင်း အချက်အလက် များ အား ပြောတိုင်းယုံကြည်လွယ် သည့် အမြင်" ဟု ခေါင်းစဉ်တပ် ခေါ်ဝေါ် ပြောဆိုရပေတော့မည်။

 

အထက်တွင် ‌ဖေါ်ပြထားသည့် ပိုင်သွန် နှင့် မှော်ဆရာ၏ စာသင်သား ပုံဝတ္ထု များသည် လူတဦးချင်းစီ၏ စိတ်နေစိတ်ထား အပေါ် လွန်စွာ အဆိုးမြင် သည့် ဖက်မှ သုံးသပ်ထားခြင်း ဖြစ်သည်။ လက်ရှိ ရရှိ‌ နေသော သတင်းအချက်အလက် များ အား ယုံကြည် လွယ်လွန်းမှု သည်လည်း အဆိုပါ သတင်းများ နှီးနွယ် ဖြန့်ဖြူး နေသည့် ကွန်ယက်များ ထုနှင့် ထယ် နှင့် ရှိလာနေသည့် အရှိန်အဟုန် အပေါ် အခြေခံ၍ ထွက်ပေါ်လာသော အလွန်အကျွံ အကောင်းမြင်သည့် အမြင်များ နှင့် ဆက်စပ်နေသည်။

 

အဆိုပါ သတင်းကွန်ယက်ကြီးများသည် ဆေးဝါး၊ ရူပဗေဒ၊ စီးပွားရေး အစရှိသည့် နယ်ပယ် အသီးသီး တွင် လူတဦးချင်းစီ တွင် ရှိထားသော ဗဟုသုတ များထက် ကောင်းစွာ နှံ့စပ် နားလည် ထားပြီး ဖြစ်သည်ဟု ရိုးစင်းသော အမြင် ရှိသူများ ဖက်က ဆင်ခြေပေးလာကြသည်။ ၎င်းတို့သည် ဩဇာတက္ကိမ ကြီးမားသည့် အပြင် ချင့်ချိန် စဉ်းစားတတ်ကြသည်ဟုလည်း ဆိုသည်။

 

ဥပမာ ဆိုရက ရောဂါဖြစ်ပွားစေသော ပိုးများ နှင့် ပတ်သက်၍ သတင်းအချက်အလက်များ စု ဆောင်းခြင်းဖြင့် ဆေးဝါး ကုမ္ပဏီကြီးများ၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်လုပ်ငန်းများသည် ရောဂါ ဖြစ်ပွားမှု ၏ ဇစ်မြစ် အမှန်ကို လေ့လာဆုံးဖြတ်နိုင်သည်၊ ထိုမှတဆင့် ပိုမို ထိရောက်မှု ရှိ နိုင်သည့် ဆေးဝါးများ ထုတ်လုပ်ပြီး မည်သို့ မည်ပုံ ချင့်ချိန် သုံးစွဲရမည် ဆိုသည်ကိုပါ ထုတ်ပြန်လာနိုင်ကြသည် ဟူ၍ ယူဆခြင်းမျိုး ဖြစ်သည်။

 

အဆိုပါ အမြင်သည် လုံလောက်သော သတင်းအချက်အလက်များ ရရှိမည်ဆိုက အမှန်ကို ရှာဖွေနိုင်ပြီး ထိုမှတဆင့် ရရှိလာသော စွမ်းပကားများ နှင့် အတူ ချင့်ချိန် သုံးသပ်နိုင်မှု များ ထွက်ပေါ်လာသည်။ သိနားလည် ထားခြင်းသာ မရှိက ထိုသို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိ ဟု မှတ်ယူထားမှု အပေါ် အခြေခံသည်။

 

သမိုင်းတွင် မည့် အကျပ်အတည်း ကြီး နှင့် ကြုံလာရချိန်တွင်တော့ ထိုသို့ ထင်‌ ယောင် ထင်မှား ဖြစ်အောင်လှည့်ဖျားတတ်သည့် သတင်းကွန်ယက်များသည် အခါအားလျှော်စွာ ခေါင်းထောင်ထလာတတ်ကြသည်။ ရေရှည်တွင်တော့ ထိုကဲ့သို့‌ သော သတင်းကွန်ယက်များသည် မှန်မှန်ကန်ကန် နှင့် ရှင်းလင်းပြတ်သား သည့် အမြင်ရှိသည့် ပြိုင်ဖက်များကို အရှုံး ပေးလာခဲ့ကြရသည်။

