တရုတ် တို့၏ စင်တင် ပြဇာတ်ကြီး

by Hla Soewai - Oct 10 2024

တရုတ် အစိုးရသည် လက်ရှိ အနေအထားတွင် ကြားဝင် စေ့ဆပ် ပေးလိုလျင် ပေးလို့ရသည့် အနေအထား တွင် ရှိသော်လည်း မြန်မာ အရေးအား တရုတ်-အမေရိကန် အားပြိုင်မှု ဆိုသော ဇာတ်ထုတ်ကြီး တွင် ရေစုံမျော လိုက်ပါလာနေပြီး ကမ်းမမြင် လမ်းမမြင် ကူးခတ်နေဆဲပင် ဖြစ်သည်။ ထို့ အတွက် အလိုလို နေရင်း ဟိုဖက် ဒီဖက် ပိုင်းခြား ပေးလိုက်သလို ဖြစ်သွားရသည်။

 

တကယ်တမ်းတွင် အမေရိကန် တို့ ပါဝင် ပတ်သက်မှု သည် မပြောပလောက် ဆိုသည်ကို ထိုင်းဖက်ခြမ်း တွင် ‌ခြေချင်းလိမ်နေသော တရုတ် ထောက်လှန်းရေး မှ မသိပဲ နေမည် မဟုတ်ပေ။

 

တဖက်တွင်လည်း တရုတ် စစ်ဖက်၊ ပြည်သူ့ လုံခြုံရေး ခေါ် ပြည်ထဲရေး၊ နိုင်ငံခြားရေး ဌာန မှ အရာရှိများက ‌၎င်းတို့နှင့် ပလဲနံပ သင့်သော တိုင်းရင်းသား အဖွဲ့များ နှင့် နေ့စဉ်လို နီးနီးကပ်ကပ် ဆက်သွယ် ပြောဆိုလျက် ရှိသည်၊ ဤသည်ကလည်း မြန်မာ စစ်‌ခေါင်းဆောင်များ၏ လိမ်လည် လှည့်ဖျားသည့် သဘောသဘာဝ ကို ကောင်းစွာ သိရှိထားယုံမက ၎င်းတို့သည် ကိုယ်ကျိုးရှာ သမားများ၊ စီးပွားရှာလိုသူများသာ ဖြစ်၍ တိုင်းပြည် ငြိမ်ဝပ်ပိပြား မည် ဆိုလျင်ပင် ၎င်းတို့ ကောင်းစားဖို့ လုပ်ပေးသလို ဖြစ်မည်ဟု တရုတ်ဖက်က ယူဆထား ခြင်း ကြောင့် ဖြစ်သည်ဟု ဟောင်ကောင် တက္ကသိုလ် ခေတ်ပြိုင် တရုတ် နှင့် ကမ္ဘာရေးရာ ကျွမ်းကျင်သူ တွဲဖက် ပါမောက္ခ Brian Wong က China-US Focus စာစောင်တွင် ရေးသားထားသည်။

 

တရုတ်ဖက်မှ မြန်မာ ရေဘေး အတွက် ထိထိရောက်ရောက် အကူအညီ မပေးခဲ့သည်မှာလည်း ထိုအကြောင်းများ ကြောင့်ပင် ဖြစ်မည်။

 

မြန်မာ ဗိုလ်ချုပ်များဖက်ကလည်း တရုတ်သည် နှစ်ဖက် ခွချက်နေသည်ဟု ယူဆထားကြပြီး ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်၏ လက်ရှိ မဟာဗျူဟာ သည် မြေပြင် တပ်များ ထိုးစစ် ဆင်နိုင်ရန် အတွက် ရန်သူ ခံစစ် အားပျော့သွားစေရန် ရည်ရွယ်သည့် အနေဖြင့် ၎င်းတို့ အခိုင်အမာ တပ်စွဲထားရာ သို့မဟုတ် လှုပ်ရှား နယ်မြေ များကို ရည်ရွယ် ဗုံးကြဲ တိုက်ခိုက် နေခြင်း မျိုး မဟုတ်တော့။

 

၎င်းတို့ ဆုံးရှုံးသွားသော မြို့ရွာ များကို လက်စားချေ သင်ခန်းစာ ပေးသည့် အနေဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဆိုသည်က သိသာ ထင်ရှားလာသည်။

 

လားရှိူး လူနေ ရပ်ကွက် များ အားလည်း ပေါင် ၅၀၀ ဗုံးများဖြင့် ဆက်လက် ကြဲချ တိုက်ခိုက်နေဆဲပင် ဖြစ်သည်။

 

