ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(12)

by Hla Soewai - Oct 10 2024

အခန်း (၂)

 

လက်ရှိ တွင်ပင် အချုပ်ခန်း အား နေ့စဉ် လာစစ်ရသည့် ကလေး မျက်နှာ နှင့် အစောင့်သည် ကျွန် တော်အား အခန်းရှေ့ ရောက်လျှင် စိတ်မထင်လျှင် မထင်သလို မိမစစ် ဖမစစ် ကောင်ဟု ခေါ်လေ့ရှိသည်။

 

ကျွန်တော် အတွက်တော့ အံ့အားတသင့် မဖြစ်မိ၊ ခင်ဗျားရဲ့ လူတွေ ဆီက ဒီထက် အဆင့်မြင့်မြင့် ကြားရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာတော့ အမှန်ပဲ တပ်မှုးကြီး ရေ။ သို့သော် ထိုသို့ အခေါ်ခံရတိုင်း ရင်ထဲတွင် ထိခိုက်နာကျင် ‌ရစမြဲ ဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။ ကျွန်တော်အား မျိုးမစစ်၊ ခွေးဗန္ဓတ် အစရှိသဖြင့် အမျိုးမျိုး ခေါ်လို့ရသည်။

 

ပြင်သစ် တွေကတော့ ကျွန်တော်ကို ယူရေးရှန်း ဟု မခေါ် ချင်သည့် အခါ မျိုးတွင် သူတို့စကားဖြင့် သွေးနှောသူ ဟု အဓိပ္ပါယ်ရသည့် 'မေတိစ်" ဟု ခေါ်လေ့ရှိသည်။ မေတိစ် ဆိုသည့် စကားသည် အမေရိကန်တို့ ၏ နား နှင့် ဆိုက နားဝင်ပီယံ ရှိနေသည်။ ပြင်သစ် တို့နှင့် ဆိုလျင်တော့ ထိုအမည် နှင့် အလုပ်မဖြစ်။

 

ရွှေထီးဆောင်းခဲ့ကြသည့် အတိတ်ကို လွမ်းဆွတ်နေရင်း ခေါင်းမာစွာ ကျန်ခဲ့ကြသည့် ပြင်သစ်များကို ဆိုင်ဂုံတွင် အခါအားလျှော်စွာ တွေ့နေရဆဲ ဖြစ်သည်။ Le Cercle Sportif ဆိုသည့် အားကစား ကလပ် တွင် ပါးနော ဝိုင်ကို စုတ်ရင်း အမဲကင်ပြား ကို စားကာ ဆိုင်ဂုံ လမ်းမများပေါ်က အတိတ် အကြောင်းများ စမြုံ့ ပြန်နေကြဆဲပင်။

 

၎င်းတို့ ၏ ဒေသခံ ကူဖေါ်လောင်ဖက်များအား လူချမ်းသာ စရိုက် ဖမ်းပြီး အထက်စီးမှ မောက်မောက်မာမာ ဆက်ဆံနေကြဆဲ ဖြစ်သည်။ ကျွန်တော်ကို တွေ့လျင်လည်း နိုင်ငံကူး လက်မှတ် ကို စစ်ဆေးနေသည့် နယ်ခြားစောင့် ရဲတဦး၏ သင်္ကာ မကင်း သော မျက်လုံးမျိုး နှင့် ကြည့်တတ်ကြသည်။

 

ယူရေးရှန်း Eurasian ဆိုသော် အခေါ်အဝေါ်က ၎င်းတို့ ထွင်ခဲ့ခြင်း မဟုတ်၊ ချောကလက် ညိုမဲမဲ ကို ပင် စားရန် လက်တွန့်တတ်ကြသည့် အိန္ဒိယ ရောက် အင်္ဂလိပ်များ ၏ ပါးစပ်ဖျားမှ ထွက်လာသော အခေါ်အဝေါ်ပင် ဖြစ်သည်။ အိန္ဒိယရှိ ထိပ်ချွန် ဖော့ခမောက် ဆောင်း အင်ဂလိပ်များသာမက ပစိဖိတ် ဒေသအတွင်းရှိ ကမ်းတက် စစ်ဆင်ရေး အဖွဲ့မှ အမေရိကန် တို့ကလည်း ထုံးစံကို မလွန် ဆန်နိုင်သည့် အလား ကျွန်တော်လို လူမျိုး များကို Amerasian ဟု စကား နှစ်လုံးကို တလုံးတည်း ပေါင်း ခေါ်၍ ရအောင် ဆန်းသစ်လာကြသည်။

