သန်းကောင်စာရင်း လော၊ တောခြောက်ခြင်းလော

by Hla Soewai - Oct 10 2024

စစ်ကောင်စီ သည် သန်းကောင်စာရင်း ကောက်ယူ မှု အား ရွေးကောက်ပွဲ အတွက် အထောက်အကူ ဖြစ်စေရန် ဟု ပြောလာသော်လည်း အဓိကအားဖြင့် ၎င်းတို့ နှင့် ဆန့်ကျင် သဘောထား ကွဲလွဲနေသူများကို ထုတ်ဖေါ် ဖို့ ဖြစ်ဖွယ်ရှိသည်ဟု Mary Callahan မှ Frontier Myanmar တွင် ရေးသားလာခဲ့သည်။

 

မေရီ ကာလာဟန်သည် ဝါရှင်တန် တက္ကသိုလ် ကြီး၏ နိုင်ငံ တကာ လေ့လာရေးဌာန ဖြစ်‌ သော The Henry M. Jason School တွင် တွဲဖက် ပါမောက္ခ တဦး ဖြစ်သည်။ သူမသည် မြန်မာ စစ်တပ်၏ လုပ်ပုံ ကိုင်ပုံ တွေးခေါ်ပုံ များနှင့် ကောင်းစွာ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်ပြီး ၎င်းတို့နှင့် ပတ်သက်၍ "Making Enemies: War and State Building in Burma" စာအုပ်အား ရေးသား ပြုစု ထုတ်ဝေခဲ့ပြီး၊ မြန်မာ နှင့် ပတ်သက်၍ နှစ်ပေါင်း သုံးဆယ် ခန့် သုတေသန လုပ်နေသူ ဖြစ်၍ သူမ၏ အမြင်ကို ပေါ့ပေါ့ဆဆ သဘောထား၍ မဖြစ်ပေ။

 

သူမ၏ ဆောင်းပါးအား ကောက်နှုတ် ဖေါ်ပြရမည် ဆိုလျှင် သန်းကောင်စာရင်း ဆိုသည်ကို တိုင်းပြည် ရှိ လူအများစု စားရမဲ့ သောက်ရမဲ့ ဖြစ်နေချိန် ဖြစ်နေသော်လည်း နေပြည်တော်ရှိ စစ်အုပ်စု သည် ထိုသို့ သော အခြေအနေများ နှင့် မသိသား ဆိုးဝါးစွာ အလှမ်းကွာနေပြီး စဉ်းစားဆင်ခြင်ဉာဏ် မဲ့လာသည် နှင့် အမျှ တဇောက်ကန်း လုပ်လာနေသည်။

 

၂၀၂၂ ဇန်နဝါရီ နှင့် ၂၀၂၃ ဇန်နဝါရီလ များ အတွင်း ပြုလုပ်ခဲ့သော လူဦးရေ စစ်တမ်း မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ယခုအခါ စီစဉ်လာမှု သည် စာရွက်ပေါ်တွင် ပို၍ တက်တက်ကြွကြွ ဖြစ်လာနေသည်။ နိုင်ငံတဝှမ်း နယ်မြေ ၁၁၀,၀၀၀ ခွဲကာ လုပ်အားပေး ၄၂,၀၀၀ ဖြင့် ကောက်ယူသွားမည်ဟု ဆိုလာသည်။

 

တကယ်တမ်းတွင် မူ နိုင်ငံ အနှံ့အပြား ၎င်းတို့ ထိန်းချုပ်မှု အောက်တွင် မရှိတော့၍ ရန်ကုန်၊ မန္တလေး တလျောက်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ထက် ကျော်လွန်လာဖို့ မရှိပေ။ သို့သော် အချက်အလက်များ ကို မူ ရည်မှန်းချက် ကြီးကြီး ဖြင့် စစ်စစ်ပေါက်ပေါက် ကောက်ယူ ကြဖို့ ရှိနေပြီး မေးခွန်းပေါင်း ၆၈ ခု ပါဝင်နေသည် ဟု သိရသည်။

