ဒေါ်လာ ကို မူတည်ပြီး နိုင်ငံများ မှ ငွေကြေး ကို မူသေ သတ်မှတ်လာသည့် ခေတ်သည် ကုန်ဆုံးသွားပြီး နောက် မိမိနိုင်ငံ၏ ငွေကြေး ဆိုင်ရာ မူဝါဒ ကို စိတ်ကြိုက် ရွေးချယ် လုပ်ကိုင်ခွင့်များ ရှိလာခဲ့ကြသည်။ နိုင်ငံ အများစုသည် ငွေတန်ဖိုးကို မူသေ သတ်မှတ်ထားသည့် စနစ်ကို စွန့်လွှတ်ခဲ့ကြပြီး ဈေးကွက် ပေါက်ဈေး ကို လက်ခံလာကြသည်။
ဆိုလိုသည်က ဈေးကွက်က တဒေါ်လာလျှင် ဈေး မည်ရွေ့မည်မျှ ပေါက်သည်ဟု သတ်မှတ်ပေးလာသည်ကို လက်ခံလိုက်ကြခြင်းပင် ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ဗဟိုဘဏ်များကိုလည်း လက်ရှိ အနေအထား နှင့် ကိုက်ညီမည့် ငွေကြေး ဆိုင်ရာ မူဝါဒ ကိုလည်း လွတ်လွတ်လပ်လပ် ပြဋ္ဌာန်းခွင့် ပြုလာခဲ့ကြသည်။
သို့သော် နိုင်ငံတိုင်းက ၎င်းတို့ငွေတန်ဖိုးကို ဈေးကွက်က သတ်မှတ်ပေးလာခြင်းမျိုး ကို လက်မခံခဲ့ကြ။ ဥပမာ အားဖြင့် ဥရောပ နိုင်ငံများသည် ၎င်းတို့၏ ငွေတန်ဖိုးကို ဂျာမန် မတ်ငွေ ဖြင့် ယှဉ်ထိုး သတ်မှတ်လာပြီး နောက်ပိုင်းတွင် ယူရို ဆိုသည့် ဘုံငွေ ကြေး စနစ်ကို လက်ခံ ပြောင်းလဲလာခဲ့ကြသည်။
ငွေတန်ဖိုးကို ဈေးကွက်ပေါက်ဈေး အတိုင်း လက်ခံလာသော အစိုးရ များသည် လည်း ဖြစ်ချင်ရာ ဖြစ် ပုံစံမျိုး တော့ မဟုတ်ဘဲ တခါတရံ တွင် ဈေးကွက် အတက်အကျ ကို ထိန်းညှိနိုင်ရန် နိုင်ငံခြား အရံငွေများကို ထုတ်ရောင်းခြင်း၊ ဝယ်ယူခြင်းများ ပြုလုပ်ပြီး ဝင်ရောက် စွက်ဖက် လေ့ ရှိသည်။ ထိုသို့ ဗဟိုဘဏ်မှ လိုအပ်လျင် လိုအပ်သလို ဝင်ရောက် ထိန်းညှိပေးခြင်းကို managed float စနစ် ဟု ခေါ်သည်၊ ထိုသို့ ဝင်ရောက် စွက်ဖက်ခြင်း မရှိဟု ဆိုက pure float ဟု ခေါ်သည်။
အမေရိကန် သည် အမြဲလို ကုန်သွယ်ရေး တွင် လိုငွေ ပြနေသော နိုင်ငံ ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း အမေရိကန် သည် ၎င်းတို့ တင်ပို့ နိုင်သည့် ကုန်စည် နှင့် ဝန်ဆောင်မှု ပမာဏ ထက် ပို၍ ပြည်ပမှ အမြဲလို တင်သွင်း နေသောကြောင့် ဖြစ်သည်။
ထိုသို့ အမေရိကန်သည် အမြဲလို လိုငွေပြနေသော်လည်း ကမ္ဘာကြီးသည် ဒေါ်လာ အပေါ် ယုံကြည် လက်ခံထားမှု သည် ယုတ်လျော့သွားခြင်း မရှိပေ။ ဤသည်မှာလည်း ဒေါ်လာ သည် သိသိသာသာ တည်ငြိမ်မှု ရှိနေပြီး စီးပွားရေး အနေအထားသည်လည်း ကြံ့ခိုင် နေသည့်အပြင် ၎င်းတို့၏ ပို့ကုန်များကိုလည်း အမြဲလို ဝယ်ယူနိုင် နေဆဲလည်း ဖြစ်သည်။
ကုန်သွယ်ရေး လိုငွေ ပြနေမှု ကြောင့် ဒေါ်လာများ ပြင်ပ သို့ အဝင်ထက် အထွက် ကို ပိုများ လာနေသဖြင့် ကမ္ဘာကြီး အတွက် လိုအပ်နေသော နိုင်ငံခြား အရံငွေများ ထောက်ပံ့ပေးနေသလို ဖြစ်လာနေ၍ နိုင်ငံများ၏ စီးပွားရေး ပို၍ လျင်မြန်စွာ တိုးတက်လာ ခဲ့ကြသည်။