 

ထိုစကားလုံးသည် ကျွန်တော် အတွက်က မဆီလျှော်လှသလို ဖြစ်နေသော်လည်း ကျွန်တော်ကို သူတို့ ၏ တစိတ်တပိုင်း အဖြစ် မှားယွင်းစွာ မှတ်ယူနေကြသည့် အမေရိကန် တို့ကိုလည်း အပြစ်ဆို၍ မရ ပြန်ပေ။

 

အပူပ်ိုင်း ဒေသ တွင် အမေရိကန် ဂျီအိုင် စစ်သားများနှင့် ရသော ကလေးများ ချည်း သက်သက် စုပေါင်း၍ နိုင်ငံငယ် တခု ပင် ထူ‌ထောင်၍ ရနေသည် မဟုတ်ပါလား။ ကျွန်တော်တို့ ဗီယက်နမ် များသည် အစ စကားလုံး တလုံးစီ၏ အစများ စုပြီး ခေါ်သည်ထက် စကား အနုအရွ များ နှင့် ဖလှယ်သုံးသည်ကို ပို၍ နှစ်ခြိုက်တတ်ကြသည်။ ဥပမာ ကျွန်တော်လို လူများအား ဆန်ကုန်မြေလေး ဟု ခေါ်ဝေါ်ခြင်းမျိုး ဖြစ်သည်။ 

 

ပညာရပ် ဆန်ဆန် ပြောနိုင်ရန် ကျွန်တော်သည် Occidental ဆိုသည့် စကားလုံးအား အောက်စဖို့ အဘိဓာန် တွင် ရှာကြည့်ခဲ့ရာ "natural child" ဟု ဖေါ်ပြထားသည်၊ ကျွန်တော် သိထားသမျှ နိုင်ငံတိုင်း တွင်တော့ ကျွန်တော်လို လူမျိုးအား ဥပဒေ ကြောင်းအရ တရားမဝင် ကလေး ဟု မှတ်ယူထားပြီး ဖြစ်သည်။

 

အမေကတော့ ကျွန်တော့်ကို သူမ၏ ချစ်ခြင်း မေတ္တာမှ ပေါက်ဖွားလာသော ကလေး အဖြစ် မှတ်ယူပြီး ခေါ်ဝေါ်လေ့ ရှိသော်လည်း ကျွန်တော်ကတော့ ထိုသို့ ခေါ်သည်ကို သာယာနေလိုစိတ် မရှိပေ။ ဤနေရာတွင် အဖေ မှန်သည်ဟု ဆိုရမည်၊ သူသည် ကျွန်တော်ကို ဘာဆိုဘာမှ အမည်တပ်၍ ခေါ်ခဲ့ဖူးခြင်း မရှိသောကြောင့် ပင် ဖြစ်သည်။

 

ကျွန်တော်၏ လာခဲ့ရာ လမ်းကြောင်း အပေါ် သူငယ်ချင်းများ ဖြစ်သော ဘွန် နှင့် မန်း တို့က တခါဖူးမျှ လှောင်ပြောင်သရော်ခဲ့ဖူးခြင်း မရှိကြ၊ ဗိုလ်ချုပ်ကြီးလည်း သူတို့လိုပင် အရေး မစိုက်သူ ဖြစ်၍ ကျွန်တော်ကို မျက်စိကျလာသည်မှာ အံ့ဩစရာ တော့ မဟုတ်ပေ။

 