 

ရောဂါဖြစ်ပွားတတ်သည့် ပိုးများ နှင့် ပတ်သက်သော သတင်းအချက်အလက်များကို လျစ်လျု ရှုတတ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ သတင်းမှားများကို တမင်တကာ ဖြန့်ဖြူးခဲ့သည့် ဆေးဝါးကုမ္ပဏီကြီးများသည် နောက်ဆုံးတွင်တော့ ရရှိထားသည့် အချက်အလက်များကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည့် ပြိုင်ဖက်များကို အရှုံးပေး သွားကြရသည်။ ထိုအခါ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခဲ့သည့် သတင်းကွန်ယက်များသည် ဖောက်ပြန်သူများ ဖြစ်ကြပြီး သတင်းကွန်ယက် အကြီးစားများသည်သာ ၎င်းတို့ရှိ စွမ်းပကားအား ချင့်ချိန် စဉ်းစား အသုံးချနိုင်စွမ်း ရှိကြသဖြင့် အားထားရမည် ဖြစ်သည်ဟု အလွယ်တကူယုံကြည် လိုသူများ ဖက်က ယူဆလာကြသည်။

 

သို့‌သော် အမှန်တရား ဆီ ဦးတည်နေသော သတင်း အချက်အလက်များသည် လမ်းလွဲသွားနိုင်စရာ အကြောင်းချင်းရာ များစွာ ရှိနေသည် ‌ဆိုသည်ကိုလည်း ယုံလွယ် သူများက မသိကြ၍ တော့ မဟုတ်ပေ။ သတင်း အချက်အလက် များကို စု‌ ဆောင်းပြီး စီစစ် သုံးသပ်သည့် နေရာတွင် မည်သူ မဆို သဘောရိုး နှင့် အမှား ပြုလုပ်တတ်ကြ သလို၊ တဖန် လောဘစိတ်၊ အမုန်းတရားစိတ် ရှိသူများ သည်လည်း ကောက်ကျစ်သည့် စိတ်ဖြင် အရေးကြီးသည့် အချက်အလက်များကို ဖုံးကွယ် ကောင်း ဖုံးကွယ်တတ်ကြပြီး လိမ်လည် လှည့်ဖျားတတ်ကြသည် ဆိုသည်ကိုလည်း သိနေကြသည်။

 

ဤသို့ဖြင့် အချက်အလက်များသည် အမှန်တရားထက် တခါတရံ တွင် အမှားဖက်သို့ ဦးတည်သွားတတ်ကြသည်။ ဥပမာ ပေးရမည် ဆိုက မပြည့်စုံသော အချက်အလက်များ၊ အပြစ်အနာ အဆာ မကင်းသော လေ့လာသုံးသပ်ချက်များ၊ ရည်ရွယ်ချက်ရှိရှိ ဖြင့် တမင် ဖန်တီးသည့် လုပ်ကြံ သတင်း ထုတ်လွှင့်ချက်များ အစရှိသည်တို့ကြောင့် ကျွမ်းကျင်သူ များပင် ရောဂါ တခု ခု ၏ ဇစ်မြစ်ကို တလွဲ ကောက်ခဲ့ကြသည့် အဖြစ် များ ရှိလာသည်။

 

သို့သော်လည်း ယုံလွယ်လွန်းသူများဖက်ကလည်း သတင်းအချက်အလက်များ စုဆောင်း စီစစ် သုံးသပ်ရာ တွင် ရင်ဆိုင်ရသော အခက်အခဲများ အတွက် ဖြေဆေးသည်က အချက်အလက်များကို ယခုထက် ပို၍ စုဆောင်း ရှာဖွေနိုင်မှ ဖြစ်မည် ဟု ယူဆလာကြသည်။

 