သို့သော်လည်း ကုန်သွယ်ရေး လိုငွေ ပြမှု အလွန်အကျွံ ဖြစ်လာက ဒေါ်လာ အပေါ် ယုံကြည်မှု ကျဆင်းလာနိုင်ပြီး မတည်ငြိမ်မှု များ ဖြစ်လာနိုင်သည်။ နိုင်ငံများသည်လည်း ဒေါ်လာကို ကမ္ဘာသုံး ငွေကြေး တခု အဖြစ် လက်ခံရန် တွန့်ဆုပ်လာကြမည် ဖြစ်သည်။
ထိုသို့ အနေအထားမျိုး ကြုံလာခဲ့လျင် အမေရိကန် ဗဟိုဘဏ် သည် အတိုးနှုန်းကို မြှင့်တင်ပေးလာရပြီး အလုပ်လက်မဲ့ နှုန်း မြင့်တက်လာမည်ကိုလည်း မျက်စိမှိတ် လျစ်လျု ရှုလာခဲ့ရသည်။ ဒေါ်လာ တန်ဖိုး တည်ငြိမ်ရေးအား ပြည်တွင်း စီးပွားရေး တိုးတက်မှု ထက် ပို၍ ဦးစားပေးထားသောကြောင့် ဖြစ်သည်။
လက်ရှိ နှင့် မဝေးလှသော အနာဂတ် တွင် ဒေါ်လာသည် အမေရိကန် နိုင်ငံသုံး ငွေကြေး အဖြစ်သာ မက နိုင်ငံတကာ သုံး ငွေကြေး စနစ် အဖြစ် ဆက်လက် ရပ်တည် နေဦးမည် ဖြစ်သည်။ ထိုသို့ ဆက်လက် ရပ်တည်နေခြင်းကပင် အမေရိကန် အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံ၏ စီးပွားရေး လားရာ ကို ထိန်းချုပ် နိုင်စွမ်း ရှိယုံသာမက မည်သည့် အချိန်တွင် ချေးငှားရမည်၊ ချေးငှားရာတွင်လည်း အခြား နိုင်ငံ များ၏ ငွေကြေး နှင့် မဟုတ်ဘဲ ဒေါ်လာနှင့်သာ ဖြစ်၍ အခြားငွေကြေး တန်ဖိုး ပြောင်းလဲမှု ရှိက ချေးငွေ ပမာဏ မြင့်တက်လာနိုင်သည့် အရေးကိုလည်း ပူပန်စရာ မလိုတော့ပေ။
ဒေါ်လာ ကို ပြည်ပမှ အဝယ်လိုက်လာသည့် အခါ အတိုးနှုန်း ကို လျော့ချ ပေးနိုင်လာ၍ အမေရိကန် အစိုးရ၊ ကုမ္ပဏီ များ နှင့် အိမ်ထောင်စု များ ဖေါဖေါသီသီ ချေးငှား နိုင်စွမ်း ရှိလာကြသည်။ ထို့အတွက်ကြောင့်လည်း ၁၉၆၀ ကျော်လွန် နှစ်များ အတွင်း ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး ဖြစ်ခဲ့သူ ဗယ်လာရီ ဂျီးစကက် ဒက်စတိုင်း က "အထူး အခွင့် အရေး များမတန်မဆ ရထားခြင်း" ဟု လူသိရှင်ကြား ပြောဆိုခဲ့မှု သည် အထူး ရေပန်းစားသွားခဲ့ဖူးသည်။
အချို့က နိုင်ငံတကာ တွင် ဒေါ်လာ အား သည်းခြေ ကြိုက် ဖြစ်နေမှု သည် အကောင်း နှင့် အဆိုး ဒွန်တွဲလာနေသည်ဟု ရှုမြင်ခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော နိုင်ငံများသည် အမေရိကန်၏ ငွေကြေး မူဝါဒ ၏ ရိုက်ခတ်မှု ခံလာရသောကြောင့် ဖြစ်သည်။
အမေရိကန်၏ ငွေကြေး မူဝါဒ ကို ဗဟိုဘဏ် က ကမ္ဘာစီးပွားရေး ၏ လိုအပ်ချက် များ အပေါ် မူတည်ခြင်း မရှိပဲ နိုင်ငံတွင်းရှိ အခြေအနေများ ပေါ် လိုက်၍ သတ်မှတ် ပြဋ္ဌာန်းပေးနေသည်။
ငွေကြေး ဖေါင်းပွမှု ကို ထိန်းချုပ် နိုင်ရန် နှင့် အလုပ်အကိုင်များ အများဆုံး ဖန်တီးပေးနိုင်ရန် အတွက် အတိုးနှုန်းကို လိုအပ်သလို ထိန်းညှိလာသည့် အခါတွင် အခြား နိုင်ငံများ၏ စီးပွားရေး အပေါ် ရိုက်ခတ်မှု ရှိလာသည်။ အထူးသဖြင့် ငွေလဲနှုန်းကို ဒေါ်လာ နှင့် ပုံသေ သတ်မှတ်ထားသည့် နိုင်ငံများ၊ ဒေါ်လာ နှင့် ယူထားသော ချေးငွေများ အမြောက် အမြား ပိုက်မိနေသော နိုင်ငံများပင် ဖြစ်သည်။