ကျွန်တော်အား သူ့လက်အောက်တွင် အမှုထမ်းဖို့ ရွေးခဲ့စဉ်က ဗိုလ်ချုပ်ကြီး ပြောစကားကို ကျွန်တော် မှတ်မိနေသေးသည်။ "မင်း ဘယ်လို လူမျိုးလည်း ဆိုတာ ငါ စိတ်မဝင်စားဖူး၊ မင်းအလုပ်ကို မင်း ဘယ်လောက် ကောင်းကောင်း လုပ်နိုင်လဲ ဆိုတာရယ်၊ အကယ်၍ မင်းကို ငါခိုင်းတဲ့ အလုပ်က မကောင်းတာ ဖြစ်နေလဲ မင်း လုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာပဲ ငါစိတ်ဝင်စားတယ် ဟု ပြောခဲ့ဖူးသည်။

 

ကျွန်တော်၏ လုပ်ရည်ကိုင်ရေ ကို ဗိုလ်ချုပ်ကြီး အား တကြိမ်မကပင် သက်သေပြခဲ့ပြီး ဖြစ်သည်။ သို့သော် ကျွန်တော်ကို သုံးသပ်ခဲ့မှု သည်က တရားဝင် နှင့် တရားမဝင်မှု ကြား မည်မျှ အထိ ပါးနပ် လိမ္မာ စွာ ကိုင်တွယ် နိုင်ခဲ့လည်း ဆိုသည့် ကျွန်တော့် အရည်အချင်းကို ပင် ဖြစ်သည်။

 

လူတွေကို ရွေးထုတ်ခဲ့မှု၊ ဘတ်စ်ကားများ စီစဉ် ပေးနိုင်ခဲ့မှု၊ အရေးပါဆုံးက လုံခြုံစွာ သွားလာနိုင်အောင် လဒ်လာဘ ထိုးခဲ့ရမှု ဆိုသည့် တို့တွင် ကျွန်တော် လှုပ်ရှားခဲ့ရသည့် အပိုင်းများ တွင် ဖြစ်သည်။ ကျွန်တော်သည် ဒေါ်လာ ၁၀,၀၀၀ ကို ဗိုလ်ချုပ်ကြီး ထံမှ တောင်းယူပြီး အိပ်တအိပ် ထဲ ထည့်ကာ ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးကလည်း ထိုငွေကို မဒမ် ဆီမှ တောင်းယူ ခဲ့ရခြင်း ဖြစ်သည်။

 

မဒမ်သည် ဧည့်ခန်းထဲတွင် သူမ ကိုင်ထား‌ သော အူလောင်း လ္ဘက်ရည်ရည် ကြမ်း ခွက် ပေါ်မှ ကျော်ပြီး ကျွန်တော်ကို ကြည့်လိုက်ရင်းက နဲနဲနောနော ငွေတော့ မဟုတ်ဘူး ဟု ပြောလာသည်။ ပုံမှန် အချိန် မျိုးလည်း မဟုတ်ဘူးလေ ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။ ကိုးဆယ့် နှစ်ယောက်လုံး တကြိမ်တည်း နှင့် ပါဖို့ တထိုင်တည်း ဈေးဆစ် အပေးအယူ လုပ်ခဲ့ရခြင်း ဖြစ်သည်။

 

သူမလည်း ကျွန်တော်ပြောသည်ကို မငြင်းနိုင်၊ မည်သူမဆို ရှေး ခေတ်က ကောင်းဘွိုင်များလိုမီးရထား လမ်းပေါ် နားကပ် ထောင်လျင်ပင် မြို့ထဲက အတင်းအဖျင်း တွေကို ကြားနိုင်ပြီး ထိုမှတဆင့် သိနိုင်သည့် အနေအထား မျိုး ဖြစ်သည်။ ညဉ်းတွားစရာ ဖြစ်လာရသည်က ဗီဇာကြေး၊ ပတ်စ်ပို့၊ လိုက်ရမည့် လေယာဉ် ပေါ်တွင် ထိုင်ရမည့် နေရာ တို့ ဖြစ်ပြီး ကိုယ် လိုချင်သည့် အနေအထား နှင့် မည်မျှအထိ ဆောက်တည်ရာမရ ဖြစ်နေသည် အပေါ် မူတည်ပြီး ဒေါ်လာ ထောင်ချီ၍ ကုန်ကျနိုင်စရာ ရှိနေသော ကြောင့်ပင် ဖြစ်သည်။

