တရုတ် တို့ ၏ ရည်ရွယ်ရင်း အမှန် ပေါက်ကြား

by Hla Soewai - Oct 10 2024

တရုတ် အစိုးရ အရာရှိများ နှင့် ဝ ခေါင်းဆောင်များ သြဂုတ် လ ၂၇ ရက် ယူနန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ‌အကြောင်းအရာ အသေးစိတ် သည် အပြင်သို့ ပေါက်ကြားလာခဲ့သည် နှင့် အတူ စစ်ကောင်စီ ပြုတ်ကျသွားမည့် အရေး ကို ၎င်းတို့ လွန်စွာ စိုးရိမ် တုန်လှုပ် နေသည် ကို အတိုင်းသား တွေ့မြင်နေရသည်။

 

ထိုတွေ့ဆုံပွဲ တွင် အဖွဲ့ဝင် ကိုးဦးအား ဦးဆောင်လာသည့် အာရှ ရေးရာ အထူးသံတမန် တိန်ရှီချွန်း မှ စစ်ကောင်စီ အား ၎င်းတို့ ထောက်ခံကြောင်း နှင့် ၎င်းတို့အား တိုက်ခိုက်နေမှု များကို အခိုင်အမာ ဆန့်ကျင်ကြောင်း ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

တရုတ်၏ ရပ်တည်ချက် နှင့် စိတ်ရင်း အမှန်ကို မြန်မာ ပြည်သူ တရပ်လုံးက လယ်ပြင်တွင် ဆင်သွားသလို ရှင်းရှင်းကြီး သဘောပေါက်နေကြပြီ ဖြစ်‌ သော်လည်း ဘူးလုံးနားမထွင်း ဖြစ်နေကြသည့် နိုင်ငံတကာရှိ သဘောထား အလယ်အလတ် ရှိသူ တတိယ ကမ္ဘာနိုင်ငံများ အားလုံး တရုတ်၏ သဘောထား အမှန်ကို သိမြင်သွားကြပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ တရုတ်သည် မြန်မာ အ‌ရေး တွင် ငြိမ်းချမ်းရေး ကို အမှန်လိုလားနေသည့် honest broker အဆင့် မှ လျောကျသွားခဲ့ရပြီ ဖြစ်သည်။

 

တဖက်က ဘာပဲ လုပ်နေ လုပ်နေ မျက်စိမှိတ် ထောက်ခံ နေမည့် လူမျိုးအား အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တွင် အဘယ်သို့များ ယုံယုံကြည်ကြည် နှင့် လက်ခံထည့်သွင်း၍ကော ဖြစ်ပေမည်နည်း။

 

တိန်ရှီချွန်း မှ MNDAA အဖွဲ့၏ လားရှိုး အား သိမ်းပိုက်ထားမှု ကို အသိအမှတ် မပြုကြောင်း၊ တပ်များ ပြန်ရုတ်သိမ်းသွားရန် တောင်းဆိုခဲ့သည်ဟုလည်း မြန်မာ နောင်းမှ ရရှိခဲ့သည့် ၃၂ မျက်နှာ အစည်း အဝေး မှတ်တမ်းတွင် ပါရှိလာသည်။

 

လားရှိုး မှ တပ်များ ပြန် မရုတ်သိမ်းမချင်း လက်ရှိ ဖြတ် ငါးဖြတ် ဖြစ်သည့် ရေ၊ မီး၊ အင်တာနက်၊ အခြား လိုအပ်သည့် ပစ္စည်းများ၊ လူများ နယ်ခြား ဖြတ်ကျော် သွားလာခွင့် အား ဆက်၍ ဖြတ်တောက်သွားမည်ဟု တိန်ရှီချွန်းက ပြောဆိုသွားခဲ့ပြန်သည်။

 

၎င်းတို့၏ ပိတ်ဆို့ ဖြတ်တောက်ထားမှု အား လုပ်ငန်း အကြောင်းပြချက်ဖြင့် ဝ ဖက်မှ လိုအပ်သော ပစ္စည်းများ ထောက်ပံ့နေပြီး ထိရောက်မှု မရှိအောင် လုပ်နေခြင်းအား လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်၊ ဤသည်ကို ကြည့်မည် ဆိုက တရုတ်သည် ၎င်းတို့ အကျိုးစီးပွားအတွက် ဘာကိုမှ ထောက်ထားငဲ့ညှာမည် မဟုတ် ဟု သံန္ဓိဋ္ဌာန် ချထားပြီး ဖြစ်သည်။ ၎င်းတို့ ပြောသည့် အတိုင်း မလုပ်က ဝ များ အားလည်း ကိုးကန့်များလို ပြုလုပ်ခံရမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။

 

ထို့အတွက်လည်း တရုတ်ဩဇာရိပ် အောက်မှ ရုန်းထွက် ပြီး အေးအတူ ပူအမျှ နေထိုင်သွားနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ၏ တန်ဖိုးကို ဝ ခေါင်းဆောင်များ သိမြင် သဘောပေါက်လာအောင်လည်း တိန်ရှီချွန်း က မရည်ရွယ်ဘဲ တွန်းပို့ပေးခဲ့ ပြန်သည်။