အမှားအယွင်း လုံးဝကင်းစင်သည် ဟူ၍ မည်သည့် အခါမှ ရှိဖူးသည် မဟုတ်၍ အတော်များများ တွင်သတင်းအချက်အလက်များလေ ပို၍ တိကျမှု ရှိလေ ဖြစ်လာသည်။ ဆရာဝန် တဦးသည် လူနာ တယောက်ကို စမ်းသပ်ပြီး ရောဂါ၏ ဇစ်မြစ်အား ရှာဖွေ ဖေါ်ထုတ်လိုစိတ် ရှိသော်လည်း သန်းပေါင်းများစွာသော လူနာများ၏ အချက်အလက်များကို ရှာဖွေ စုဆောင်းနေသော ဆရာဝန် တထောင်လောက်နှင့် ယှဉ်လျှင် အောင်မြင်ဖို့ အလားအလာ အလွန် နည်းပါး နေပေလိမ့်မည်။

 

သို့သော် ဆရာဝန်များ အချင်းချင်း လက်တို့ပြီး အမှန်ကို ဖုံးကွယ်လာမည် ဆိုကလည်း နောက်ပိုင်းတွင် ဆေးပညာ ဆိုင်ရာ အချက်အလက်များ လူထု အား လေ့လာခွင့် ပေးလာချိန်တွင် သတင်းစာဆရာများမှ စုံစမ်း ဖေါ်ထုတ်လာမှုကြောင့် ၎င်းတို့၏ လိမ်လည်လှည့်ဖျား ထားမှုများ ဗူးပေါ်သလို ပေါ်လာတော့မည် ဖြစ်သည်။

 

ထိုသို့သော သဘောထားများကြောင့် အချက်အလက် ကွန်ယက်များ ကြီးထွားလာ လေအမှန်တရား နှင့် ပို၍ နီးစပ်လာလေ ဖြစ်သည်ဟု ရှုမြင်လာကြသည်။

 

ကျွနုပ်တို့သည် အချက်အလက်များကို တိတိကျကျ စီစစ် လေ့လာသုံးသပ်ပြီး အရေးပါသော အမှန်တရားများကို ရှာဖွေ တွေ့ရှိလာလျင်ပင် ယင်းတို့ကို ချင့်ချင့်ချိန်ချိန် အသုံးချ လာကြမည်ဟု မည်သူကမျှ အာမဘန္တတေ ခံရဲကြမည် မဟုတ်သည်ကလည်း သဘာဝ ကျနေသည်။ အသိဉာဏ် ပညာ ဆိုသည်ကလည်း "မှန်ကန်‌သော ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်း" ဟူ ‌၍ ဖြစ်သည်။

 

သို့သော် "မှန်ကန်သော" ဆိုသည်ကပင် လူအမျိုးမျိုး၊ ဓလေ့ထုံးစံ များ၊ ဝါဒရေးရာ များ ကွဲပြားနေခြင်း ကြောင့် တန်ဖိုးထားမှု အရာတွင် လည်း ကွဲပြားနေပေသည်။

 

ရောဂါ ပိုး အသစ်ကို ရှာဖွေတွေ့ရှိလာသည့် သိပ္ပံပညာရှင်များသည် လူများကို ကာကွယ်နိုငိရန် ကာကွယ်ဆေး ကို စမ်းသပ်ထုတ်လုပ်ကောင်း ထုတ်လုပ်လာနိုင်သည်။ သို့သော် သိပ္ပံပညာရှင်များ သို့မဟုတ် ၎င်းတို့ အတွက် ရံပုံငွေ စိုက်ထုတ် ကျခံပေးနေသည့် အရှင်သခင်များက အချို့ လူမျိုး နွယ်စု များသည် နိမ့်ကျ သူများ ဖြစ်၍ ၎င်းတို့အား ရှင်းလင်း သုတ်သင် ပစ်ရမည်ဟူသော လူမျိုးခွဲခြားရေး သီအိုရီကို ယုံကြည်နေကြသူများ ဖြစ်နေလျင် ၎င်းတို့ ရရှိလာသည့် ဆေးပညာ ဗသုသုတ များ အသုံးချပြီး လူ သန်းပေါင်းများစွာ သေစေ နိုင်သည့် ဇီဝ လက်နက်များ ထုတ်လုပ်လာကြဖွယ် ရှိနေပြန်သည်။

 

ထိုသို့ ဖြစ်လာမည် ဆိုလျင်လည်း နောက်ထပ် အချက်အလက်များ ထပ်၍ ရှာဖွေ နိုင်မည် ဆို က အနည်းဆုံး အလုံးစုံ မဟုတ်သည့်တိုင် တဝက််တပျက် ကုသ ပေးနိုင်မည့် ဖြေဆေး မျိုး ထွက်ပေါ်လာနိုင်သည်ဟု ယုံလွယ်သူများ က လက်ခံခဲ့ကြသည်။

