စစ်တပ် အဘယ်ကြောင့် ဒူပေ နာပေ ခံနိုင်နေသနည်း

by Hla Soewai - Oct 10 2024

စစ်တပ်သည် သုံးနှစ်လုံးလုံး တခါမျှ မကြုံခဲ့ဖူးသည့် အရှုံးများ နှင့် ရင်ဆိုင် နေရပြီး သာခွေယိုင် ဖြစ်လာနေသော်လည်း ထို အနေအထားမှ ပြန်၍ နာလံထူလာမည့် လမ်း မမြင်။ တနေ့ထက် တနေ့ ပြင်းထန်လာနေသော တော်လှန်ရေး လှိုင်းတံပိုးကြီး အောက် တွင် မြုပ်ချီ တလှည့် ပေါ်ချည်တလှည့် ကူးခတ်နိုင်ဆဲပင် ဖြစ်သည်။ အဘယ်ကြောင့် ဒူပေနာပေ ခံနိုင်နေရသနည်း ဆိုသည့် အမေး၏ အ‌ဖြေကား တခုတည်းမက အကြောင်းခြင်းရာ များစွာ ရှိနေသည်ဟု ကိုရန်မျိုးဟိန်း နှင့် ဘီလီ ဖို့ဒ် တို့မှ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ဝက်ဆို‌ဒ် တွင် ရေးသားထားသည်ကို ကောက်နှုတ်တင်ပြသွားပါမည်။

 

(၁)

 

အဖွဲ့အစည်း အပေါ် သစ္စာရှိနေမှု သည် လူရာဝင်မှု၊ ငွေကြေး အရ အကျိုးအမြတ် များ ခံစားနေရမှု တို့ ကြောင့်ပင် ဖြစ်သည်။ စစ်ဖက် အရာရှိကြီးများသည် အကျင့်ပျက် လာဒ်စားခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်နိုင်ခြင်း၊ ဆက်ကြေးသဖွယ် ငွေကြေးများ ကောက်ခံနိုင်ခြင်း အစရှိသည် မတရားနည်းလမ်းတို့ဖြင့် ချမ်းသာ ကြွယ်ဝလာကြသည်။ ထို့ပြင် လူမျိုးရေး၊ ဘာသာရေး အယူအဆများ လည်း ခေါင်းထဲ ရိုက်သွင်း ခံထားကြရပြန်သည်။

 

သို့သော် အထက်ပါ အကြောင်းခြင်းရာများသည် ယခုအခါ ယုတ်လျော့ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ စစ်ထဲဝင်ဖို့ အရေးသည် လူ ရာ မဝင်တော့သည့် အပြင် အန္တရာယ်ကို လွယ်ထားရမည့် အ‌ခြေဆိုက်လာခဲ့သည်။

 

စစ်ခေါင်းဆောင်များသည် အောက်လက်၏ သစ္စာရှိမှု ‌ဆက်၍ တည်မြဲ နေရန် ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းကို သုံးလာကြရသည်၊ တပ်တွင်း အုပ်စု ဖွဲ့လာမည့် အ‌ရေးကို ကာကွယ်ရန် အမြဲလို နေရာဌာန များ အ‌ရွှေ့အပြောင်း လုပ်လာသည်။ သစ္စာမရှိဆိုသည့် အရိပ်အယောင်များ တွေ့က ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်။

 

ဤသို့ဖြင့် အတွင်း တွင် ကော်နဲ့ ကပ်ထားသလို မြဲမြံ နေသော်လည်း ၎င်းတို့အတွက် ယခုအခါ ကြီးမားစွာ ခြိမ်းခြောက်လာ‌ နေသော စစ်မြေပြင်တွင် ရင်ဆိုင်နေရသည့် အရှူံး များ အတွက် မူ နည်းလမ်းရှာမရ ဖြစ်နေသည်။

 

ပြီးခဲ့သည့် လများ အတွင်း စစ်ဖက် အလယ်အလတ် အဆင့် အရာရှိများ တိုး၍ ခိုလှုံလာခဲ့သော်လည်း တော်လှန်ရေး တပ်များဖက်က ထိုအရှိန် အဟုန်ကို ဆက်၍ ထိန်းထားနိုင်ရန် အရင်းအမြစ်များ အလုံ အလောက် မရှိ ဖြစ်နေသည်။

 

သို့သော်လည်း အနာဂတ် မှေးမှိန်လာနေပြီ ဖြစ်သော စစ်ကောင်စီသည် "state within state" ပုံစံမျိုး ဖြင့် ဆက်၍ ရပ်တည်နေဆဲပင် ဖြစ်သည်။

 

(၂)

 

စစ်တပ်သည် လူထု အား နည်းလမ်းပေါင်းစုံ ဖြင့် ထိန်းချုပ်ကာ နိုင်ငံရေး နှင့် စီးပွားရေး တွင် အခွင့်ထူးခံ လူပေါ်လူ‌ဇော လုပ်နေသည်မှာ ကာလကြာမြင့်နေပြီ ဖြစ်သည်။ ၎င်းတို့၏ အာဏာသိမ်းခဲ့မှု အားလည်း ရက်စက် ကြမ်းကြုပ်သည့် နည်းလမ်းများ ဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