 

ယခင် စာရင်းကောက်ယူမှု များ အတွက် ‌ဒေါ်လာ ၇ု၄ သန်း ကုန်ကျခဲ့ပြီး အများအားဖြင့် အနောက်နိုင်ငံများက ကျခံခဲ့သည်။ ကုလသမဂ္ဂ လူဦးရေ ဖွံဖြိုးမှု ရံပုံငွေ မှလည်း ပံ့ပိုးပေးခဲ့သည်၊ ယခု စစ်ခေါင်းဆောင်များ လက်ထက် တွင် မည်သူကမျှ တပြားတချပ်မှ မပေးတော့သည့် အပြင် ကုလ မှလည်း အကူအညီများ ထွက်မလာတော့၊ ထိုအနေအထား တွင်ပင် စစ်ခေါင်းဆောင်များ က မဖြစ်မနေ လုပ်လာသည်။

 

အစိုးရ စာသင်ကျောင်းများမှ ဆရာဆရာမများသည် တရုတ်လုပ် ဈေးပေါပေါ tablet များ ဖြင့် တအိမ်တက်ဆင်း လိုက်လံမေးမြန်း စုံစမ်းပြီး စာရင်း ကောက်ယူမည် ဖြစ်ပြီး ချက်ခြင်း ဆိုသလို ပင် စစ်တပ် ကွန်ပြူတာ database ထဲ ဝင်သွားမည် ဖြစ်သည်။

 

ဆရာဆရာမ များလည်း မည်သို့မျှ မတတ်သာ၍ စစ် အုပ်ချုပ်သူ များ အလိုကျ လိုက်လုပ်ပေးကြရဖို့ ရှိနေသည်။ ၎င်းတို့ အတွက် လုံခြုံရေးဟူ၍ ရဲများ နှင့် လဝက ဝန်ထမ်းများသာ ရှိသည်။ ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်က ရပ်ကွက် လုံခြုံရေးဟု ဆိုကာ ဆွဲသွင်း ခံထားရ‌ သော အသက် ၃၅-၆၅ အရွယ် များ လိုက်လာဖို့ ရှိနေသည်။

 

သန်းကောင်စာရင်း နှင့် ပတ်သက်၍ သီအိုရီ အားဖြင့် ရရှိသော အချက်အလက်များကို အခြား အဖွဲ့အစည်း တခုခု သို့ လွှဲပြောင်းပိုင်ခွင့် မရှိပဲ လျို့ဝှက်ထားရမည် ဖြစ်သော်လည်း မင်းအောင်လှိုင်ကမူ မဲစာရင်း အတွက် အသုံးဝင်သည်ဟု ပြောလာသည်။

 

ထိုသို့ မဲစာရင်း ဆိုသည့် စကားကို မင်းအောင်လှိုင် တွင်တွင် ပြောလာနေခြင်းမှာလည်း ယင်းကို ရမယ်ရှာပြီး အာဏာသိမ်းထားခြင်းကြောင့် ပင် ဖြစ်သည်။ လူ ဆယ်သန်း ခန့် မဲစာရင်း မှားနေသည်ဟု စစ်တပ်၏ သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့မှ ချပြလာသည်။

 

ထိုသို့ ချပြလာသော စာရင်း သည် ၂၀၁၅ မဲဆန္ဒရှင် စာရင်းအား ၂၀၂၀ ဟု ခေါင်းစဉ်တပ်လာခြင်း ဖြစ်သည့် အပြင် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ မိမိတို့ အမည် ပါမပါ စီစစ်ရန် ချပြထားသည့် စာရင်းများသာ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ သတင်းမှန် ပြန်ကြားရေး အဖွဲ့ သည်၂၀၂၀ မဲဆန္ဒရှင် စာရင်းအတွက် အသုံးပြုထားသည့် Excel ဆော့ဝဲယား အား လည်း ဂဃနဏ နားလည်ပုံ မရပေ။

 

