နိုင်ငံ အနာဂတ် သည် တော်လှန်ရေး အပေါ် မူတည်နေဟု ဆို

by Hla Soewai - Oct 10 2024

ယနေ့ နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင်တော့ AP သတင်းဌာန အား ကိုးကားပြီး စစ်ကောင်စီ သည် ပြည်တွင်း စစ်မီးကြီး တဟုန်းဟုန်း တောက်လောင်နေသည့်ကြားမှ သန်းကောင်စာရင်း ကောက်ယူမှု ကို သတ်မှတ်ထားသည့် ရက်ထက်ပင် တရက် စော၍ ကောက်ယူ လာသည် ဆိုသော သတင်းကို တအံ့တဩ ဖေါ်ပြလာကြသည်။

 

ထိုသို့ နိုင်ငံ အနှံ့ ခုခံ တွန်းလှန်မှု များ နှင့် ရင်ဆိုင်နေရချိန်တွင် ၎င်းတို့ ကောက်ယူသည် ဆိုသော စာရင်းသည် မည်မျှထိ မှန်ကန် တိကျမှု ရှိနိုင်ပေမည်နည်း ဆိုသည်ကို လည်း မေးခွန်းထုတ်လာကြသည်။

 

ယင်း နှင့် အတူ စစ်ကိုင်းတိုင်း ဘုတလင် မြို့နယ် အတွင်းရှိ ကျေးရွာများကို ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော မင်းအောင်လှိုင် သစ္စာခံ တပ်များအား တော်လှန်ရေး တပ်များက စစ်ကြောင်း တကြောင်းလုံး တယောက်မကျန် ချေမှုန်းနိုင်လိုက်ပြီ ဆိုသော သတင်းများကို ပြည်တွင်း မီဒီယာ များ တခမ်းတနား ဖေါ်ပြ ရေးသားလာကြသည်။

 

ထို့အပြင် ကချင် လွတ်လပ်‌ ရေး တပ်များသည်လည်း ချိဖွေ မြို့ကို သိမ်းပိုက် နိုင်ခဲ့ခြင်းကြောင့် တရုတ်တို့ သည်းခြေ ကြိုက် ‌ရှားပါး မြေသား သတ္တုတွင်းများကို ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဆိုသော သတင်း နှင့် အတူရက္ခိတ တပ်တော်သည် အမ်း မြို့သိမ်း တိုက်ပွဲ ကို စတင်လာပြီ ဖြစ်သည်ဟုလည်း သတင်းများက ဆိုသည်။

 

ထိုင်း တာဝန် ရှိသူများက မြန်မာ၏ ပြည်တွင်းစစ် ကြောင့် ၎င်းတို့ဖက်သို့ ဝင်ရောက်လာသော တရားမဝင် မူးယစ်ဆေးဝါး ပမာဏ များသည် ထက် များလာနေပြီဟု ထုတ်ဖေါ်ပြောဆိုလာသည့် ရိုက်တာ သတင်းလည်း ပါရှိလာသည်။ မူးယစ်ဆေးများ အလျှံပယ် ဖြစ်လာနေခြင်းကြောင့် ဈေးကွက် တွင် ဈေးများပင် ကျဆင်းလာနေသည်ဟု ဆိုသည်။

 

စစ်အုပ်စုသည် အာဏာ ကို ဆုပ်ကိုင်ထားနိုင်မှု ပြေလျော့လာသည် နှင့် အတူ အတွင်းတွင်လည်း မကျေနပ်မှု များ နှင့် အက်ကြောင်းထလာပြီး ၎င်းတို့၏ ကမူးရှူးထိုး နှင့် ရက်စက် ကြမ်းကြုပ်မှု များကြောင့် ဝိုင်းပယ်ခံနေရ၍ တဖြေးဖြေး နှင့် လုံးပါး ပါးလာနေပြီ ဖြစ်သည်ဟု Observer Research Foundation (ORF) ၏ စစ်တမ်းတွင် ဖေါ်ပြထားသည်။