 

မြန်မာ စစ်တပ်သည် ပရိုဖက်ရှင်နယ် ဖြစ်မလာပဲ စစ်ဝါဒီ များ ကိုယ့်မင်းကိုယ်ချင်း အုပ်ချုပ်နေသည့် အဖွဲ့အစည်းတခုသာ ရပ်တည်လာသည်။

 

ထို အနေအထားကို ဗိုလ်နေဝင်း လက်ထက်မှ စတင် ပုံစံပြု တည်‌ ဆောက်လာခဲ့ခြင်း ဖြစ်သည်၊ တိုင်းမှုး များကို သက်ဆိုင်ရာ ဒေသများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားသော်လည်း အန္တိမ အာဏာ ကိုမူ ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းက မောင်ပိုင်စီးထားသည်။ ထို့အတွက် ကြောင့်လည်း စိုးဝင်းသည် ၎င်းအား မည်မျှပင် တိုက်တွန်း‌ နေကြသော်ငြားလည်း မင်းအောင်လှိုင်ကို မလွန်ဆန်နိုင် ဘဲ ဖြစ်နေရသည်။

 

၎င်းတို့အား ထောက်ခံနေကြသူများ နှင့် တပ်တွင်း တွင် တပည့်မွေး တပည့်ခံ ပုံစံမျိုး ဆက်ထိန်းထားနိုင်ရန် ငွေကြေး ဖူလုံအောင် လုပ်ဖို့လိုသည့်အပြင် အောက်လက် များကိုလည်း မသမာသော နည်းလမ်းများဖြင့် စီးပွားရှာ ခွင့် ပြုရသည်။ စီးပွားရေး လုပ်ငန်းများအားလည်း ပြင်ပ အခြေအနေများနှင့် တသီးတသန့် ဖြစ်နေအောင် စီမံထား၍ လူထု တရပ်လုံး ငတ်လာနေသည်တိုင် ၎င်းတို့ စားနိုင်သောက်နိုင် ရပ်တည် နေနိုင်ခဲ့သည်။

 

(၃)

 

ထိုသို့ ရပ်တည်နိုင်အောင်လည်း ၎င်းတို့သည် မိဘသဖွယ် တိုင်းပြည်ကို ဒို့တာဝန် အရေး သုံးပါးဖြင့်စောင့်ရှောက်နေသူများ အဖြစ် ပြောဆို‌ ပေးကြရသည်။ ဘာသာ သာသနာကိုလည်း အကာအကွယ် ပေးနေသူ များ အဖြစ် ပြောကြရပြန်သည်။

 

ယခုအခါ တွင်တော့ အရာရှိ အတော်များများသည် ထိုအပြောများကို လက်ခံယုံကြည်ကြခြင်း မရှိတော့။ အဓိက အားဖြင့် ၂၀၂၁ အာဏာသိမ်းယူလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုသို့ သိမ်းယူ ခဲ့ခြင်း‌ ကြောင့် တနိုင်ငံလုံး စည်းလုံးညီညွတ်မှု သည် ၎င်းတို့အား ဆန့်ကျင်ရာတွင် မကြုံစဖူးအောင် အမြင့်မား ဆုံးသို့ ရောက်လာခဲ့သည်။

 

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ပေးပါမည် ဆိုသော တပ်မတော်သည် အိမ်ပေါင်း ၁၀၁,၄၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် အဖွဲ့အစည်း ဖြစ်လာသည်။ ဘာသာ သာသနာ အား ကာကွယ် စောင့်ရှောက်နေသည် အပိုင်းတွင်တော့ ကရိုနီ ဘုန်းကြီးများ နေရာ ရလာခြင်းကြောင့် ကျန်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ဘုန်းတော်ကြီး ကျောင်းများအား လေကြောင်းမှ တိုက်ခိုက်ခဲ့မှု၊ အများ ကြည်ညို ကိုးကွယ်နေသည့် ဆရာတော်ကြီး တပါးအား သတ်ဖြတ်ခဲ့မှုများကြောင့် သံဃာများ အတွင်း မကျေနပ်မှု များ တိုးပွားလာ‌နေသည်။

 

(၄)

 

စစ်သား အများအပြားသည် တိုက်ဖို့ ခိုက်ဖို့ မဟုတ်ဘဲ လူတောတိုးနိုင်ရန်၊ စီးပွားရေး အရ အဆင်ပြေနိုင်ရန် ဆိုသော အကြောင်းများ နှင့် စစ်ထဲဝင်လာကြခြင်း ဖြစ်သည်။ ယခုအခါ တွင် တော့ ထိုမျှော်လင့်ချက်များ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

 