ရွေးကောက်ပွဲ မဲစာရင်း အတွက် ဆိုလျှင် မေးခွန်း ၆ ခု မှ အလွန်ဆုံး ၁၀ ခု ထိသာ လိုပြီး ယခုလို ၆၈ ခုထိ မလိုအပ်သဖြင့် ‌ရွေးကောက်ပွဲ အတွက် ရည်ရွယ်ခြင်း မဟုတ်ပေ။ အဓိက အားဖြင့် တော်လှန်ရေး ကို ချေမှုန်းရန်၊ လူထု ကို ခြိမ်းခြောက်ရန် နှင့် ၎င်းတို့ အကြား ခိုအောင်းနေမည့် ပုန်ကန်နေသူများ ကို တောခြောက်သလို ခြောက်ထုတ်ရန်ပင် ဖြစ်သည်။

 

နေပြည်တော်ရှိ ခြောက်လုံးပြူး ခါးချိတ်ပြီး လူထု နှင့် ကင်းကွာနေသော မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များ မျက်ခြေ ပြတ်နေသည်က သာမန် ပြည်သူတို့ ရုန်းကန် နေထိုင်နေကြရသည့် ဘဝများပင် ဖြစ်သည်။

 

မြန်မာ ပြည်တွင် ၎င်းတို့ အာဏာသိမ်းမှုကြောင့် အနေအစား မပျက် ရှိနေသူများဟူ၍ မဆိုသလောက်သာ ရှိပေသည်။ လူထု ကြီး အဖို့က မရေရာသည့် အနာဂတ် နှင့် လုံခြုံမှု မရှိသည့် ဘဝ ဖြင့် တထွာသော ဝမ်းအတွက် ရုန်းကန်နေကြရသည်။ ထို့အတွက် ကြောင့်လည်း ကွန်ပြူတာ ချပ်ပြား များ ကိုင်ပြီး လူတပြုံတမကြီး ၎င်းတို့ နေထိုင်ရာ အိမ်များ ထဲ ရောက်လာကြမည့် အရေးကို မထိတ်လန့်ပဲ မည်သူ ရှိပေမည်နည်း။

 

အထူးသဖြင့် စီဒီအမ် လှုပ်ရှားမှု နှင့် ဆက်စပ်နေသော မိသားစုများ ပင် ဖြစ်သည်။ အလုပ်အကိုင် နှင့် ပတ်သက်ပြီး မေးခွန်း ၁၆ ခု ပါဝင်နေသည်။ ထို့ထက် ပို၍ အန္တရာယ် ရှိနေသည်က တော်လှန်ရေး ထဲ ပါဝင်နေသူများ၏ မိသားစုများပင် ဖြစ်သည်။ ဘယ်ရောက်နေလဲ၊ ဘာအတွက် မရှိသလဲ ဆိုသည့် မေးခွန်းများ ဖြေဆိုကြရပေတော့မည်၊ ထို့အပြင် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသူများထံမှ ဟွန်ဒီ ဖြင့် ငွေလွှဲသည်ကို လက်ခံနေမှု များလည်း ပေါ်လာတော့မည် ဖြစ်သည်။ ထိုအရေးကို နှိမ်နှင်းရန် စစ်ကောင်စီ ကြိုးပမ်းနေသည်မှာ ကာလ ကြာမြင့်ကတည်းက ဖြစ်သည်၊ ပြည်ပသို့ ရွှေ့ပြောင်းသွားမှု များ နှင့် စပ်လျှင်းပြီး မေးခွန်း ၆ ခု ပါရှိပြီး၊ အိမ်ရှိ ပစ္စည်း စာရင်း၊ ဘယ်လို ဘယ်နည်း ရသည် ဆိုသည် နှင့် ပတ်သက်သည့် မေးခွန်း ၆ ခု ပါနေပြန်သည်။

 