 

MNDAA သည် တရုတ်တို့ ဒေါသ ပြေပျောက်လို ပြေပျောက်ငြား NUG နှင့် ပူးပေါင်းခြင်း မပြုပါဟု ကြေညာချက် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပုံရသည်၊ အကြမ်းဖက် စစ်တပ် မှ လားရှိုးအား နေ့စဉ်ရက်စက်စွာ ဗုံးကြဲ တိုက်ခိုက်နေ၍ အပြစ်မဲ့ ပြည်သူများ သေဆုံးနေသည့် အဖြစ်ကို တရုတ်ဖက်မှ အဘယ့်ကြောင့် တလုံးတပါဒ မျှ ဟန့်တားခြင်း မရှိသည် ဆိုသည် ကလည်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

 

တရုတ် ၏ ငြိမ်းချမ်းရေး သည် မုန်လုံးစက္ကူကပ် ပုံစံမျိုး ဖြစ်သည်၊ ၎င်းတို့၏ အကျိုးစီးပွား အား ကာကွယ် စောင့်ရှောက်ပေးသွားမည်ဟု သစ္စာခံထားသည့် စစ်ခေါင်းဆောင်ပိုင်းအား နိုင်ငံရေး တွင် ဆက်၍ ပါဝင်စေလိုသည်၊ လူထု ကလည်း ၎င်းတို့ ဆက်ပါနေသရွေ့ မိမိတို့၏ ဘဝများ သည် သားစဉ်မြေးဆက် ဒုံရင်း ဒုံရင်းသာ ဆက်ရှိ နေမည် ဆိုသည်ကိုလည်း နားလည် ထားကြပြီး ဖြစ် နေသည်။

 

တရုတ်၏ စစ်တပ်ဖက်မှ ပင်းထား‌ သော မုန့်လုံးစက္ကူကပ် မည့် ငြိမ်းချမ်းရေးအား မည်သူမျှ လက်ခံမည် မဟုတ်သည့်အတွက် နိုင်ငံ အနာဂတ်ရေး ‌ဆွေးနွေးပွဲ များ တွင် တရုတ်၏ အခန်းကဏ္ဍသည် မှေးမှိန်လာဖို့သာ ရှိပေတော့သည်။

 

နောက်ဆုံး ရရှိသည့် သတင်းအရ သံအမတ်ကြီး ဦးကျော်မိုးထွန်း အား ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး နောက်ထပ်တနှစ် ဆက်၍ တာဝန်ယူထားပေးရန် ကိုယ်စားလှယ် ခန့်အပ်လွှာ စီစစ်ရေး ကော်မတီက ဆုံးဖြတ်လိုက်သည် ဟု သိရသည်။

 

အာဆီယံ နိုင်ငံ ခေါင်းဆောင်များ ယခုအခါ ဗီယင်ကျန်း သို့ စုရုံး ရောက်ရှိလာနေကြပြီ ဖြစ်သည်။ မြန်မာ၏ ပြည်တွင်းစစ် ၏ လားရာသည် ပြီးခဲ့သည့် နှစ် အတွင်း သိသိသာသာ ပြောင်းလဲလာနေပြီ ဖြစ်၍ အာဆီယံ၏ ချဉ်းကပ်မှု ပုံစံ ပြောင်းလဲလာမည်လားဟု လေ့လာသုံးသပ်မှု များက မေးခွန်းထုတ်လာကြသည်။

 

၎င်းတို့ အဖို့လည်း တရုတ်မှ တောင်တရုတ် ပင်လယ် အတွင်း ခြိမ်းခြောက်လာနေမှု၊ မြန်မာ စစ်ခေါင်းဆောင်များ ၏ ဂုတ် ကို တက်ခွစီးလာမှု များကြောင့် အဖွဲ့ကြီး၏ အရေးပါမှု နှင့် ဂုဏ်သိက္ခာပိုင်း အား ကာကွယ်ရန် ရှိလာနေ၍ ထိုသို့ မေးခွန်းထုတ်လာကြခြင်းလည်း ဖြစ်ပေသည်။

 

မင်းအောင်လှိုင်ကလည်း တခုခု အပြောင်းအလဲ ဖြစ်လာလျှင် ကြိုတင် ဟန့်တား နိုင်ရန် ယခင်ကလို "ငါမတက်ရလျင် ဘယ်သူမှ မသွားရ" ပုံစံ မျိုး မဟုတ်တော့ပဲ တရုတ် ညွှန်ကြားလာသည့် အတိုင်း အထက်တန်း အရာရှိ တဦး ကို ပထမဆုံး အကြိမ် စေလွှတ်လာပြီ ဖြစ်သည်။

 

လက်ရှိတွင် ရက္ခိတ တပ်တော်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် ငါးမိုင်ကွာရှိ မဲတောင် စခန်း ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြင့် အမ်း မြို့ အား အချိန်မရွေး ဝင်ရောက်သိမ်းယူ နိုင်ရန် လမ်းပွင့်သွားပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!