အချို့အရာရှိများက ၎င်းတို့၏ ရာထူး အရှိန်အဝါကို သုံးပြီး ဗျူရိုကရေစီ ယန္တရား ကို ကျော်လွှားကာ မိသားစု ကို မတောင့်မတ မကြောင့်မကြ ထားနိုင်နေဆဲပင် ဖြစ်သည်။ ၎င်းတို့ နှင့် နီးစပ်သူများအားလည်း စစ်ထဲ ဆွဲသွင်းခံရမည့် အရေး နှင့် ပြင်ပတွင် ရှားပါးနေသော ကုန်ပစ္စည်းများ ရ‌ အောင် လုပ်‌ ပေး နိုင်ကြသည်။

 

၎င်းတို့နှင့် ပတ်သက်မိက အရှက်တကွဲ ဖြစ်ရမည့် အရေး နှင့် အသက်အန္တရာယ် ထိခိုက်လာနိုင်သည့် အရေး များကြောင့် လူထုက ရှောင်ဖယ်လာကြသည်။ အရာရှိ အဖြစ် စစ်ကျောင်းများသို့ ဝင်ရောက်လိုသူများ နည်းပါးလာပြီး စီးပွားရေး အရလည်း အရင်လို နှိုက်ထုတ်စရာများ လျော့ပါးလာသည်။

 

ထို့အတွက် မင်းအောင်လှိုင်သည် ၎င်း၏ မိသားစု အရင်အတိုင်း ဆက်၍ ဝင်‌ ငွေများ ရနေအောင် လုပ်ပိုင်ခွင့် များ လက်ဝယ်စုစည်းလာ၍ ဒုဗိုလ်ချုပ်ကြီး နှစ်ဦး အပါအဝင် အထက်တန်း စစ်ဖက် အရာရှိကြီး ,၁၅ ဦး ခန့် ဖမ်းဆီးခံခဲ့ရသည်။ မည်သည့် လုပ်ငန်းမျိုး မဆို ၎င်းကိုယ်တိုင် ခွင့်မပြုက လုပ်ကိုင်ခွင့် မရှိတော့။ ထို့အတွက် စစ်အရာရှိကြီးများ အကြား ငါတို့အလှည့် ဘယ်တော့ ရောက်လာမလဲဟု ဆိုကာ နောက်ကျောမလုံ ဖြစ်လာနေသည်။

 

အရာရှိတဦးသည် ဗိုလ်မှုး အဆင့် တက်လှမ်းလာပါက အခွင့်ထူးများ ခံစားခွင့် ရလာသည်၊ သို့သော် အရာရှိ အရည်အတွက် ဖောင်းပွလာနေ၍ ထင်သလာက် မရ ဖြစ်လာသည်။ ယခင်က ဗိုလ်မှုး တဦးသည် တပ်အင်အား ၁၀၀-၁၅၀ ခန့် အုပ်ချုပ်ရသော်လည်း ယခုအခါ ၅၀ ခန့်သာ ရှိတော့သည်။

 

ထို့အပြင် နေပြည်တော်မှ ခိုင်းစေနေမှုများက များသည်ထက် များလာနေသည့် အပြင် အပြစ်ပေးဖို့လည်း လက်မနှေး ဖြစ်လာနေ၍ အလယ်အလတ် ဆင့် အရာရှိများ၏ ခဲစားပိုင်ခွင့်များ နည်းသည်ထက် နည်းလာနေသည်။ မင်းအောင်လှိုင်၏ လုပ်ရပ်သည် ၎င်းအတွက် ကောင်းလာသော်လည်း တဖက်တွင် မတည်ငြိမ် အောင် ဖန်တီးပေးသလို ဖြစ်လာခဲ့သည်။

 

(၅)

 

စစ်တပ်သည် မကြာမီ အတောအတွင်း ပြိုလဲသွားဖို့ မရှိသော်လည်း လွန်စွာ မှ အထိမခံ ရွှေပန်းကန် ဖြစ်လာနေပြီး ရှေ့လျောက်လည်း အရှုံးများ နှင့် ရင်ဆိုင်ရဖို့ ရှိလာနေသည်။ နောက်ဆုံးတွင်တော့ အဓိက နေရာတွင်ရှိ တပ်မမှုး များ ၏ အတွက်အချက်များ ပြောင်းလဲလွားပြီး ပြိုလဲသွားခြင်း၊ သို့မဟုတ် အသွင် ပြောင်းလာခြင်းမျိုး ဖြစ်လာနိုင်ပေသည်။

 

မည်သည့် အချိန်တွင် ဖြစ်လာနိုင်မည် ဆိုသည်ကိုကား ခန့်မှန်းရန် ခက်ခဲနေဆဲ ပင် ဖြစ်သည်။

 

သို့သော် သဘောတရားရေး၊ လူမှုရေး နှင့် စီးပွားရေး အကျိုးရလဒ်များ ကွယ်ပျောက်လာသည့် အခါမျိုး နှင့် တိုက်ပွဲများတွင် သေကြေဒဏ်ရာ ရနိုင်သည့် ဖက်က အလေးသာ လာ ချိန် တွင်တော့ စစ်သားများ အဖို့ ရွေးချယ်စရာ လမ်းမရှိတော့ပဲ လှုပ်ရှားလာကြတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!