 

ထိုကိစ္စ မျိုးက လဒ် ထိုးချင်သည် ဆိုစေဦး လိုလိုလားလား လုပ်ပေးမည့် လူနှင့် တွေ့ဦးမှ ဖြစ်မည်။၊ ကျွန်တော် အဖို့ကတော့ ငုယင် ဟူးရှိ Pink. နိုက်ကလပ်တွင် မိတ်ဆွေ ဖြစ်လာခဲ့သည့် ခပ်ရှုပ်ရှုပ် ဗိုလ်မှုး တယောက် နှင့် အဆက်အသွယ် ရလာခဲ့သည်။

 

နိုက်ကလပ် ရှိ မိုးခြိမ်းနေသည့် အလား ဆူညံလှသော ပေါ့ပ် တေးသွားများ အကြားမှ သူသည် လေဆိပ်ရှိ တာဝန်ကျ အရာရှိ တဦး ဖြစ်ကြောင်း သိလာခဲ့ရသည်။ ‌ဒေါ်လာ တထောင် လောက် အိပ်ကပ်ထဲ ထည့်ပေးလိုက်ယုံဖြင့် ကျွန်တော်တို့ ထွက်မည့် နေ့တွင် လေဆိပ်နှိုက် တာဝန်ကျမည့် အစောင့်များ မည်သူ မည်ဝါ ဖြစ်သည် နှင့် ၎င်းတို့၏ အရာရှိ စစ်ဗိုလ်အား ဘယ်မှာ ရှာရမည် ဆိုသည်တို့က်ု သိလာခဲ့ရသည်။

 

အားလုံး စီစဉ် ပြီးသွားသည့် အခါ ကျွန်တော်ကိုယ်တိုင် ဘွန် နှင့် အတူ လိုက်ပြီး သူ့ ဇနီး နှင့် သားဖြစ်သူ ကို ခေါ်ထုတ်လာခဲ့သည်၊ လိုက်မည့် လူများ အားလုံး ည ခုနှစ်နာရီ တွင် ဗိုလ်ချုပ်ကြီး စံအိမ် ဂိတ်တံခါးဝ ရှေ့တွင် စုရုံးရန်လည်း ပြောထားခဲ့ပြီး ဖြစ်သည်။

 

ရောက်လာသူများအား လေဆိပ်သို့ မောင်းပို့ရန် အပြာရောင် ဘတ်စ်ကားနှစ်စီး အသင့် စောင့်ဆိုင်းနေသည်။ ပြတင်းပေါက်များကို သံပန်းများ တပ်ထားသည်၊ အကယ်၍ အကြမ်းဖက်သမား များက လက်ပစ်ဗုံး ပစ်သွင်းလာလျင် ပြန်ကန်ထွက်သွားရန် ဖြစ်သည်။ အာပီဂျီ နှင့် ထု လာလျင်တော့ ဘုရား တ နေဖို့သာ ရှိတော့သည်။

 

လိုက်မည့် မိသားစုများက စိုးရိမ်တကြီး ဖြစ် နေသော မျက်နှာပေးများ နှင့် စံအိမ် ဝင်းထဲရှိ ကွက်လပ်တွင် စောင့်ဆိုင်းနေကြသည်။ မဒမ်ကတော့ စံအိမ်ရှေ့ လှေကားထစ် ပေါ်တွင် အိမ်တော်ဝန်ထမ်းများ နှင့် အတူ ရပ်နေသည်။ သူမ ၏ က‌လေးများကတော့ စီထရိုဂျင် ကားနောက်ခန်းတွင် ငြိမ်ငြိမ်သက်သက် ထိုင်နေကြသည်။ ခံစားချက်ကင်းပြီး တည်ငြိမ်သော မျက်နှာ‌ ပေးများ နှင့် ကားရှေ့မီးရောင် ရှေ့တွင့် ဆေးလိပ်သောက်ရင်း စကားပြောနေကြသော ကလော့ဒ် နှင့် ဖခင် ဖြစ်သူတို့ကို စိုက်ကြည့်နေကြသည်။

 

ဆက်လက် တင်ပြသွားပါမည်။