သင်ခန်းစာ ဆိုသည်မှာ တော်လှန်ရေး တပ်ပေါင်းစု များ မြို့ရွာ များကို သိမ်းပိုက်လာမည့် အရေးကို ၎င်းတို့ ခုခံ ကာကွယ် နိုင်စွမ်း မရှိတော့၍ ဒေသခံ လူထု က ဝိုင်းဝန်း ဆန့်ကျင်လာဖို့ ရန်တိုက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုသို့ အိမ်ကြက်ခြင်း အိုးမည်း သုတ် ခွပ်ခိုင်း‌ နေသည့် ၎င်းတို့၏ ဗျူဟာ အား ပြည်သူတရပ်လုံးက ရိပ်စားမိနေပြီ ဖြစ်သည်၊ တသက်လုံး စစ်ကျွန် ဘဝ ဖြင့် နေသွားရမည့် အရေးသာမက ရှေ့လျောက်လည်း မိမိတို့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မည်သို့မျှ ဖန်တီးပေးနိုင်းစွမ်း ရှိမည် မဟုတ်သည့် ခေါင်းဆောင် အောက်တွင် တဖြေးဖြေး ပရုပ်လုံး ဘဝ ဖြင့် လုံးပါး ပါးရတော့မည့် အဖြစ်ကို တနေ့ထက် တနေ့ ရှင်းလင်းစွာ သိမြင်လာကြပြီးလည်း ဖြစ်သည်။

 

၎င်းတို့အား အပြီးအပိုင် ဖယ်ရှားနိုင်ရေးသည် မိမိတို့ နှင့် တကွ သားမြေးများ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးလာနေပြီ ဖြစ်သည်။ ထို့အတွက် ၎င်းတို့ ဗုံးကြဲလေလေ၊ ပို၍ နာကျည်း လေလေ ဖြစ်လာပြီး ဝိုင်းဝန်း တိုက်ထုတ်နိုင်မှသာ ဖြစ်မည် ကို သဘောပေါက်လေလေ ပင် ဖြစ်သည်။

 

မကြာမီ စတင်ရန် ရှိသည့် သန်းကောင်စာရင်း ကောက်ယူမှု အား အကြမ်းဖက် စစ်ကောင်စီ နှင့် မပူးပေါင်းရေး လူထု လှုပ်ရှားမှု အသွင်ဖြင့် လှုံ့ဆော်မှု များ ပြင်းထန်လာနေပြီ ဖြစ်သည်။

 

နိုင်ငံတွင်းရှိ ပြည်သူ ၅,၀၀၀ ခန့် ၎င်းတို့လက်ချက်ဖြင့် အသက်ဆုံးရှုံးလာ‌ နေသည် နှင့် အမျှ ကမ္ဘာ တဝှမ်း မှ သံခင်းတမန်ခင်းများ လှုပ်လှုပ်ရှားရှား ဖြစ်လာနေပြီး ကုလ လူ့အခွင့် အရေး ညှိနှိုင်းရေး တာဝန်ခံ တွန် အင်ဒရူးသည် ဩစတေးလျှ သို့ တရားဝင် ခရီးစဉ် အဖြစ် အောက်တိုဘာ ၁ ရက် မှ ၁၀ ရက် နေ့ အထိ နေထိုင်ပြီး ဩစတေးလျှ အစိုးရ အရာရှိများ နှင့် မြန်မာ အရေး အပေါ် ၎င်းတို့၏ ရှူမြင် သုံးသပ်ချက်များ အပေါ် ‌ဆွေးနွေးသွားမည် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

၎င်းရောက်ရှိနေသည့် ရက်များ အတွင်း ဆစ်ဒနီ နှင့် မဲလ်ဘုန်း မြို့များ ရှိ မြန်မာ့အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများ၊ မြန်မာ လူထု နှင့်ပါ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေသည်ဟု သိရသည်။

 

၎င်းတို့အား သံတမန်ရေး၊ စစ်ရေး နှင့် စီးပွားရေးအရ ဘက်စုံ ထိုးနှက်လျက် ရှိသော်လည်း ဆက်၍ ကုပ်ကပ်နေဆဲ ဖြစ်၍ စစ်အနိုင်တိုက်ရေး လမ်းကိုသာ ပြည်သူများ နှင့် လက်တွဲပြီး တစိုက်မတ်မတ် လျှောက်လမ်းကြဖို့သာ ရှိပေတော့သည်။

 

စစ်ကောင်စီ ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု သည် မည်သို့မျှ စိတ်ရင်းကောင်းနှင့် မဟုတ်၊ ရိုးသားမှု လည်း မရှိဆိုသည်က လူတိုင်း အသိပင် ဖြစ်၍ စဉ်းစားနေစရာ ပင် မလိုအောင် ဖြစ်လာသည်။

 

ယမန်နေ့ နံနက် ၂:၂၀ ခန့်တွင် မန္တလေး ပြည်သူ့ ပျောက်ကြား တပ်ဖွဲ့များက ၎င်းတို့ ကင်းအထပ်ထပ် ချထားသော လုံခြုံရေး စည်းအတွင်းသို့ ထိုး‌ဖောက် ဝင်ရောက်ပြီး မန္တလေး နန်းတော် အတွင်းရှိ ရန်သူ၏ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် အား ၁၀၇ မမ ရှော့တိုက်ဒုံး များ ဖြင့် အောင်မြင်စွာ ပစ်ခတ် လိုက်ခြင်းဖြင့် ၎င်းတို့၏ ရွှေရည်စိမ် ငြိမ်းချမ်းရေး ခေါ်သံကို အဖြေပေးလိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!