 

၎င်းတို့ ထင်မြင်ယူဆနေကြသည်က တန်ဖိုးထား မှု များ အပေါ် သဘောထား ကွဲလွဲနေကြမှု များ အား နီးနီးကပ်ကပ် ဆန်းစစ်ကြည့်မည် ဆိုက သတင်း အချက်အလက်များ ချို့တဲ့နေခြင်း သို့မဟုတ် တမင်တကာ သတင်းမှားများ ထုတ်လွင်နေခြင်းများ ကြောင့် ဖြစ်သည်ကို တွေ့ရမည်ဟူ၍ ဖြစ်သည်။

 

လူမျိုး ရေး ခွဲခြား တတ်သူများသည် အသိပညာ ခေါင်းပါးကြသူများ ဖြစ်ပြီး ဇီဝဗေဒ၊ ရာဇဝင် ကဲ့သို့ ဘာသာရပ်များ အကြောင်း သိထားကြသူများ မဟုတ်၊ "လူမျိုး" ဆိုသည်ကို ဇီဝဗေဒ အမျိုးအစားထဲ ပါဝင်သည် လောက်သာ ယူဆထားကြပြီး conspiracy ခေါ် မဟုတ်တန်းတရား ယူဆပြောဆို‌ လေ့ ရှိသည့် လျို့ဝှက် ပူးပေါင်း ကြံစည်မှု တခုခု နှင့် ပတ်သက်‌ နေသည်ဟု ဦးနှောက်ဆေးခံထားရသူ များလည်း ဖြစ်သည်။

 

ထိုသို့ ဘူးလုံး နားမထွင်း ဖြစ်နေသူများအား ဇီဝဗေဒ နှင့် သမိုင်းဆိုင်ရာ အချက်အလက်များ ကို ပို၍ သိလာအောင် လုပ်ပေးနိုင်လျှင် လူမျိုးရေး ခွဲခြားမှု ဝါ‌ဒ ကို ကုစားနိုင်မည်ဟု ယုံလွယ်သူများက ယူဆထားကြပြန်သည်။ ချက်ခြင်းလို ကုစားနိုင်ဖို့ မရှိသော်လည်း သတင်းအချက်အလက်များ အတားအဆီး မရှိ စီးမျောနေသည့် ခေတ်ကြီးတွင် အမှန်တရားသည် အနှေး နှင့် အမြန် ဆိုသလို အောင်ပွဲ ခံလိမ့်မည်သာ ဖြစ်သည်ဟု ဆိုသည်။

 

ယုံလွယ် သူများ၏ အမြင် များတွင် မသိမသာ ကွဲလွဲချက်များ ရှိနေပြီး လေးနက်မှု လည်း ရှိ၍ စာပိုဒ် အနည်းငယ်မျှ နှင့် ရှင်းပြမည် ဆိုလျင် လုံလောက်မှု ရှိမည် မဟုတ်ပေ။ ၎င်းတို့ ခံယူထားသည့် အဓိက သဘောတရား ရေသောက်မြစ်သည်ကား သတင်းအချက်အလက် များသည် မရှိမဖြစ် အကျိုးပြုနေသော အရာများ ဖြစ်သည်။ လုံလောက်သည့် အချက်အလက်များ နှင့် လုံလောက်သည့် အချိန်များ ရမည်ဆိုလျှင် ရောဂါပိုး ကူးစက်မှု များမှသည် လူမျိုးရေး တဖက်သတ် အစွဲများ အစရှိသည် တို့ နှင့် ပတ်သက်သည့် အမှန်တရားကို ရှာဖွေ သိရှိ လာကြမည်၊ ထိုမှတဆင့် ကျွနုပ်တို့၏ ကိုယ်စွမ်းဉာဏ်စွမ်းများ ဖွံ့ဖြိုးလာမှု နှင့် အတူ စဉ်းစား ချင့်ချိန် နိုင်မည့် အသိအလိမ္မာ တရားများ ပါ တိုးတက်လာဦးမည် ဖြစ်၍ ရရှိလာသော စွမ်းအားများဖြင့် အကျိုးရှိရှိ အသုံးချနိုင် လာမည်ဟူ၍ ဖြစ်ပေသည်။