 

ကျဆုံး၊ ထွက်ပြေး၊ လက်နက်ချသူ များလာနေ၍ တပ်အင်အား ကို နည်းနည်း နှင့် ကျဲကျဲ ဝိုင်းနေရပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန် ကဲ့သို့ မြို့ကြီး တဝိုက် တွင် စုစည်း ပြီး ခံစစ်အတွက် ပြင်ဆင်ရင်း တဖက်မှလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

 

လားရှိုး အားလည်း ညစဉ်လို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက် နေသည့် အတွက် မြို့ခံများ နောက်တကြိမ် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး ရှမ်းမြောက် တခွင်တွင် တိုက်ပွဲ များ အချိန်မရွေး ဖြစ်ပွားလာနိုင်ပေသည်။

 

၎င်းတို့ဖက်က အမည်အမျိုးမျိုး ပေးကာ ဆင်နွှဲလာသော ထိုးစစ် များသည်လည်း စိတ်ဓါတ် အင်အား နှင့် လူထု ထောက်ခံမှု မရ၍ အောင်မြင်နိုင်မည့် အလား အလာ မရှိဟု ORF က ဆိုသည်။

 

၎င်းတို့၏ ရွေးကောက်ပွဲ သည်လည်း ပဋိပက္ခများ ပြေလည်ရာ ပြေလည်ကြောင်း တခုတည်းသော နည်းလမ်းဟု ဆိုကာ နိုင်ငံတကာ အား ချွေးသိပ် အချိန်ဆွဲလို၍သာ ဖြစ်သည်။

 

စစ်ဖက် အရာရှိများအကြားလည်း မ‌ကျေမနပ် ဖြစ်လာနေသည့် အတွက် နောက်ထပ် အာဏာ သိမ်း ပွဲမျိုး ဖြစ်လာနိုင်သည်ဟု ဆိုသည်။

 

ရှေ့လျောက် မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ကို ရေရေရာရာ ပြောနိုင်ခြင်း မရှိသော်လည်း လက်ရှိတွင်မူ တော်လှန်ရေး ဖက်က အရေးသာနေပြီ ဖြစ်သည်ဟုလည်း ရေးသားထားသည်။ နိုင်ငံ အနာဂတ် သည် ထိုအခြေအနေ ကို ရှေ့လျောက် ဆက်၍ အမိအရ ဖမ်းဆုပ် နိုင်ခြင်း ရှိမရှိ ဆိုသည် အပေါ် မူတည်နေသည်ဟု သုံးသပ်ထားသည်။

 

စစ်ဗိုလ်ချုပ်များက ၎င်းတို့ အာဏာသိမ်းမှု ကို ၁၉၈၈ နှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကဲ့သို့ ရက်တိုတို အတွင်း နှိမ်နှင်း နိုင်မည်ဟူသော အတွေး ဖြင့် အလွယ် လုပ်ခဲ့ကြသည့် အမှား အတွက် ၎င်းတို့ အသက်ရှင်နေသမျှ အိပ်ကောင်းခြင်း မအိပ်ရ စားကောင်းခြင်း မစားရသည့် အဖြစ်မျိုး နှင့် ရင်ဆိုင်သွားကြရပေတော့မည်သာ ဖြစ်သည်။

 

ရွေးကောက်ပွဲ မတိုင်မီ ကာလ များသည် မင်းအောင်လှိုင်၏ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးလာတော့မည် ဖြစ်သည်။

 

ဤသည်ကလည်း နိုင်ငံတော် ဆိုသည်ကို လက်တွေ့ကျကျ ဆင်ခြင် သုံးသပ် နိုင်စွမ်း မရှိပဲ လူအဖွဲအစည်း တရပ်လုံးကို လက်နက်အားကိုးဖြင့် အမိန့်ပေး၊ အမိန့်ခံ အုပ်ချုပ်၍ ရသည် ဟု တလွဲတချော် ယူဆခဲ့ကြ၍ လည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!