ထို့အတွက် သန်းကောင်စာရင်းသည် ထောက်လှန်းရေး လက်နက် အဖြစ် အသုံးချ၍ ရနေသဖြင့် မင်းအောင်လှိုင် အဖို့ နှောင့်နှေးနေ၍ မဖြစ်ဟု ယူဆလာသည်။ နိုင်ငံ တဝှမ်း ဆိုးရွားသော ရေဘေးဒဏ် ခံနေရသည့် ကြားမှပင် ရေဘေးသင့် လူထု အား ခိုလှုံရာ စခန်းများမှ အမြန်ဆုံး နေရပ် ပြန်ပို့ရန် ညွှန်ကြားလာသည်။

 

တော်လှန်ရေး ဘက်တော်သားများက လူထု အား သန်းကောင်စာရင်း ကောက်ယူရေးတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန် လှုံ့ဆော်နေသည်။ မဖြစ်မနေ ဆိုက အချက်အလက် များ တလွဲတချော် ဖြေကြရန် နှင့် စာရင်းကောက်သူများအား အကြမ်းဖက် မည်ဟု ခြိမ်းခြောက်လာကြသည်။

 

ပွဲဦးထွက် အဖြစ် အင်းစိန် မြို့နယ် ရှိ ရာအိမ်မှုး မင်းမင်းထွန်း အား မရဏမင်းထံ ပို့ဆောင်ပေးခဲ့ကြသည်။

 

စစ်တပ်လိုလားသူများကလည်း အကြမ်းဖက်လာသူများကို လက်တုန့်ပြန်ရန် အချင်းချင်း လှုံ့ဆော်လာကြသည်။

 

ပြည်သူများက စစ်တပ်၏ လုပ်ငန်းစဉ်ကို သပိတ်မှောက်မည်ဆိုက ၂၀၁၃ သန်းကောင်စာရင်း ဥပဒေအရ အပြစ်ဒဏ် ကျခံရဖွယ် ရှိနေသည်။

 

စစ်တပ်ဖက်က တော့ ‌၎င်းတို့ပိုင် မီဒီယာများ၊ လမ်းဘေး ဆိုင်းဘုတ်ကြီးများ ထောင်ကာ အကြီးအကျယ် လှုံ့ဆော် လာနေပြီ ဖြစ်သည်။ ပြည်သူများဖက်က ဝမ်းတထွာ အတွက် လျှာထွက်မတတတ် ရုန်းကန်နေရချိန်တွင် ထိုသို့သော အပြုအမူများ ကြောင့် ပို၍ ဒေါသထွက်လာနေကြသည်။

 

"အကြမ်းဖက် သမားများ" ရန်မှ နိုင်ငံကို ကာကွယ်ရန် မိဘ နေရာ တွင် ရှိသည် ဆို‌ သော မင်းအောင်လှိုင် နှင့် အဖွဲ့ အနစ်နာခံနေကြသည် ဆိုသော စိတ်ကူးယဉ် စကားရပ်များက သာမန် ပြည်သူ အများစု၏ ခံနိုင်ရည် ပမာဏ ထက် ကျော်လွန် နေပြီ ဖြစ်သည်။

 

ယခင် ၁၉၇၃, ၁၉၈၃, နှင့် ၂၀၁၄ သန်းကောင်စာရင်း များ ကောက်ယူခဲ့ရာတွင် မေးခွန်းအနည်းငယ်သာ မေးမြန်းပြီး ကျန်သည်များအား မှန်းဆပြီး ဖြေ့ခဲ့ကြသည်သာ များသည်။ ယခု လုံခြုံရေး အခြေအနေအရ မေးခွန်း ၆၈ ခု အား မေးမြန်းရန် မိနစ် နှစ်ဆယ်သာ အချိန်ပေးထားသည့် အတွက် စစ်ကောင်စီ အဖို့ သုံးစားမရသည့် အချက်အလက်များသာ ရသွားဖို့ ရှိနေသည်။

 

ထို့အတွက် သန်းကောင်စာရင်း ကောက်ယူမှု သည် တမင်တကာ ဖျက်လိုဖျက်စီး လုပ်စရာ မလိုပဲ သူ့အလိုလို ပျက်စီးသွားမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!